မိုးကုတ်မြို့ ရေပူကျောင်း ဆရာတော်အား သစ်တောမှုဖြင့် ပြင်ဦးလွင်မြို့နယ် တရားသူကြီး ဦးလင်းအောင်သူက ငွေဒဏ် ကျပ်နှစ်သောင်း (သို့မဟုတ်) ထောင်ဒဏ် သုံးလ အမိန့်ချ

မိုးကုတ်မြို့ ရေပူကျောင်း ဆရာတော်အား သစ်တောမှုဖြင့် ပြင်ဦးလွင်မြို့နယ် တရားသူကြီး ဦးလင်းအောင်သူက ငွေဒဏ် ကျပ်နှစ်သောင်း (သို့မဟုတ်) ထောင်ဒဏ် သုံးလ အမိန့်ချ
မေ ၁၈ ရက်က ပြင်ဦးလွင်မြို့နယ် တရားရုံးထုတ်တွင် ရေပူဆရာတော်အား တွေ့ရစဉ်
မေ ၁၈ ရက်က ပြင်ဦးလွင်မြို့နယ် တရားရုံးထုတ်တွင် ရေပူဆရာတော်အား တွေ့ရစဉ်
Published 18 May 2016
အောင်သူ

မိုးကုတ်မြို့ ရေပူကျောင်း ဆရာတော်အား သစ်တောဥပဒေ ပုဒ်မ ၄၂ (ခ)ဖြင့် မေ ၁၈ ရက်က ပြင်ဦးလွင်မြို့နယ် တရားသူကြီး ဦးလင်းအောင်သူက ငွေဒဏ် ကျပ်နှစ်သောင်း (သို့မဟုတ်) ဒဏ်ငွေဆောင်ရန် ပျက်ကွက်ပါက ထောင်ဒဏ်သုံးလ ကျခံစေဟု အမိန့်ချမှတ်ခဲ့သည်။သစ်တောမှုဖြင့် စွဲချက်တင်ထားသော ရေပူဆရာတော်ကို အပြီးသတ်အမိန့် ချမှတ်နိုင်ရန်အတွက် မေ ၁၈ ရက်က ပြင်ဦးလွင်မြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး မြို့နယ်တရားသူကြီး ဦးလင်းအောင်သူက ရေပူဆရာတော်သည် သစ်တော ဥပဒေပုဒ်မ ၄၂ (ခ)အရ ကျုးလွန်ကြောင်း ထင်ရှားသဖြင့် ငွေဒဏ်နှစ်သောင်းကျပ် တိတိ ပေးဆောင်စေ၊ ပျက်ကွက်က ထောင်ဒဏ်သုံးလ ကျခံစေဟု အမိန့်ချမှတ်ခဲ့သည်။ သက်သေခံ ပစ္စည်းများ ဖြစ်သော သစ်များအား အယူခံ ပြင်ဆင်ရက် ကျော်က ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းစေဟု ဆက်လက် အမိန့်ချခဲ့သည်။တရားသူကြီးက အမိန့်နှင့် ပတ်သက်၍ မကျေနပ်ပါက အမိန့်ချမှတ်သည့်နေ့မှ ရက်ပေါင်း သုံးဆယ်အတွင်း အယူခံ တက်နိုင်ကြောင်း ပြောကြားသည်။အမိန့်ချမှတ်မှုနှင့် အယူခံတက်နိုင်သည်ဆိုသည့် ပြောကြားချက်အပေါ် ရေပူဆရာတော်က “တရားရုံးတွေမှာ စီရင်ချက်ချပြီးလို့ မကျေနပ်ဘူး ဆိုရင် အထက်ရုံးကို တက်လို့ ရပါတယ်ဆိုတဲ့ စကား အသုံးအနှုန်းလေးတွေ အမြဲပြောတယ်။ အဲဒီ စကားဟာ ငါလုပ်ချင်ရာ လုပ်မယ်။ ငါ့ပါးစပ်က ထွက်ရင် ဥပဒေပဲဆိုတဲ့ ပုံစံမျိုးလို့ မှတ်ယူတယ်။ ဒီအမှုနဲ့ ပတ်သက်လို့ အပြစ် မရှိဘူးလို့ ခံယူထားတဲ့ အတွက် ဒဏ်ငွေလည်း ဆောင်မှာ မဟုတ်သလို ချချင်တဲ့ အမိန့် ချနိုင်တယ်” ဟု ပြောဆို၍ တရားခွင်မှ ပြန်လည် ထွက်ခွာလာခဲ့သည်။တရားသူကြီး၏ အမိန့် ချမှတ်မှုနှင့် ပတ်သက်၍ တရားရုံးသို့ လာရောက်ကြသည့် ဆရာတော်၏ ဒါယကာ၊ ဒါယိကာမများက အလှူငွေများ စုပေါင်း ကောက်ခံ၍ တရားရုံးသို့ ဒဏ်ငွေ ပေးဆောင်ခဲ့ကြောင်း သိရသည်။“ဆရာတော်က ဒဏ်ငွေမဆောင်ချင်ဘူး ဆိုပေမယ့် ဒါယကာ၊ ဒါယိကာမတွေ အနေနဲ့ အမှု စဖြစ်ပြီ ဆိုကတည်းက ဒီနေ့အချိန်ထိ စိတ်ရော၊ လူရော၊ ငွေပါ ပင်ပန်းကြတယ်။ ဆရာတော်ကိုလည်း အခုလို