မြန်မာနိုင်ငံ၏ အဓိက သဘာဝဓာတ်ငွေ့ စီမံကိန်း ဖြစ်သော ရတနာ စီမံကိန်းရှိ Chevron ပိုင် အစုရှယ်ယာများကို ဝယ်ယူရန် PTT Exploration and Production Pcl (PTTEP) ညှိနှိုင်းနေကြောင်း Reuters သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။ထိုင်းနိုင်ငံ၏ အကြီးဆုံး ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းဖြစ်သော PTTEP သည် ၎င်း၏ လုပ်ငန်း တိုးချဲ့ရေးအတွက် မြန်မာနိုင်ငံရှိ ရတနာ စီမံကိန်း အစုရှယ်ယာအပြင် ထိုင်းနှင့် အရှေ့တောင်အာရှ ဒေသရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်များ၊ အစု ရှယ်ယာများကို ဝယ်ယူရန် စီစဉ်နေခြင်းဖြစ်ကြောင်း PTTEP ၏ ဒုဥက္ကဋ္ဌ(ဘဏ္ဍာရေး) Pannalin Mahawongtikul က ဆိုသည်။PTTEP သည် BG Group ပိုင် ထိုင်းကမ်းလွန်ရှိ လုပ်ကွက် တစ်ကွက်ကိုလည်း ဝယ်ယူရန် ကြိုးပမ်းနေပြီး အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလျံဖြင့် ကမ်းလှမ်းထားသော်လည်း ရတနာ ဓာတ်ငွေ့ စီမံကိန်း အစုရှယ်ယာ ဝယ်ယူမည့် ဈေးနှုန်းကို မထုတ်ပြန်သေးကြောင်း သိရသည်။အမေရိကန်နိုင်ငံ အခြေစိုက် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကော်ပိုရေးရှင်းဖြစ်သော Chevron က မြန်မာနိုင်ငံရှိ လုပ်ငန်းအားလုံးကို ရောင်းချရန် စီစဉ်နေကြောင်း ၂၀၁၆ ခုနှစ် ဧပြီ ၁၈ ရက်တွင် သတင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ထိုသို့ ရောင်းချရန် စီစဉ်ရခြင်းမှာ ကမ္ဘာ့ဈေးကွက်အတွင်း အချိန်ကာလ ကြာမြင့်စွာ ကျဆင်းခဲ့သော ရေနံနှင့် သဘာဝဓာတ်ငွေ့ ဈေးနှုန်းများကြောင့် ဖြစ်ပြီး ယခု မြန်မာနိုင်ငံမှ လုပ်ကွက်ဖြစ်သော ရတနာ စီမံကိန်း အစုရှယ်ယာကို PTTEP က ဝယ်ယူရန် စိတ်ဝင်စားခြင်း ဖြစ်သည်။Chevron က ရောင်းချမည့် လုပ်ငန်းများထဲတွင် ရတနာနှင့် စိန် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု စီမံကိန်းရှိ Chevron မှ ပိုင်ဆိုင်သော အစုရှယ်ယာ ၂၈ ဒသမ ၃ ရာခိုင်နှုန်းနှင့် ရခိုင် ကမ်းလွန်ရှိ A-5 လုပ်ကွက် လုပ်ကိုင်ခွင့်တို့ ပါဝင်သည်။ပြင်သစ် ရေနံကော်ပိုရေးရှင်း Total မှ စီမံခန့်ခွဲသော မြန်မာနိုင်ငံရှိ ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းမှ တစ်ဆင့် ထိုင်းနိုင်ငံကို Chevron က တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၁၁၇ သန်း နေ့စဉ် တင်ပို့ ရောင်းချခြင်း ဖြစ်ကြောင်း သိရသည်။ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းကို Total က စီမံ ခန့်ခွဲနေခြင်းဖြစ်ပြီး Total က ၃၁ ဒသမ ၂၄ ရာခိုင်နှုန်း၊ Unocal (Chevron) က ၂၈ ဒသမ ၂၆ ရာခိုင်နှုန်း၊ PTTEP က ၂၅ ဒသမ ၅၀ ရာခိုင်နှုန်း၊ MOGE (လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန) က ၁၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။၁၉၉၈ ခုနှစ်တွင် ရတနာ စီမံကိန်းမှ သဘာဝဓာတ်ငွေ့ စတင် ထုတ်ယူခဲ့ခြင်းဖြစ်ပြီး လက်ရှိ ထွက်ရှိမှု ပမာဏမှာ တစ်ရက်လျှင် ကုဗပေ သန်း ၉၁၀ ရှိရာ ထိုင်းနိုင်သို့ တစ်ရက်လျှင် ကုဗပေ ၇၁၁ သန်း တင်ပို့နေပြီး ကုဗပေ ၁၁၉ သန်းကို မြန်မာပြည်တွင်းတွင် သုံးစွဲလျက်ရှိကြောင်း သိရသည်။Chevron သည် အာရှတိုက်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု လုပ်ကွက်များကို ဒေါ်လာ သုံးဘီလျံဖြင့် ရောင်းချရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ဝယ်ယူရန် စိတ်ဝင်စားသူများနှင့် ညှိနှိုင်းဆဲဖြစ်ကြောင်း သိရသည်။










