တောင်ဒဂုံမြို့နယ်တွင် မင်းမဲ့စရိုက်ဆန်စွာ စာရေးဆရာတစ်ဦး အသတ်ခံရသည့် ဖြစ်စဉ်မှ ကျူးလွန်သူတစ်ဦးသာ ဖမ်းမိခဲ့ပြီး ကျန်ကျူးလွန်သူများကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သက်ဆိုင်ရာ ရဲစခန်းက မေ ၂၀ ရက်တွင် စုံစမ်းသိရှိရသည်။
“ကျူးလွန်သူ တစ်ဦးတည်းကိုပဲ ဖမ်းဆီးရမိပါသေးတယ်။ ကျန်တဲ့နှစ်ဦးကိုတော့ ဖမ်းမိခြင်း မရှိသေးပါဘူး။ အမှုစစ်ဖြစ်တဲ့ စခန်းမှူးကိုယ်တိုင် ကျန်တဲ့ကျူးလွန်သူနှစ်ဦးကို ဖမ်းဆီးရမိဖို့အတွက် စစ်ဆေးဆောင်ရွက်နေပါတယ်” ဟု တောင်ဒဂုံ မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက မေ ၂၀ ရက်တွင် ပြောကြားသည်။
မေ ၁၆ ရက်ည ၉ နာရီခွဲခန့်တွင် တောင်ဒဂုံမြို့နယ် (၇၁) ရပ်ကွက် ဘုရင့်နောင်လမ်းတွင် နေထိုင်သော ဒေါ်.... (၄၂ နှစ်) သည် ခင်ပွန်းဖြစ်သူ စာရေးဆရာ ကိုကျော်သူရနိုင် (အဝေရာ) (ခ) ကျော်လှိုင်၊ မတ်ဖြစ်သူ ကျော်ဝင်းနိုင်တို့နှင့်အတူ ရှိနေစဉ် တစ်အိမ်ကျော်တွင် နေထိုင်သူ သိန်းထွန်းဝင်းက နေအိမ်ရှေ့တွင် လာရောက်ဆဲဆိုနေသဖြင့် ကျော်ဝင်းနိုင်မှ မဆဲဆိုရန် တားမြစ်စဉ် စကားများပြီး သိန်းထွန်းဝင်းက ပါလာသောဓားဖြင့် ခုတ်ခဲ့သည်။
ထို့ကြောင့် ကိုကျော်သူရနိုင်မှ လာရောက်ဖျန်ဖြေစဉ် တစ်လမ်းတည်းနေ ဇော်မင်းနှင့် ကုလားလေးတို့ ထပ်မံရောက်ရှိလာပြီး ကိုကျော်သူရနိုင်ကို ဓားဖြင့်ဝိုင်းခုတ်ခဲ့ကြောင်း သိရသည်။
ထို့သို့ဝိုင်းခုတ်ခဲ့သဖြင့် ကိုကျော်သူရနိုင်တွင် ဝဲလက်မောင်းပြတ်ရှ ပေါက်ပြဲဒဏ်ရာရရှိပြီး သင်္ဃန်းကျွန်း စံပြဆေးရုံကြီးသို့ တင်ပို့ကုသစဉ် သေဆုံးသွားပြီး ကိုကျော်ဝင်းနိုင်တွင် ယာတံတောင်ပွန်းရှဒဏ်ရာ၊ ယာကြော ပွန်းပဲ့ဒဏ်ရာရရှိကာ စံပြဆေးရုံကြီးတွင် အတွင်းလူနာ (မစိုးရိမ်ရ) အဖြစ် တင်ပို့ကုသခဲ့ရကြောင်း တရားလိုဘက်မှ အမှုဖွင့် တိုင်တန်းချက်အရ သိရသည်။
အဆိုပါ အမှုဖြစ်စဉ်အား တောင်ဒဂုံ မြို့မရဲစခန်းက (ပ) ၇၁၃/၁၆၊ ပြစ်မှုပုဒ်မ ၃၀၂/၁၁၄ ဖြင့်အမှုဖွင့်ကာ ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မေ ၁၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ရာတွင် မိသားစုနှစ်စု ခိုက်ရန်ဖြစ်ပွားခြင်းသာဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
“အဲဒီနေ့က မနက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်မရဲ့မတ် ရောက်လာတယ်။ ရောက်လာပြီး မနက်က အကြောင်းကို မေးတဲ့အချိန်မှာ သူတို့ဘက်က ကြားသွားပြီးတော့ သိန်းထွန်းဝင်းဆိုတဲ့သူက ဓားကိုင်ဆင်းလာပြီး မင်းကဘာဖြစ်ချင်လို့လဲ မေးပြီးတော့ စကားများတယ်။ အဲဒီမှာ ဓားနဲ့ခုတ်မယ်ဖြစ်တော့ ကျွန်မယောကျ်ားက ထွက်သွားပြီးတော့ တားတယ်။ အဲဒီအချိန်မှာ သိန်းထွန်းဝင်းတို့နဲ့ တစ်ခြံတည်းနေတဲ့ ဇော်မင်းက ထွက်လာပြီးတော့ မင်းဘာမှမသိဘဲ လာပြောမနေနဲ့ ဆိုပြီးတော့ ပြောတယ်။ အဲဒီအချိန်မှာ ကျွန်မက ရပ်ကွက်လူကြီးကို သွားခေါ်ပြီးပြန်လာတော့ ကျွန်မယောကျ်ားကို လူသုံးယောက်က ဓားနဲ့ထိုးတဲ့သူက ထိုးတယ်။ ခြေထောက်ကို ဖြတ်ရိုက်တဲ့သူက ရိုက်တယ်။ ခေါင်းကို တုတ်နဲ့ရိုက်တဲ့သူက ရိုက်နေတာကို တွေ့ရတယ်။ ရပ်ကွက်လူကြီးတွေနဲ့ရဲတွေ ရောက်လာတဲ့အချိန် ကျွန်မယောကျ်ားက သွေးတွေနဲ့လဲနေပြီ။ သူတို့တွေက ရန်ဖြစ်ပြီဆိုရင် အုပ်စုလိုက် ပါနေကျဆိုတာသိတယ်။ အဲဒီနေ့ကလည်း သူတို့က မဆိုင်တဲ့သူတွေ ပါရဲပါကြည့် သတ်ပစ်မယ်ဆိုပြီးတော့ ခြိမ်းခြောက်တယ်။ အဲဒါကြောင့် ရဲတပ်ဖွဲ့ ထုတ်ပြန်ထားတာတွေက ဖြစ်စဉ်နဲ့သိပ်ပြီးတော့ မကိုက်ညီဘူးလို့ ပြောချင်ပါတယ်” ဟု သေဆုံးသူ စာရေးဆရာ ကိုကျော်သူရနိုင် (အဝေရာ) ၏ဇနီးဖြစ်သူ မဇင်မင်းထွန်းက ပြောကြားသည်။
အဆိုပါ အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နည်းတူ ရန်ကုန်တိုင်းဒေသကြီးအတွင်း လူမြင်ကွင်း၌ အုပ်စုဖွဲ့ ဓားထောက် လုယက်မှုများ၊ အုပ်စုဖွဲ့ လူသတ်မှုများ၊ မင်းမဲ့စရိုက်ဆန်သော အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားမှုများ ပေါ်ပေါက်ခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။
ရဲတပ်ဖွဲ့၏ မှုခင်းကျဆင်းရေးအတွက် မေ ၁ ရက်မှစတင်ခဲ့သည့် ရက် (၁၀၀) စီမံချက် ဆောင်ရွက်ရာ၌ တရားခံပြေးများ၊ စစ်ပြေးများ၊ ရဲပြေးများ၊ ရဲဘက်ပြေးများကို ဖမ်းဆီးခဲ့ပြီး ကြိုတင်ကာကွယ် ဖမ်းဆီးမှု အပိုင်းတွင် လက်နက်မှု၊ လောင်းကစားမှု၊ မူးယစ်ဆေးဝါးမှု၊ ပြည့်တန်ဆာမှု၊ ခြေချုပ်မှု၊ ကျင့် ၅၄၊ ရဲအက်၊ ယစ်မျိုး၊ ဆင်ဆာမဲ့ဗီဒီယိုများ၊ စည်းကမ်းမဲ့ မော်တော်ယာဉ်များ၊ တရားမဝင် မော်တော်ယာဉ်များအား ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
တောင်ဒဂုံမြို့နယ်တွင် မင်းမဲ့စရိုက်ဆန်စွာ ဓားဖြင့်ဝိုင်းခုတ်၍ စာရေးဆရာတစ်ဦး သေဆုံးခဲ့သည့်ဖြစ်စဉ်မှ ကျူးလွန်သူတစ်ဦးသာ ဖမ်းမိပြီး ကျန်ကျူးလွန်သူများအား ဖမ်းမိခြင်း မရှိသေး