အသေးစား အလတ်စား လုပ်ငန်းရှင်များ အလွယ်တကူ ကုမ္ပဏီ မှတ်ပုံတင်နိုင်ရန် လက်ရှိ ကုမ္ပဏီ မှတ်ပုံတင်ကြေးကို ကျပ် ၁၀ သိန်းမှ ကျပ်ငါးသိန်းအထိ ထက်ဝက်လျှော့ချ ပေးခဲ့ပြီး အများပိုင်ကုမ္ပဏီများ၏ မှတ်ပုံတင် ကြေးကို ယခင်ကျပ် ၁၀ သိန်းမှ ၂၅ သိန်းအ ထိ တိုးမြှင့်လိုက်ပြီး အဆိုပါ တိုးမြှင့်လိုက် သည့်နှုန်းများကို ဇွန် ၁ ရက်မှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ မေ ၂၅ ရက်တွင် သတင်းထုတ်ပြန်သည်။ကုမ္ပဏီများ၏ ဖွဲ့စည်း မှတ်ပုံတင်ကြေးနှင့် ကုမ္ပဏီများ၏ ဆောင်ရွက်ချက် တင်ပြခြင်းများအတွက် ပေးဆောင်ရသည့် မှတ်ပုံတင်ကြေးများ ပြင်ဆင် သတ်မှတ်ရာတွင် နိုင်ငံတော် အစိုးရ အနေဖြင့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး တိုးချဲ့ ထူထောင် ဆောင်ရွက်မှုများကို အားပေး ဆောင်ရွက်နေပြီး စီးပွားရေးလုပ်ငန်း လုပ်ကိုင်လိုသူများနှင့် အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများအား ကုမ္ပဏီအဖြစ် ထူထောင် မှတ်ပုံတင် ဆောင်ရွက်လာစေရေးနှင့် အများနှင့် သက်ဆိုင်သော ကုမ္ပဏီများ ဖွဲ့စည်း တည်ထောင်ရာတွင် အမှန်တကယ် လုပ်ငန်း လုပ်ကိုင်မည့် ကုမ္ပဏီများ ပေါ်ထွန်းရေးကို ရှေးရှု၍ လုပ်ငန်းစတင် ထူထောင်ရာတွင် လွယ်ကူ ချောမွေ့စေရန် ဖြေလျှော့ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။မြန်မာနိုင်ငံတွင် ယခင်က အများပိုင် မဟုတ်သော ကုမ္ပဏီများနှင့် အများပိုင် ကုမ္ပဏီများအတွက် မှတ်ပုံတင်ကြေးကို ကျပ် ၁၀ သိန်းအဖြစ် တစ်ပြေးညီ သတ်မှတ် ကောက်ခံခဲ့ခြင်းဖြစ်ပြီး ထိုသို့ ကောက်ခံမှုကြောင့် ကုမ္ပဏီ အသေးစားများမှာ ကြီးမြင့်သည့် မှတ်ပုံတင်ကြေးကြောင့် လုပ်ငန်းမှတ်ပုံတင်ခြင်း မရှိဘဲ လုပ်ကိုင်နေကြောင်း သိရသည်။လက်ရှိ ပြောင်းလဲ ကောက်ခံမည့် နှုန်းထားများအဖြစ် အများနှင့် မသက်ဆိုင်သော ကုမ္ပဏီများကို မှတ်ပုံတင်ကြေး ကျပ်ငါးသိန်း၊ အများနှင့် သက်ဆိုင်သော ကုမ္ပဏီများကို မှတ်ပုံတင်ကြေး ကျပ် ၂၅ သိန်း၊ သက်တမ်းတိုး မှတ်ပုံတင်ကြေးများကို ယခင် ကျပ်ငါးသောင်းမှ ကျပ်သုံးသောင်းအဖြစ် တစ်ပြေးညီ သတ်မှတ်ခဲ့ပြီး ပုံစံ ၆၊ ၂၆၊ ပုံစံ င၊ လိပ်စာပြောင်း၊ အစုရှယ်ယာပြောင်း၊ စာရွက်စာတမ်း မိတ္တူမှန် ကူးယူခြင်းများကို ယခင် ၂၅၀၀ ကျပ်မှ ကျပ် ၂၅၀၀၀ အဖြစ် တိုးမြှင့်လိုက်ကြောင်း သိရသည်။ ထို့ပြင် ကတ်ပြားမိတ္တူ မှန် ကူးယူခြင်း ယခင် ကျပ် ၅၀၀၀ မှ ကျပ်ငါးသောင်း၊ လုပ်ငန်းရည်ရွယ်ချက် တိုးခြင်း၊ အမည်ပြောင်းခြင်းနှင့် မ,တည်ငွေ တိုးမြှင့်ခြင်းများအတွက် ကျပ် ၇၅၀၀ မှ ကျပ် ၇၅၀၀၀ နှင့် MOA၊ MOA ပြင်ဆင်ခြင်းများအတွက် ယခင် ကျပ်ငါးသောင်းမှ ကျပ်သုံးသိန်းသို့ တိုးမြှင့်ခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံတွင် အသေးစား အလတ်စား လုပ်ငန်းများ အနေနှင့် တရားဝင် စာရင်းတွင် ၆၅၀၀၀ ခန့် ရှိနေပြီး တရားဝင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီ အရေအတွက်မှာ လေးသောင်းခန့်သာ ရှိနေသည်။
ပုဂ္ဂလိက ကုမ္ပဏီ မှတ်ပုံတင်ကြေး ကျပ် ၁၀ သိန်းကို ထက်ဝက် လျှော့ချခဲ့ပြီး အများပိုင် ကုမ္ပဏီများ၏ မှတ်ပုံတင်ကြေးအား ကျပ် ၂၅ သိန်းအထိ တိုးမြှင့်ကာ ဇွန် ၁ ရက်မှ စ၍ ပြောင်းလဲ ကောက်ခံမည်










