မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အတွင်းရှိ ဟိုတယ် တစ်ခုတွင် လူနှစ်ဦး သေဆုံး

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အတွင်းရှိ ဟိုတယ် တစ်ခုတွင် လူနှစ်ဦး သေဆုံး
Published 18 May 2016
သက်ထွန်းအောင်

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ကဉ္စနမဟီရပ်ကွက် လမ်း ၃၀၊ ၇၆ လမ်းနှင့် ၇၇ လမ်းကြားတွင် ရှိသည့် ဟိုတယ် တစ်ခု၏ အခန်းအမှတ် ၃၀၂ တွင် မေ ၁၇ ရက်က အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးနေကြောင်း သတင်းအရ တာဝန်ရှိရဲများမှ စစ်ဆေးခဲ့ရာ သေဆုံးသူ နှစ်ဦးမှာ အသက် ၂၇ နှစ်အရွယ် စိုးညွန့် (အရောင်းအဝယ်) နှင့် အသက် ၂၇ နှစ်အရွယ် မရွှေဝါ (မှီခို)တို့ ဖြစ်ပြီး တောင်သာမြို့နယ် ကျောက်ဖူးကျေးရွာတွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။ထို့နောက် တာဝန်ရှိရဲများ ဆက်လက် စုံစမ်းရာ စိုးညွန့် မသေဆုံးမီ နောက်ဆုံး ခေါ်ဆိုထားသော ဖုန်းနံပါတ်အား ဆက်သွယ်ရာ ၎င်း၏ အစ်ကို အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦး ဖြစ်ကြောင်း၊ အစ်ကိုဖြစ်သူ ပြောပြချက်အရ စိုးညွန့်နှင့် မရွှေဝါတို့မှာ လွန်ခဲ့သည့် လေးလခန့်က လက်ထပ်ခဲ့ကြောင်း၊ မန္တလေးမှ မြစ်ကြီးနားသို့ ဖိနပ် အရောင်းအဝယ် လုပ်ကိုင်နေကြောင်း၊ မေ ၁၆ ရက်တွင် မြစ်ကြီးနားမြို့မှ မန္တလေးမြို့သို့ ရောက်ရှိလာစဉ် ၎င်းတို့တွင် လူမှုရေး ပြဿနာဖြစ်နေသောကြောင့် မန္တလေးသို့ ပြန်လာပြီး ဟိုတယ်တွင်သာ တည်းခိုနေကြောင်း ဖုန်းဖြင့်ဆက်သွယ် ပြောကြားခဲ့ကြောင်း သိရသည်။ဟိုတယ် စာရေးဖြစ်သူ အမျိုးသမီးအား စစ်ဆေးချက်အရ မေ ၁၇ ရက် နံနက် ၈ နာရီက စိုးညွန့်နှင့် မရွှေဝါတို့ ဟိုတယ်အပြင်သို့ ထွက်ခွာပြီး ခဏအကြာ အခန်းသို့ လာခဲ့ကာ နံနက် ၁၁ နာရီခွဲတွင် ဟိုတယ်မှ အခန်းအား ဆက်လက်ယူ/မယူ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ဖုန်းမကိုင်သောကြောင့် စာရေးမှာ ဟိုတယ်လုပ်သားနှင့် အတူ အခန်းသို့ သွားရောက် မေးမြန်းစဉ် စိုးညွန့်နှင့် မရွှေဝါတို့မှာ အိပ်ရာ ခုတင်ပေါ်တွင် ပက်လက် အနေအထားနှင့် အန်ဖတ်များဖြင့် တစ်ဦးလက်တစ်ဦး ချိတ်ထားသည်ကို တွေ့ရှိရသောကြောင့် ခေါ်ရာ မရရှိသဖြင့် ရဲစခန်းသို့ အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။