သီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီရှယ်ယာ စတင်ရောင်းချသည့်နေ့တွင် ဈေးနှုန်းကျပ် ၁၀၀၀၀ မြင့်တက်ခဲ့ပြီး ရှယ်ယာဝယ်ရန် အဆိုပြုသူမှာ ရောင်းချလိုသည့် ရှယ်ယာထက် အဆတစ်ရာကျော်များနေ

သီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီရှယ်ယာ စတင်ရောင်းချသည့်နေ့တွင် ဈေးနှုန်းကျပ် ၁၀၀၀၀ မြင့်တက်ခဲ့ပြီး ရှယ်ယာဝယ်ရန် အဆိုပြုသူမှာ ရောင်းချလိုသည့် ရှယ်ယာထက် အဆတစ်ရာကျော်များနေ
Published 20 May 2016
အေးမြတ်မွန်

စတော့ဈေးကွက်အတွင်း သီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ၏ရှယ်ယာ စတင်ရောင်းချသည့်နေ့တွင် ရှယ်ယာဝယ်ယူရန် အဆိုပြုသူမှာ ရောင်းချလိုသည့် ရှယ်ယာထက် အဆ ၁၀၀ ကျော် များပြားနေကြောင်း စတော့ဈေးကွက်အတွင်းမှ သိရသည်။
 
ဈေးကွက်စဖွင့်ချိန်တွင် သီလဝါရှယ်ယာ တစ်စုလျှင် ကျပ် ၄၀၀၀၀ ဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး နံနက် ၁၁ နာရီတွင် ရှယ်ယာဝယ်ယူရန် အဆိုပြုသူမှာ အစုရေ ငါးသိန်းကျော် ဝယ်ယူရန် အဆိုပြုခဲ့ပြီး ရောင်းချလိုသည့် ရှယ်ယာမှာ အစုပေါင်း ၅၃၄၀ စုသာရှိခဲ့သဖြင့် ဝယ်ယူလိုသူမှာ အဆ ၁၀၀ ကျော်အထိ များပြားခဲ့ကြောင်း သိရသည်။
 
“သီလဝါ ရှယ်ယာဈေးနှုန်းကို တွက်ချက်တာက လေးမျိုးတွက်တယ်။ လေးနည်းနဲ့ တွက်တဲ့အထဲမှာ နောက်ဆုံး ဆုံးဖြတ်လိုက်တာက book value multiple ရဲ့ ရလဒ်ကိုပဲ ယူပြီးတော့ ဒါကိုလေးသောင်းသတ်မှတ်ပြီး တင်ပေးလိုက်တာပါ။ ဝယ်လိုအားက တအားများတယ်။ ဘာလို့ဆို အပြင်က ရှယ်ယာရှင် အချင်းချင်း လွတ်လပ်စွာ ရောင်းဝယ်တဲ့ဈေး Over The Counter ဈေးကွက်မှာက ခုနစ်သောင်းနဲ့ ပိတ်သွားတယ်။ အခုကတော့ လေးသောင်းနဲ့ စဖွင့်တော့ အရမ်းစိတ်ဝင်စားကြတယ်” ဟု သီလဝါရှယ်ယာများကို ဈေးနှုန်းသတ်မှတ်ပေးသည့် CB Securities မှ ဦးသောင်းဟန်က ပြောကြားသည်။
 
ယင်းသို့ဝယ်ရန် အဆိုပြုသူ များပြားသည့်အတွက် သီလဝါ ရှယ်ယာတစ်စုလျှင် ၁၀၀၀၀ ဈေးမြင့်တက်ခဲ့ကာ ကျပ် ၅၀၀၀၀ ဖြင့် ဈေးကွက်ပိတ်ချိန် မွန်းလွဲ ၁ နာရီတွင် အစုပေါင်း ၁၀၁၅၇ စု အရောင်းအဝယ် ဖြစ်ခဲ့သည်။
 