ပုံစံနဲ့ ဆက်မမြင်ချင်တော့တဲ့ အတွက် စုပေါင်း အလှူငွေနဲ့ ဒဏ်ငွေပေးဆောင်ခဲ့တယ်။ အလှူငွေ တစ်သိန်းကျော် ရခဲ့တယ်။ ဒဏ်ငွေ ပေးဆောင်ပြီး ကျန်တဲ့ ငွေကိုလည်း ဆရာတော်ကံထပ်မှာ ထည့်ဝင် လှူဒါန်းသွားမယ်” ဟု ရေပူဆရာတော် ရုံးချိန်းတိုင်းတွင် လာရောက်ကူညီ ဆောင်ရွက်ပေးသည့် ဆရာတော်၏ ဒါယကာ တစ်ဦးက ပြောကြားသည်။ရေပူ ဆရာတော်အပေါ် ချမှတ်ခဲ့သည့် အမိန့်နှင့် ပတ်သက်၍ ဆရာတော်၏ အကျိုးတော်ဆောင် ရှေ့နေများက ရက်ပေါင်း သုံးဆယ်အတွင်း အယူခံ တက်သွားမည်ဖြစ်ကြောင်း သိရသည်။“တရားရုံးက ဆရာတော်မှာ အပြစ်ရှိတယ်လို့ ယူဆပြီး အခုလို အမိန့် ချခဲ့တယ်။ ကျွန်တော်တို့ ဘက်က အပြစ် မရှိဘူး။ ဥပဒေအရ မှားနေတယ်လို့ ယူဆတဲ့အတွက် အယူခံ တက်သွားမယ်။ စီရင်ချက်မိတ္တူ လျှောက်ပြီး ရပြီ ဆိုတာနဲ့ ရက်ပေါင်း သုံးဆယ် အတွင်းမှာ အနီးဆုံး အနေနဲ့ ပြင်ဦးလွင်ခရိုင် တရားရုံးမှာ အယူခံ ဝင်မယ်။ ခရိုင် တရားရုံးမှာ မအောင်ရင် တိုင်းဒေသကြီး တရားလွှတ်တော်ရုံးအထိ တက်မယ်။ ဒီကိစ္စက ဥပဒေပြဿနာ ဖြစ်သွားပြီ။ ဒီအပေါ်မှာ တရားရုံးနဲ့ ကျွန်တော်တို့က ဥပဒေ အယူအဆ ကွဲလွဲမှု ဖြစ်နေပြီ။ အဆင့်မြင့် တရားသူကြီးတွေက ဥပဒေကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ဝေဖန် သုံးသပ်နိုင်အောင် အယူခံကို အဆင့်ဆင့် တက်သွားမယ်” ဟု ရေပူဆရာတော်၏ အကျိုးဆောင်ရှေ့နေ ဦးပေါ်ဦးက ပြောကြားသည်။မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ရှိ ရေပူကျောင်း ဆရာတော်သည် ကျောင်းဝင်း အတွင်းရှိ စေတီဟောင်းများကို ရှင်းလင်း၍ ဓာတ်ပေါင်းစုစေတီ တစ်ဆူ တည်ထားကိုးကွယ်ရန် မြေညှိ ရှင်းလင်းခြင်း ဆောင်ရွက်ရာမှ တရားမဝင် ကျောက်မျက်တူးဖော်သည်ဟု ဆိုကာ ကျောက်မျက်ဌာနက (ပ)၆၃/၂၀၁၅ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေပုဒ်မ ၄၁ (က)(ခ)အရ လည်းကောင်း၊ သာသနာ ညှိုးနွမ်းစေသည်ဟု ဆိုကာ စေတီဟောင်းများ အနက် စေတီဟောင်း တစ်ဆူ၏ အလှူရှင်ဟု ဆိုသူ ဦးဖေစိန်က(ပ)၆၄/၂၀၁၅ ပြစ်မှု ပုဒ်မ၂၉၅ ဖြင့် လည်းကောင်း၊ ယင်းအမှု နှစ်ခုအပြင် ဆရာတော်၏ ကျောင်းဝင်းအတွင်း ကျောင်းဆောက်လုပ်ရန် ဝယ်ယူ စုဆောင်းထားသည့် သစ်များနှင့် ပတ်သက်၍ သစ်တောဌာနမှ သစ်တော ဥပဒေပုဒ်မ ၄၂(ခ)ဖြင့် အသီးသီး အမှုဖွင့် တရားစွဲဆိုခဲ့ခြင်းကြောင့် ၂၀၁၅ ခုနှစ်၊ ဇွန် ၉ ရက် ညပိုင်းက ဆရာတော်အား လူဝတ်လဲ၍ ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။အဆိုပါ ပုဒ်မ သုံးခုအနက် သာသနာ ညှိုးနွမ်းစေမှု ပုဒ်မ (၂၉၅)ဖြင့် တရားစွဲဆို ခံရသည့် ရေပူဆရာတော်နှင့် အရပ်သား လေးဦးကို ပြီးခဲ့သည့် ဧပြီ ၂၂ ရက်က ပြင်ဦးလွင်မြို့နယ် တရားသူကြီး ဦးလင်းအောင်သူက စွဲချက် မတင်ဘဲ တရားရှင် လွှတ်ပေးခဲ့ကြောင်း သိရသည်။