၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီ ၁ ရက် မှ မေ ၁၃ ရက်အထိ သွင်းကုန်အုပ်စုအလိုက် ကုန်သွယ်မှုမှ ဒေါ်လာ ၁ ဒသမ ၄ ဘီလျံကျော် အထိရှိနေပြီး တည်ဆောက်ရေး လုပ်ငန်းများကြောင့် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း တင်သွင်းမှုမှ ဒေါ်လာ သန်း ၆၁၀ ကျော်အထိရှိကာ အများဆုံး တင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုတွင် သွင်းကုန်အုပ်စုအလိုက် ကုန်သွယ်မှု၌ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို တင်သွင်းလျက်ရှိသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မေ ၁၃ ရက်အထိ သွင်းကုန်စုစုပေါင်းမှ ဒေါ်လာ ၁၄၆၆ ဒသမ ၅၁၁ သန်း ရှိထားပြီး ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများ တင်သွင်းမှုမှ ဒေါ်လာ ၆၁၄ သန်း ရှိခဲ့သည်။ လုပ်ငန်းသုံးကုန် ကြမ်းပစ္စည်းများ တင်သွင်းမှုမှ ဒေါ်လာ ၄၇၁ ဒသမ၂၃၈ သန်းရရှိခဲ့ပြီး လူသုံးကုန်ပစ္စည်း များ တင်သွင်းမှုမှ ဒေါ်လာ ၃၈၁ ဒသမ ၂၇၃ သန်း ရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
"ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများမှာ ဘိလပ်မြေတို့၊ လယ်ထွန်စက်၊ တယ်လီဖုန်းနဲ့ ဆက်သွယ်ရေး အပိုပစ္စည်း စသဖြင့် စက်နဲ့ စက်အမျိုးမျိုးတွေ ပါဝင်ပါတယ်။ လုပ်ငန်းသုံး ကုန်ကြမ်းမှာတော့ ဂျုံ၊ ဂျုံစေ့၊ ရေနံစိမ်းနဲ့ ရေနံထွက်ပစ္စည်း၊ ဓာတ်မြေသြဇာ၊ ပလတ်စတစ်၊ သံနဲ့ သံမဏိ စတာတွေ ပါဝင်ပါတယ်" ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံတွင် ထုတ်လုပ်မှု အခြေခံ ရင်းနှီးကုန်စည်များ၊ အထူးစီးပွားရေးဇုန် တည်ဆောက်မှု လုပ်ငန်းများအတွက် ရင်းနှီးကုန်စည်များ တင်သွင်းမှုကြောင့် ကုန်သွယ်မှု ပမာဏတွင် သွင်းကုန်တန်ဖိုးက ပို့ကုန် တန်ဖိုးထက် ပိုများနေဆဲဖြစ်ကြောင်း၊ သွင်းကုန်အမျိုးအစားတွင် ရင်းနှီးကုန်စည်၊ လုပ်ငန်းသုံး ကုန်ကြမ်းများနှင့် လူသုံးကုန်စည်များဟူ၍ သုံးပိုင်းရှိသည့်အနက် ရင်းနှီးကုန်စည်သည် ၄၅ ရာခိုင်နှုန်း၊ လုပ်ငန်းသုံးကုန်ကြမ်းမှာ ရာခိုင်နှုန်း ၃၀ နှင့် လူသုံးကုန်စည်မှာ ၂၅ ရာခိုင်နှုန်း အသီးသီးရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် ဖွဲ့စည်းပုံမှာ ပင်မထုတ်ကုန် အနည်းငယ် အပေါ်၌သာ မှီခိုအားထားနေရပြီး ယင်းထုတ်ကုန်များမှာ သယံဇာတများ၊ သဘာဝဓာတ်ငွေ့နှင့် စိုက်ပျိုးရေး၊ ရေထွက်ကုန် စသည်များဖြစ်ကြောင်း သိရသည်။
ပြည်ပကုန်သွယ်မှု ဆောင်ရွက်ရာတွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဆောင်ရွက်သကဲ့သို့ နယ်စပ်ကုန်သွယ်ရေးမှလည်း ဆောင်ရွက်နေကြောင်း သိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများတွင် ကုန်တင်ကုန်ချ အခက်အခဲများကြောင့် အိန္ဒိယဈေးကွက်၏ လိုအပ်ချက် ရှိသလောက် ပဲတင်ပို့နိုင်ခြင်း မရှိဟု သိရ










