စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ရက် ၁၀၀ အတွင်း စက်မှုလယ်ယာဖွံ့ဖြိုးရန်၊ လယ်ယာမြေများရေရရှိရန်၊ စိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ရန်၊ သိမ်းဆည်းခံ လယ်ယာမြေများ စိစစ်ရန် အပါအဝင် လုပ်ငန်းများ ဆောင်ရွက်မည်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ရက် ၁၀၀ အတွင်း စက်မှုလယ်ယာဖွံ့ဖြိုးရန်၊ လယ်ယာမြေများရေရရှိရန်၊ စိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ရန်၊ သိမ်းဆည်းခံ လယ်ယာမြေများ စိစစ်ရန် အပါအဝင် လုပ်ငန်းများ ဆောင်ရွက်မည်
Published 19 May 2016
စည်သူအောင်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ရက် ၁၀၀ အတွင်း စက်မှုလယ်ယာမြေဖွံ့ဖြိုးရန်၊ လယ်ယာမြေများ ရေရရှိရန်၊ စိုက်ပျိုးရေးချေးငွေများ ပေးအပ်ရန်၊ သိမ်းဆည်းခံ လယ်ယာမြေများ စိစစ်ရန် အပါအဝင် လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝန်ကြီးဌာနအနေဖြင့် လယ်ယာကဏ္ဍတွင် လိုအပ်သည့် သွင်းအားစုများအတွက် ဘဏ္ဍာရေး အထောက်အပံ့များ၊ နည်းပညာဆိုင်ရာ အသိပညာပေးမှုများနှင့် ခေတ်မီနည်းပညာများကို အသုံးချတတ်စေရန် ကူညီဆောင်ရွက်ပေးမှုများနှင့် သုတေသန လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။
စက်မှုလယ်ယာ ဆောင်ရွက်မှုကို အထောက်အကူပြုနိုင်ရန် စက်ပစ္စည်းကိုင်တွယ် ထိန်းသိမ်းနည်း သင်တန်းများ၊ အသက်မွေးဝမ်းကျောင်း သင်တန်းများ စုစုပေါင်း ၉၀ ကျော်ကို ရက် ၁၀၀ အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားရန် စီစဉ်ထားသည်။
စပါးသီးနှံအတွက် စိုက်ပျိုးစရိတ်ချေးငွေကို ယခင်က တစ်ဧက ကျပ်တစ်သိန်းချေး ခဲ့ရာမှ ကျပ်တစ်သိန်းခွဲအထိ တိုးမြှင့်ထုတ် ချေးသွားမည်ဖြစ်ပြီး အသေးစားချေးငွေကျပ် ၁၈ ဘီလျံနှင့် လယ်ယာသုံး စက်ကိရိယာ ကျပ်သုံးဘီလျံကျော်ဖိုးကို အရစ်ကျငွေချေစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်သည်။ တောင်သူများအတွက် လိုအပ်သည့် အရင်းအနှီး ရရှိစေရန် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ကျပ်ဘီလျံ ၉၀၀ ကို တောင်သူများ လက်ဝယ် ရောက်ရှိအောင် ထုတ်ချေးပေးရန် ဆောင်ရွက်နေကြောင်း သိရသည်။      
စိုက်ပျိုးရေ ရရှိရေးအတွက် ဆည်ရေသောက်စနစ်များ တိုးခဲျ့တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ စနစ်ကျနသော လယ်ယာမြေများ ဖော်ထုတ်ပေးခြင်း၊ မြစ်ရေတင် လုပ်ငန်းများနှင့် စိုက်ပျိုးရေ တိုးချဲ့ပေးနိုင်ရန် ဆောင်ရွက်ပေးခြင်း၊ ရေတွင်းများ တူးဖော်ပေးခြင်း၊ ဓာတ်အားပေးစက်များ တည်ဆောက်ပေးခြင်းတို့ကို ဆောင်ရွက်ရန် စီမံထားသည်။
ထို့ပြင် ကျေးလက်မီးလင်းရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆောင်ရွက်သည့်အခါ ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင်နှင့် ကျေးလက်နေ ပြည်သူများအတွက် ဆောင်ရွက်မည့်အစီအစဉ်များ၊ လုပ် ကွက်ငယ်တောင်သူ လယ်သမားများ၏ အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးကို ထိထိရောက်ရောက် ဖြစ်စေရေး ဆောင်ရွက်မည်ဖြစ်သည်။ လယ်ယာမြေနှင့် အခြားမြေ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီကို နိုင်ငံတော်အဆင့် ဖွဲ့စည်းပြီးဖြစ်ကာ ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဖြေရှင်းရန် စီစဉ်ထားသည်။
မွေးမြူရေးနှင့် ကုသရေးအပိုင်းတွင် အဖြစ်များသည့် ကျွဲနွားကူးစက်ရောဂါ သုံးမျိုးဖြစ်သည့် လည်ချောင်းကွဲရောဂါ၊ ဒေါင့်သန်းရောဂါနှင့် ပေါင်ပုပ်လက်ပုပ် ရောဂါအတွက် ကာကွယ်ဆေး စုစုပေါင်း ၇ ဒသမ ၃၃၁ သန်းကို ထုတ်လုပ်သွားမည်ဖြစ်ပြီး ကျွဲနွားကောင်ရေ ၁ ဒသမ ၉၅၄ သန်းကို အခမဲ့ ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်သည်။
ရာသီဥတု ပြောင်းလဲမှုများကြောင့် ငါးလုပ်ငန်းတွင် ထိခိုက်မှုမရှိစေရန် ကြိုတင်ကာကွယ်သည့် လုပ်ငန်းများကို အသိပညာ ပေးသွားမည်ဖြစ်ပြီး ငါးလုပ်ငန်းဦးစီးဌာနက ဘတ်ဂျက်ခွင့်ပြုငွေ ကျပ်သန်း ၁၄၉ သန်း ကျော်ဖြင့် ငါးသားပေါက်ကောင်ရေ ၅၉ သန်းကျော်ကို ဖြန့်ဖြူးပေးနိုင်ရန် စီစဉ်ထားသည်။
စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် စိုက် ပျိုးသီးနှံများ ထိခိုက်မှုအနည်းဆုံးနှင့် ထုတ်လုပ်နိုင်ရန် စီမံလျက်ရှိပြီး ဒေသနှင့် ကိုက်ညီသည့် ဒေသအလိုက် အကျိုးဖြစ်ထွန်းစေမည့်  သီးနှံများပြောင်းလဲ စိုက်ပျိုးနိုင်ရန် ဖော်ဆောင်သွားမည်ဖြစ်ကာ တရားမဝင် တင်သွင်းရောင်းချသည့် ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာများကို တားဆီးရေး၊ ပညာပေး လုပ်ငန်းနှင့်အတူ စစ်ဆေးအရေးယူမှုများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
 

Most Read

Most Recent