တနင်္ဂနွေ အားလပ်ရက် တစ်ရက်မှာ မှတ်စုစာအုပ် အဟောင်းများကို ပြန်လည်ဖတ်ရှု ကြည့်မိသည်။ ကျွန်တော်ဖတ်ခဲ့သည့် စာအုပ်များ၊ နားထောင်ခဲ့သည့် စကားများကို ရေးမှတ်ထားသည့် စာအုပ်ဖြစ်သည်။ ထိုကဲ့သို့ ဖတ်ကြည့်နေရာ စာအုပ်တစ်နေရာ၌ စကားလုံး တစ်လုံးကို သတိပြုမိလိုက်သေးသည်။ 'အလွမ်းတန်ဖိုး' ဆိုပါလား။ ဘေးနားမှာ 'Sentimental Value' ဟု အင်္ဂလိပ်လိုပင် ရေးထားလိုက်သေးသည်။ ဘယ်အချိန်တုန်းက ဘယ်စာအုပ်ဖတ်ပြီး မှတ်ထားလိုက်မိသည် မသိတော့။ အမှတ်တမဲ့ ရေးမှတ်ထားလိုက်ပုံ ရသည်။
'အလွမ်းတန်ဖိုး...' တဲ့။ အလွမ်းမှာ တန်ဖိုးရှိသလား။ 'အလွမ်း' နှင့် 'တန်ဖိုး' ကို ကပ်လျက်ထားကာ ဘာကြောင့်ရေးထား ရပါသနည်း။ စိတ်ထဲမှာ ထူးဆန်းသလို ဖြစ်နေသည်။ အလွမ်းဆိုတဲ့အရာကို တန်ဖိုးသတ်မှတ်လို့ ရသလား။ အလွမ်းမှာ ဈေးနှုန်းအမျိုးမျိုး ရှိသလား။ ဥပမာ-ဒါက ၅၀ ကျပ်တန် အလွမ်း။ ဒါက ၁၀၀ ကျပ်တန် အလွမ်း။ ဒါက ၁၀၀၀ ကျပ်တန် အလွမ်း စသည်ဖြင့်ပေါ့။ ကုန်ပစ္စည်းတွေမှာ ဈေးနှုန်းတန်ဖိုးတွေ ကပ်ထားသလို အလွမ်းကိုရော ထိုကဲ့သို့ ဈေးနှုန်းကပ်ထားဖို့ လိုပါသလား။ ဒါဆိုလျှင် အလွမ်းသည် ရောင်းကုန်တစ်ခုလော။ အလွမ်းကို ဝယ်ယူလို့ ရပါသလား။ အလွမ်းကို ဘယ်စတိုးဆိုင်မှာ ဝယ်ယူရမည်နည်း။
အကယ်၍ အလွမ်းကိုသာ ဝယ်ယူလို့ ရမည်ဆိုလျှင် ကျွန်တော်တို့သည် တစ်ယောက်နှင့် တစ်ယောက် တွေ့သောအခါ 'ငါ့ကို ၁၅၀ ကျပ်ဖိုးလောက် လွမ်းပေးပါ'၊ 'သူ့ကို ၅၀၀ ကျပ်ဖိုးလောက် လွမ်းပေးလို့ရမလား'၊ 'အလွမ်းတွေ ကုန်နေပြီ ၅၀၀၀ ကျပ်ဖိုးလောက် ဝယ်ထားဦးမှ' ဟူသော စကားတွေ ပြောဖြစ်ကြလိမ့်မည်ဟု ထင်ပါသည်။ သို့ဆိုလျှင် အလွမ်းအရောင်းအဝယ် ဈေးကွက်ကြီးတစ်ခု ပေါ်ပေါက်လာနိုင်သည်။ အလွမ်းတွေ အချင်းချင်း အပြန်အလှန် ရောင်းဝယ်ကြ။ အလွမ်းကုန်စည်တွေ ဖလှယ်ကြ။ အလွမ်းသာ ကုန်စည်တစ်ခု ဖြစ်သွားပြီ ဆိုလျှင်တော့ ထုံးစံအတိုင်း 'အလွမ်းဟောင်း'၊ 'အလွမ်းသစ်' ပေါ်လာချေတော့မည်။ 'လတ်ဆတ်သောအလွမ်း'၊ 'ပုပ်သိုးသွားသော အလွမ်း' ဆိုပြီး သတ်မှတ်ကြပေတော့မည်။ လူတွေသည် သစ်လွင်လတ်ဆတ်သော အလွမ်းနောက်သို့သာ ကောက်ကောက်ပါအောင် လိုက်ပေတော့မည်။
ကျွန်တော်သည် 'အလွမ်းတန်ဖိုး' နှင့် ဆက်စပ်ပြီး တွေးချင်ရာရာ တွေးမိရာရာတို့ကို ထိုကဲ့သို့ တွေးချလိုက်မိပါသည်။ တကယ်တော့ 'လွမ်း' ဆိုသော စကားလုံး၏ အပေါ်ယံ ခံစားမှု သက်သက်လောက်ကိုသာ ကျွန်တော် တွေးနေမိခြင်းဖြစ်သည်။ 'လွမ်း'ဟု ဆိုလိုက် သည်နှင့် ချစ်သူအလွမ်း၊ သူငယ်ချင်းအလွမ်း၊ မိဘညီအစ်ကိုမောင်နှမအလွမ်း၊ ဇာတိရပ်ရွာ အလွမ်း၊ ငယ်ဘဝအလွမ်း စသည့် အလွမ်းမျိုး လောက်ကိုသာ ပြေးမြင်နေမိသောကြောင့် ဖြစ်သည်။ 'လွမ်း' ဆိုသော စကားလုံးတို့မှာ ထိုထက်မက အဓိပ္ပာယ်တွေ ကျယ်ဝန်းနိုင်ပါ သည်။ 'လွမ်း'ဆိုသော စကားလုံးကို ဝန်းရံ ပိတ်ဆို့ထားသည့် ကျွန်တော်တို့၏ အဓိပ္ပာယ် ခြံစည်းရိုးတွေကို ဖြိုချလိုက်မည်ဆိုလျှင် 'လွမ်း' သည် နက်ရှိုင်းသည့် အဓိပ္ပာယ်များနှင့် ရွှန်းစိုတောက်ပသော စကားလုံးတစ်ခု ဖြစ်သွားနိုင်ပါသည်။
တကယ်တော့ 'အလွမ်း' သည် အောက်မေ့သတိရ လွမ်းဆွတ်ခြင်းထက်မက ပိုပါသည်။ ဗိုလ်ချုပ်အောင်ဆန်းကို ကျွန်တော်တို့ လွမ်းခြင်းသည် အောက်မေ့သတိရရုံ သက်သက်မကပါ။ ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးသားမှု၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှု၊ အမြော်အမြင်ကြီးမှု စသည့် အရည်အချင်းများကို ချီးကျူးအားကျ ဂုဏ်ပြုလိုခြင်းများသည် ဗိုလ်ချုပ်ကို လွမ်းသော အလွမ်းထဲမှာ ရောနှောပေါင်းစပ် ပါဝင်နေသည်။ ဒါသည်ပင် ဗိုလ်ချုပ်ကို လွမ်းသည့် အလွမ်းတန်ဖိုးဖြစ်သည်။ ထို့အတူ ကွယ်လွန်သွားပြီဖြစ်သော မိဘဘိုးဘွားများကို လွမ်းသည် ဆိုရာမှာလည်း အောက်မေ့သတိရရုံ သက်သက်မကပါ။ မိဘဘိုးဘွားများနှင့်အတူတူ နေထိုင်ခဲ့ရသည့် အတိတ်ကာလ၏ ရုပ်ပုံများကို မြင်ယောင်ကြည့်ရင်း သူတို့၏ ကျေးဇူးဂုဏ်ကို ဆင်ခြင်စဉ်းစားရင်း တစိမ့်စိမ့် တွေးတောနေမှုများသည် အလွမ်းနှင့်အတူ ရောယှက်ပေါင်းစုံ နေနိုင်ပါသည်။ ဒါသည်ပင် မိဘဘိုးဘွားတို့ကို လွမ်းသည့် အလွမ်းတန်ဖိုးဖြစ်သည်။
