၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်စ ဧပြီလတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်း မရှိ

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်စ ဧပြီလတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်း မရှိ
Published 23 May 2016

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်စ ဧပြီလတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ခြင်း မရှိခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုဆိုင်ရာ စာရင်းများအရ သိရသည်။
 
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာရှစ်ဘီလျံအထိ ဝင်ရောက်ရန် ခန့်မှန်းထားပြီး ဘဏ္ဍာနှစ်စ ဧပြီလတွင်မူူ နိုင်ငံခြားရင်းနှီးမြှုပ်နံံှမှု ဝင်ရောက်ခြင်း မရှိခဲ့ပေ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန် ခွင့်ပြုပေးရမည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကိုလည်း လက်ရှိအချိန်ထိ ပြန်လည်ဖွဲ့စည်းမှု မရှိသေးကြောင်း သိရသည်။
 
ပြီးခဲ့သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၉ ဒသမ ၄ ဘီလျံကျော် ဝင်ရောက်ခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ထက် ဒေါ်လာတစ်ဘီလျံကျော် ပိုမို ဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
 
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေလုပ်ငန်း၊ သတ္တုရှာဖွေတူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊  စွမ်းအင်လုပ်ငန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ စက်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနှင့် အခြားဝန်ဆောင်မှုလုပ်ငန်း အစရှိသည့် လုပ်ငန်းကဏ္ဍ ၁၁ ခု တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၉၄၈၁ ဒသမ ၂၇၅ သန်း ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
 
ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၈၀၁၀ ဒသမ ၅၃၃ သန်း ဝင်ရောက်ခဲ့သဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၁၄၇၀ ဒ သမ ၇၄၂ သန်း ပိုမိုခဲ့သည်။
 
၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီလအထိ မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဆောင်ရွက်ရန် ခွင့်ပြုထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဒေါ်လာ ၆၃၇၁၈ ဒသမ ၅၇၄ သန်း ( ၆၃ ဘီလျံကျော်) ရှိကြောင်း သိရသည်။

Most Read

Most Recent