သီလဝါ အစုရှယ်ယာ ဈေးနှုန်း ကျပ် ၇၀၀၀၀ အထိ မြင့်တက်နေရာမှ မေ ၂၅ ရက်တွင် ဝယ်လိုအား လျော့ကျလာသဖြင့် ကျပ် ၁၀၀၀၀ ဈေးကျ

သီလဝါ အစုရှယ်ယာ ဈေးနှုန်း ကျပ် ၇၀၀၀၀ အထိ မြင့်တက်နေရာမှ မေ ၂၅ ရက်တွင် ဝယ်လိုအား လျော့ကျလာသဖြင့် ကျပ် ၁၀၀၀၀ ဈေးကျ
သီလဝါရှယ်ယာ စတင်ရောင်းချသည့် မေ ၂၀ ရက်တွင် အရောင်းအဝယ် ပြုလုပ်နေသူများကို တွေ့ရစဉ်
သီလဝါရှယ်ယာ စတင်ရောင်းချသည့် မေ ၂၀ ရက်တွင် အရောင်းအဝယ် ပြုလုပ်နေသူများကို တွေ့ရစဉ်
Published 25 May 2016
အေးမြတ်မွန်

သီလဝါ ရှယ်ယာ တစ်စုလျှင် ကျပ် ၇၀၀၀၀ အထိ မြင့်တက်နေရာမှ မေ ၂၅ ရက်တွင် ဝယ်လိုအား ကျဆင်းလာသဖြင့် ကျပ် ၁၀၀၀၀ ဈေး ကျလာကာ ကျပ် ၆၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း မေ ၂၅ ရက်အတွင်း စတော့ဈေးကွက်မှ သိရသည်။စတော့ဈေးကွက်အတွင်း ရှယ်ယာ ရောင်းချခွင့်ရ ကုမ္ပဏီ နှစ်ခုအနက် သီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ အနေဖြင့် စတင် ရောင်းချသည့် မေ ၂၀ မှ စတင်ကာ တစ်ရက်လျှင် ကျပ် ၁၀၀၀၀ နှုန်းဖြင့် ဆက်တိုက် ဈေးနှုန်း မြင့်တက်လာနေပြီး ၇၀၀၀၀ အထိ တစ်စုလျှင် မြင့်တက်ခဲ့ရာမှ မေ ၂၅ တွင် ကျပ် ၁၀၀၀၀ ပြန်လည် ကျဆင်းလာကြောင်း သိရသည်။“သီလဝါက အများပြည်သူ စိတ်ဝင်စားမှု များပြားတာနဲ့ အတူ ဝယ်လိုအား အရမ်းများပြီး ဈေးက ရက်ပိုင်းအတွင်း တက်လာတာ။ အခု ဝယ်သူတွေ ဘက်ကလည်း အခြေအနေကို စောင့်ကြည့်နေတာကြောင့် ဝယ်လိုအား ပြန်ကျလာတယ်လို့တော့ ထင်တယ်” ဟု စတော့ဈေးကွက်အတွင်း အရောင်းအဝယ် ပြုလုပ်နေသူ ကိုမင်းမင်းက ပြောကြားသည်။မေ ၂၅ ရက် စတော့ဈေးကွက် အတွင်းတွင် FMI ရှယ်ယာ ဈေးနှုန်းမှာလည်း ကျပ် ၅၀၀ ကျဆင်းလာကာ ကျပ်၂၇၀၀၀ ဈေးဖြင့် ကုမ္ပဏီ နှစ်ခုလုံး၏ ရှယ်ယာ အစုပေါင်း ၆၄၁၈၉ စု အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရသည်။စတော့ရှယ်ယာများ အရောင်းအဝယ် ပြုလုပ်ရာတွင် Market Order, Limit Order ဖြင့် အရောင်းအဝယ် ပြုလုပ်နိုင်ပြီး Market order ဆိုသည်မှာ လက်ရှိ ဖြစ်ပေါ်နေသည့် ဈေးနှုန်းတွင် ချက်ချင်း ရောင်းနိုင်ဝယ်နိုင်သည့် အမျိုးအစားဖြစ်ပြီး Limit order မှာ ရှယ်ယာ တစ်စုအား ဝယ်လို၊ ရောင်းလိုသည့် ဈေးနှုန်းမှသာ သတ်မှတ် အကြောင်းကြား ဝယ်ယူနိုင်သည့် အော်ဒါ အမျိုးအစား ဖြစ်ကာ မည်သည့်ဈေးဖြင့်ပင် ဖြစ်စေ ဝယ်ယူမည့် market order ဖြင့် အော်ဒါ တင်ပါက ရှယ်ယာ ဝယ်ယူရန် ပိုမို ဦးစားပေးကြောင်း စတော့ဈေးကွက်အတွင်း အရောင်းအဝယ် ပြုလုပ်နေသူများက ပြောကြားသည်။ရန်ကုန် စတော့အိတ်ချိန်း အရောင်းအဝယ် ပြုလုပ်ချိန် Trading Session နှစ်ပိုင်းရှိကာ ဈေးကွက်ဖွင့်ချိန် နံနက် ၉ နာရီခွဲမှ ၁၁ နာရီအထိ (ပထမအပိုင်း) နှင့် ဈေးကွက်ပိတ်ချိန် ၁ နာရီအထိ (ဒုတိယအပိုင်း) ဟူ၍ သတ်မှတ်ထားကြောင်း သိရသည်။စတော့ဈေးကွက် အတွင်း ကုမ္ပဏီ ခြောက်ခု ဖြစ်သည့် First Myanmar Investment, First Private Bank (ပထမ ပုဂ္ဂလိကဘဏ်)၊ Myanmar Citizen Bank, Myanmar Thilawa SEZ Holdings Public ကုမ္ပဏီ၊ Great HOR KHAN Public Co., Myanmar Agribusiness Public Corporation(MAPCO) တို့က ရှယ်ယာရောင်းချခွင့် ရရှိထားပြီး First Myanmar Investment နှင့် မြန်မာသီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီတို့မှ ရှယ်ယာရောင်းချလျက် ရှိသည်။

Most Read

Most Recent