ဆရာဇော်ဂျီရေးဖွဲ့ခဲ့သည့် ပုဂံကဗျာများကို ပြန်လည်ဖတ်ကြည့်မိတိုင်း နေရာတော်တော်များများ၌ 'လွမ်း' ဆိုသော စကားလုံးကို ဆရာနှစ်နှစ်ခြိုက်ခြိုက် သုံးစွဲကြောင်း သတိပြုမိပါသည်။ ဆရာသည် ပုဂံကို ချစ်မြတ်နိုးသည်။ ပုဂံနှင့်ပတ်သက်သော ရာဇဝင်မှတ်တမ်းများကိုလည်း လေ့လာသည်။ ထို့အပြင် ပုဂံဒေသသို့လည်း အကြိမ်ကြိမ်အခါခါ ရောက်သည်။ ထိုအခါ ပုဂံသည်ဆရာအတွက် 'လွမ်းစရာ့ပုဂံ' ဖြစ်နေပါတော့သည်။ ဆရာသည် ပုဂံရှိ ဘုရားစေတီပုထိုးများကို လွမ်းသည်။ ပုဂံခေတ်က မင်းကောင်းမင်းမြတ်များ၊ သူရဲကောင်းများ၊ ပုဂံသူ ပုဂံသားများကို လွမ်းသည်။
ဆရာဇော်ဂျီသည် သရပါတံခါးနား ရောက်သောအခါ 'သရပါတံခါးဝ၊ ရှေးကာလကို၊ ညီလှလွမ်းမိ၊ အောက်မေ့မိ' ဟု ရေးဖွဲ့ခဲ့သည်။ အပယ်ရတနာဘုရားသို့ ရောက်သောအခါ ကျန်စစ်သားနှင့် အပယ်ရတနာ တို့အကြောင်း ပြန်ပြောင်းစဉ်းစားမိပြီး 'ကြင်နာစရာ၊ လွမ်းစရာဟု၊ ဆိုလာမင်းက၊ မင်းရှင်းပြမှ၊ ငါ့မှာသိရ လွမ်းချင်းလှ' ဟု ရေးဖွဲ့ခဲ့သည်။ ဆပဒစေတီသို့ ရောက်သောအခါမှာလည်း ဆပဒမထေရ်အကြောင်း စဉ်းစားမိပြီး 'ငါ့စိတ်ကူးတွင် ယဉ်ခဲ့မိ၊ လွမ်းချင်သလို ဖြစ်လိုက်မိ' ဟု ရေးဖွဲ့ခဲ့သည်။ ဆရာသည် နန်းဘုရား ရောက်တော့လည်း 'နန်းဘုရားမှာ လွမ်းစရာ' ဆိုပြီး ကဗျာဖွဲ့ပြန်သည်။ အပယ်ရတနာဘုရား ရောက်တော့လည်း 'အပယ်ရတနာ ဘုရားမှာ လွမ်းစရာ' ဆိုပြီး ကဗျာဖွဲ့ပြန်သည်။ ပုဂံကိုလွမ်းသော ဆရာဇော်ဂျီ၏ အလွမ်းသည် အတိတ်သမိုင်းကို လွမ်းဆွတ်ရုံသက်သက် မကပါ။ တစ်ချိန်က ရွှေထီးဆောင်းခဲ့သည့် အချိန်ကာလကို စားမြု့ပြန်ရုံ သက်သက်မကပါ။ ရှေးမြန်မာကြီးတို့၏ ဗိသုကာအနုပညာ လက်ရာများကို အံ့သြချီးမွမ်းခြင်း၊ အဆိုပါ ပုဂ္ဂိုလ်တို့၏ လက်ရုံးရည် နှလုံးရည်ကို ချီးကျူးအားကျခြင်း၊ အတိတ်သမိုင်းကြောင်းနှင့် အနုပညာ အမွေအနှစ်တို့ကို နှစ်သက်ပီတိဖြစ်ခြင်း၊ အဆိုပါ ပုဂ္ဂိုလ်တို့၏ ဂုဏ်ကျေးဇူးကို နှလုံးသွင်းဆင်ခြင်ခြင်း စသည့်ခံစားမှု အစုစုတို့ ပေါင်းစုံစီးဆင်းနေသော 'အလွမ်းမြစ်' ထဲမှာ ဆရာဇော်ဂျီသည် သူ၏ ကဗျာလှေကို ရွက်လွှင့်နေခြင်း ဖြစ်ပါသည်။
တစ်နည်းပြောရလျှင် ဆရာဇော်ဂျီ၏ ပုဂံကဗျာများသည် 'အလွမ်းတန်ဖိုး' ကို ရည်ညွှန်းနေသော ကဗျာများ ဖြစ်ပါသည်။ အဆိုပါ အလွမ်းတန်ဖိုးကို ဈေးနှုန်းသတ်မှတ်၍ မရပါ။ ခေတ်အဆက်ဆက် တန်ဖိုးတက်နေမည့် အလွမ်းများ ဖြစ်ပါသည်။ မြန်မာလူမျိုးတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ ယဉ်ကျေးမှုဂုဏ်ကို ရည်ညွှန်းနေမည့် အလွမ်းများလည်း ဖြစ်ပါသည်။
ကျွန်တော်တို့ အားလုံးမှာ လွမ်းစရာတွေ အသီးသီး ရှိကြပါသည်။ တစ်ကိုယ်ရေ အလွမ်းမှသည် မိသားစုအလွမ်း၊ ရပ်ရွာအလွမ်း၊ နိုင်ငံအလွမ်း နောက်ဆုံး အနန္တစကြဝဠာအလွမ်း အထိ ရှိနိုင်ပါသည်။ မည်သည့်အရာကိုလွမ်းလွမ်း 'အလွမ်းတန်ဖိုး' ကိုတော့ မမေ့လျော့ဖို့ လိုပေလိမ့်မည်။ မိမိအလွမ်းက တန်ဖိုးရှိသည့်အလွမ်း ဖြစ်ဖို့တော့ လိုပေလိမ့်မည်။ တစ်နည်းပြောရလျှင် 'အလွမ်း' ၏ အဓိပ္ပာယ် ရပ်ဝန်းကို ချဲ့ထွင်ကြည့်ဖို့တော့ လိုပါသည်။ မိမိကိုယ်ကို လွမ်းဆွတ်သတိရရုံ သက်သက်ဖြင့် ဘောင်မခတ်လိုက်မိဖို့ လိုပါသည်။ ကျွန်တော်တို့ အားလုံး၏ အလွမ်းတွေ ကျယ်ဝန်းနက်ရှိုင်းဖို့ လိုပါသည်။
ကြီးကြီးကျယ်ကျယ် ပြောရလျှင် 'တဏှာရာဂအလွမ်း' မှ 'အသိဉာဏ်ပညာ အလွမ်း' သို့ တစ်ဆင့် တက်လှမ်းနိုင်ဖို့ပါပဲ။ ပုဂ္ဂလဓိဋ္ဌာန် အလွမ်းမှာတင် ရပ်မနေဘဲ ဓမ္မဓိဋ္ဌာန် အလွမ်းဆီသို့ ဆက်ပြီးတက်လှမ်းနိုင်ဖို့ လိုပါသည်။ ထိုကဲ့သို့ တက်လှမ်းနိုင်ပြီ ဆိုလျှင်တော့ ...။