“အခုရှယ်ယာတွေက မူလရှယ်ယာ ပိုင်ဆိုင်ပြီးသား လူတွေရဲ့ ရှယ်ယာတွေ ရောင်းဝယ်တာပါ။ ရှယ်ယာအသစ် ထပ်ထုတ်မရောင်းသေးပါဘူး။ စတော့ကို တည်တည်ငြိမ်ငြိမ်နဲ့ အားလုံးအကျိုးရှိပြီး ကုမ္ပဏီဘက်က ရရှိလာမယ့် အကျိုးခံစားခွင့်တွေကိုလည်း ခံစားစေချင်ပါတယ်။ မနက်ပိုင်းကတော့ အဆ ၁၀၀ လောက်ကွာနေပါတယ်” ဟု သီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။
 
အလားတူပင် FMI ၏ရှယ်ယာဈေးနှုန်းမှာလည်း ကျပ် ၄၅၀၀အထိ မြင့်တက်ခဲ့ကာ တစ်စုလျှင် ၃၁၀၀၀ ဖြစ်ခဲ့ပြီး ရှယ်ယာရောင်းချလိုသူမှာ နည်းပါးနေပြီး ရှယ်ယာဝယ်ယူလိုမှုမှာ များပြားခဲ့ကြောင်း သိရသည်။
 
“ကျွန်တော်က အစကတည်းက သီလဝါ ဒီမှာရောင်းရင် ဝယ်ဖို့လုပ်ထားတာပါ။ သူက နိုင်ငံတကာက ရင်းနှီးမှုလည်း ပိုများတော့ ပိုစိတ်ဝင်စားတယ်။ ဒီနေ့ အော်ဒါ ၃၀၀ တင်ထားတယ်။ ဒါပေမဲ့ ဝယ်မယ့်သူက များနေတော့ ရမယ်မထင်ဘူး။ သီလဝါကို အများဆုံး စိတ်ဝင်စားကြတယ်။ လာတဲ့သူတွေကလည်း သီလဝါရှယ်ယာကို ဝယ်ဖို့မဖြစ်နိုင်တော့ FMI ကိုပဲ ဝယ်သွားမယ်ဆိုပြီး လာကြတယ်။အခု FMI ကလည်း ဝယ်ချင်တဲ့သူက များနေတယ်။ ဒါပေမဲ့ ရောင်းမယ့်သူက နည်းနေတယ်။ သီလဝါလောက်တော့ အဆအများကြီး မကွာတာပဲရှိတယ်” ဟု စတော့ဈေးကွက်တွင် အရောင်းအဝယ်ပြုလုပ်ရန် လာရောက်စုံစမ်းသူ ကိုမိုးကျော်အောင်က ပြောကြားသည်။
 
ရှယ်ယာများ အရောင်းအဝယ် ပြုလုပ်ရာတွင် Market Order, Limit Order ဖြင့် အရောင်းအဝယ် ပြုလုပ်နိုင်ပြီး Market Order ဆိုသည်မှာ လက်ရှိဖြစ်ပေါ်နေသည့် ဈေးနှုန်းတွင် ချက်ချင်းရောင်းနိုင်ဝယ်နိုင်သည့် အမျိုးအစားဖြစ်ပြီး Limit Order မှာ ရှယ်ယာတစ်စုအား ဝယ်လို၊ ရောင်းလိုသည့် ဈေးနှုန်းမှသာ သတ်မှတ်အကြောင်းကြား ဝယ်ယူနိုင်သည့် အော်ဒါအမျိုးအစားဖြစ်ကြောင်း သိရသည်။
 
သီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီမှ ၂၀၁၄ ခုနှစ် မတ် ၃ ရက်တွင် အများပြည်သူသို့ ကနဦး အစုရှယ်ယာပေါင်း ၂  ဒသမ ၁၄ သန်းကို တစ်စုလျှင် ကျပ် ၁၀၀၀၀ ဖြင့် ထုတ်ဝေရောင်းချခဲ့ပြီး မူလတည်ထောင်သည့် အများပိုင်ကုမ္ပဏီကိုးခုမှ ထည့်ဝင်ရှယ်ယာများနှင့် ထုတ်ဝေရောင်းချပြီး ရှယ်ယာစုစုပေါင်း ၃ ဒသမ ၈၉ သန်းကို စတော့အိတ်ချိန်းသို့ ဈေးကွက်တင် ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent