ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းအဝေး နေပြည်တော်တွင် ယနေ့ကျင်းပမည်

ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းအဝေး နေပြည်တော်တွင် ယနေ့ကျင်းပမည်
Published 26 May 2016
အောင်ဇော်ထွန်း

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို နေပြည်တော်ရှိ Horizon Lake View ဟိုတယ်တွင် မေ ၂၇ ရက် (ယနေ့) မွန်းလွဲပိုင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း UPDJC အဖွဲ့ဝင်များထံမှ သိရသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အရ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ဖွဲ့စည်းထားသည့် UPDJC တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၆ ဦး၊ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့မှ ကိုယ်စားလှယ် ၁၆ ဦးနှင့် နိုင်ငံရေးပါတီ အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၆ ဦး စုစုပေါင်း ၄၈ ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး အစိုးရသစ် လက်ထက်တွင် အစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်များအား အစားထိုး ခန့်အပ်ခြင်း မပြုလုပ်ရသေးပေ။
UPDJC အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သူ နိုင်ငံရေးပါတီ အစုအဖွဲ့မှ ဦးစိုင်းကျော်ညွန့်က "အစည်းအဝေးက ၂၇ ရက်က ၂ နာရီမှစမယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လာမယ်။ သူက လာပြီးတော့ ပြောစရာရှိတာ ပြောပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က အရင်ပြန်မယ်။ အရင်ပြန်ပြီးတော့ ဝန်ကြီးဦးကျော်တင့်ဆွေတို့ တခြား UPDJC အဖွဲ့ဝင်တို့  အစိုးရဘက်ပိုင်းရော တပ်မတော်ဘက်ပိုင်းရော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရော နိုင်ငံရေး ပါတီရောပါမယ်။ အဲဒါ အစည်းအဝေးကို ဆက်လုပ်မယ်ပေါ့။ ၂၇ ရက်မှာ မပြီးပြတ်ခဲ့ရင် ၂၈ ရက် မနက်ပိုင်းကိုဆက်မယ်လို့တော့ အကြမ်းဖျင်း လျာထားတာပေါ့" ဟု ပြောကြားသည်။
UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေကလည်း "မနက်ဖြန်မှာ UPDJC အစည်းအဝေးရှိတယ်။ အရင်အစိုးရ လက်ထက်က ငါးကြိမ်လုပ်ခဲ့တယ်။ ဒီအစိုးရ လက်ထက်မှာတော့ ဒါက ပထမဆုံးလုပ်တယ်" ဟု မေ ၂၆ ရက်က ပြောကြားသည်။
နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ရေးဆွဲခြင်း၊ နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပခြင်းနှင့် ငြိမ်းချမ်းရေး ညီလာခံများ ကျင်းပခြင်းတို့ကို ဦးဆောင် တာဝန်ယူရမည့် UPDJC အဖွဲ့ ပြန်လည်စုဖွဲ့ခြင်းကို ယခုအစည်းအဝေးတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရပြီး UPDJC ဥက္ကဋ္ဌအဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူ ဆောင်ရွက်သွားမည်ဟုလည်း သတင်းများ ထွက်ပေါ်နေသော်လည်း အတည်ပြုချက် မရရှိပေ။
ယခင် အစိုးရလက်ထက်တွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက UPDJC ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အစိုးရသစ် လက်ထက်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဦးဆောင်လုပ်ကိုင်မည့်  ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့မှ ထိပ်သီးခေါင်းဆောင် ရှစ်ဦးဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့တို့ တွေ့ဆုံနိုင်ရေး အဆိုပြုထားကြောင်း သိရသည်။
"ဘာပဲဖြစ်ဖြစ်ပေါ့။ တစ်ဖက်က နိုင်ငံ့ခေါင်းဆောင်တွေက သူတို့အားလပ်လို့ သူတို့အနေနဲ့ ဖိတ်ခေါ်လို့ ဘာတို့ ဆိုရင်တော့ ကျွန်တော်တို့ သွားမှာပေါ့။ အခုထက်ထိတော့ ဖိတ်ခေါ်စာတွေ ကမ်းလှမ်းတာတွေ မတွေ့သေးဘူး။ ကျွန်တော်တို့ကတော့ ဆက်သွယ်တာကို စောင့်ရမှာပေါ့။ ထိပ်သီးတွေ အနေနဲ့ကျတော့" ဟု  ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ဝင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက မေ ၂၆ ရက်တွင် ပြောကြားသည်။
အစိုးရသစ်အနေဖြင့် ၂၁ ရာစု ပင်လုံ ညီလာခံကို လာမည့် ဇူလိုင်လကုန်တွင် ကျင်းပနိုင်ရန် ဆောင်ရွက်နေရာ NCA လက်မှတ် ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံညှိနှိုင်းရန် ကော်မတီများ ဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိသည်။
အစိုးရ၏ ၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက "ကျွန်တော်တို့ ကော်မတီနဲ့ ဆပ်ကော်မတီ နှစ်ရပ်စလုံးကတော့ ကြိုးစားပြီးတော့ အလုပ်တွေ လုပ်နေပါတယ်။ တိုးတက်မှု အချို့လည်း ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ၂၇ ရက်မှာ UPDJC အစည်းအဝေးကလည်း ရှိနေတဲ့အတွက် ဒီအစည်းအဝေး ပြီးရင်တော့ လက်မှတ်ထိုးပြီးသား လူတွေနဲ့လည်း ဆက်ပြီးတော့ ဆောင်ရွက်ဖို့ရှိတယ်။ မထိုးရသေးတဲ့ သူတွေနဲ့ တွေ့ဆုံမှုကိုလည်း UPDJC ပြီးတဲ့ အချိန်မှာ တွေ့ဆုံနိုင်ဖို့ ပြင်ဆင်နေပါတယ်ဗျ" ဟု ပြောကြားထားသည်။
၂၁ ရာစု ပင်လုံညီလာခံအတွက် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ရေးဆွဲရာတွင် NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပါဝင်လာရေး ညှိနှိုင်းသွားမည်ဖြစ်ကြောင်း အစိုးရ၏ ၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီနှင့် NCA လက်မှတ် ထိုးထားသည့် အဖွဲ့များမှ ကိုယ်စားလှယ်များ မေ ၁၉ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံစဉ် အစိုးရ ကိုယ်စားလှယ်များက ရှင်းပြထားကြောင်း သိရသည်။
 
 
 

Most Read

Most Recent