မော်ရင်ဟိုကို နည်းပြသစ်အဖြစ် မန်ယူအသင်း ခန့်အပ်

မော်ရင်ဟိုကို နည်းပြသစ်အဖြစ် မန်ယူအသင်း ခန့်အပ်
Published 27 May 2016

မန်ယူအသင်းသည် မော်ရင်ဟိုကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း အတည်ပြု ကြေညာခဲ့သည်။မော်ရင်ဟိုသည် ကြိုတင် ထွက်ပေါ်ခဲ့သည့် သတင်းများအတိုင်း (၃) နှစ် စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။မန်ယူအသင်းက ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် မော်ရင်ဟိုကို ခန့်အပ်လိုက်ကြောင်း ပုံနှင့်တကွ ဖော်ပြခဲ့ပြီး အသင်းအမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝက်ဒ်က “ဟိုဆေး (မော်ရင်ဟို) ဟာ ဒီနေ့ခေတ်ရဲ့ အငြင်းပွားစရာမရှိ အကောင်းဆုံး နည်းပြတစ်ဦးပါ။ ဆုဖလားတွေ အများအပြား ရယူနိုင်ခဲ့သလို၊ ကစားသမားတွေ အပေါ်ကိုလည်း လွှမ်းမိုးနိုင်စွမ်း ရှိသူပါ။ ပရီးမီးယားလိဂ်မှာ ချန်ပီယံဆု (၃) ကြိမ် ရယူထားသူလည်း ဖြစ်ပါတယ်။ သူ့ရဲ့စံချိန် မှတ်တမ်းကောင်းတွေနဲ့အတူ မန်ယူအသင်းကို ဦးဆောင်သွားနိုင်ပါလိမ့်မယ်” ဟု ဆိုခဲ့သည်။မော်ရင်ဟိုကလည်း “မန်ယူနည်းပြ ဖြစ်လာရတာ ထူးခြားတဲ့ ဆုလာဘ်တစ်ခုပါပဲ။ အိုးလ်ထရက်ဖို့ဒ်ကွင်းက ကျွန်တော့်ရဲ့ နည်းပြဘဝမှာ အမှတ်ရစရာ များစွာရှိနေတဲ့ နေရာလည်း ဖြစ်ပါတယ်။ ဒီမှာ တခြားဘယ်အသင်းမှ နှိုင်းယှဉ်လို့ မရတဲ့ အစွမ်းသတ္တိတွေလည်း ရှိနေပါတယ်။ မန်ယူ ပရိသတ်တွေနဲ့လည်း ကျွန်တော်အမြဲတမ်း လက်တွဲချင်ခဲ့တာပါ။ သူတို့ရဲ့ မန်နေဂျာအဖြစ်နဲ့ ပျော်ရွှင်မှုတွေ ယူဆောင်ပေးနိုင်အောင် ကြိုးစားသွားမှာပါ” ဟု ဆိုခဲ့သည်။