မြန်မာအမျိုးသမီးသုံးဦးအား တရုတ်နိုင်ငံတွင် အလုပ်ရမည်ဟု လိမ်လည်ခေါ်ဆောင်၍ တရုတ်မယားအဖြစ် လက်ထပ်စေရန် ကြံစည်သူလေးဦးကို အမှုဖွင့်

မြန်မာအမျိုးသမီးသုံးဦးအား တရုတ်နိုင်ငံတွင် အလုပ်ရမည်ဟု လိမ်လည်ခေါ်ဆောင်၍ တရုတ်မယားအဖြစ် လက်ထပ်စေရန် ကြံစည်သူလေးဦးကို အမှုဖွင့်
Published 23 May 2016
မြင့်သူ

မြန်မာအမျိုးသမီးသုံးဦးအား တရုတ်နိုင်ငံတွင် အလုပ်ရမည်ဟု လိမ်လည်ခေါ်ဆောင်၍ တရုတ်မယားအဖြစ် လက်ထပ်စေရန် ကြံစည်သူလေးဦးကို သက်ဆိုင်ရာရဲစခန်းက လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဌာနချုပ်မှ စုံစမ်းသိရသည်။အမှတ် (၅) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (စစ်တွေ) မှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကားကြီးဝင်းအတွင်း မန္တလေး-စစ်တွေ ရိုးမမန္တလာကားဖြင့် လိုက်ပါလာသည့် ကျောက်ဖြူမြို့နယ်နေ မ....ပါ သုံးဦးအား တွေ့ရှိမေးမြန်းရာ ၎င်းတို့သုံးဦးမှာ တရုတ်နိုင်ငံမှ ပြန်လည်ထွက်ပြေးလာခြင်းဖြစ်သည်ကို သိရှိခဲ့ရသဖြင့် စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။ထိုသို့စစ်ဆေးရာတွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နေ မ....အား ကျောက်ဖြူမြို့ ငလပွေ့ရပ်ကွက်နေ ဒေါ်စံစံ (ခ) စန်းစန်းအေးမှ တရုတ်နိုင်ငံရှိ ဘောင်းဘီစက်ရုံနှင့် ဖိနပ်စက်ရုံတို့တွင် အလုပ်လုပ်မည်ဆိုပါက မြန်မာကျပ်ငွေ တစ်သိန်းနှင့် ညီမျှသည့် တရုတ်ယွမ်ငွေ ရရှိမည်ဖြစ်ပြီး ခရီးစရိတ်လည်း ကျခံပေးမည်ဟု ပြောဆိုခဲ့သဖြင့် တရုတ်နိုင်ငံတွင် အလုပ်လုပ်ရန် သဘောတူခဲ့ကြောင်း၊ ယင်းနောက် ၂၀၁၆ ခုနှစ် ဧပြီ ၃၀ တွင် မ....အား ဒေါ်စံစံနှင့် ကျောက်ဖြူမြို့ ပိုက်ဆိပ်ရပ်ကွက်နေ ဒေါ်မြသန်းတို့က ကျောက် ဖြူမှ ရန်ကုန်၊ ရန်ကုန်မှ မန္တလေး၊ မန္တလေးမှ မူဆယ်၊ မူဆယ်မှ မြန်မာ-တရုတ်နယ်စပ် ဂိတ်တွင် ခုနစ်ရက် ယာယီနယ်စပ်ဖြတ်သန်းခွင့် စာအုပ်ဖြင့် တရုတ်နိုင်ငံ ရွှေလီမြို့ရှိ တည်းခိုခန်းတစ်ခုသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။အဆိုပါတည်းခိုခန်းတွင် တစ်မြို့တည်း နေ မ.....တို့နှစ်ဦးအား ထပ်မံတွေ့ရှိခဲ့ပြီး ၎င်းတို့နှစ်ဦးကိုလည်း ကျောက်ဖြူမြို့နယ်၊  ကညင်တောရွာနေ ဒေါ်လှရွှေက တရုတ်နိုင်ငံရှိ ဖိနပ်စက်ရုံနှင့် စပျစ်စက်ရုံတွင် အလုပ်ရမည်၊ စရိတ်ငြိမ်း ပို့ဆောင်ပေးမည်၊ နှစ်နှစ်ခန့် အလုပ်လုပ်ပြီးမှသာ ခရီးစရိတ်အား ဖြတ် တောက်မည်ဟု ပြောဆိုစည်းရုံး၍  ဒေါ်လှရွှေ နှင့် ဒေါ်နွယ်နွယ်တို့က တရုတ်နိုင်ငံသို့ ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။ယင်းနောက် နောက်တစ်နေ့တွင် တရုတ်နိုင်ငံ မန်စီမြို့နေ အန်တီဆန်းဆိုသူ ရောက်ရှိလာပြီး အန်တီဆန်း၊ ဒေါ်စံစံ၊ ဒေါ်မြ သန်း၊ ဒေါ်လှရွှေနှင့် ဒေါ်နွယ်နွယ်တို့က မ....တို့သုံးဦးအား တရုတ်ယောကျ်ားယူရမည် မယူပါက ဝေးလံသည့်နေရာသို့ ပို့ဆောင်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သဖြင့် ၎င်းတို့သုံးဦးမှာ ညအချိန်တွင် တည်းခိုခန်းမှ ထွက်ပြေးခဲ့ပြီး ရွှေလီတွင်နေထိုင်သော မြန်မာတစ်ဦး၏ အကူအညီဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ယင်းကြောင့် မ... အပါအဝင် သုံးဦးအား တရုတ်နိုင်ငံရှိ စက်ရုံများတွင် အလုပ်ရမည်ဟု ပြောဆိုစည်းရုံး၍ တရုတ်အမျိုးသား နှင့် ပေးစားရန် စီစဉ်သူ ကျောက်ဖြူမြို့နေ ဒေါ်စံစံ၊ ဒေါ်မြသန်း၊ ဒေါ်လှရွှေနှင့် ဒေါ်နွယ်နွယ်တို့ လေးဦးအား မေ ၁၉ ရက်တွင် ကျောက်ဖြူမြို့မရဲစခန်းက (ပ) ၃၇၀/၁၆၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ နှင့် (ပ) ၃၇၁/၁၆၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ တို့ဖြင့် အမှုဖွင့်ကာ ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဌာနချုပ်မှ စုံစမ်းသိရသည်။    

Most Read

Most Recent