- ပွဲစဉ်အားလုံး တနင်္ဂနွေည (၈း၃၀) နာရီတွင် ကစားပါမည်။
■ အာဆင်နယ် နှင့် ဗီလာ
အာဆင်နယ်က ချန်ပီယံလိဂ်ဝင်ခွင့် သေချာသွားပြီဖြစ်ပြီး အသာရနေကျဖြစ်တဲ့ စပါးအသင်း အထက်ကို တက်နိုင်ဖို့ ကြိုးစားပါလိမ့်မယ်။ အက်စတွန်ဗီလာက ဘာဆိုဘာမှ မရှိတော့တဲ့အသင်းပါ။ နယူးကာဆယ်ကို နောက်ဆုံး ဒုက္ခပေးသွားတာလည်းခြေစွမ်းကြောင့် မဟုတ်ပါဘူး။ အာဆင်နယ် ဂိုးပြတ်သွင်းလိမ့်မယ်။
■ မန်ယူ နှင့် ဘုန်းမောက်
မန်ယူရဲ့ ကံကြမ္မာက ကိုယ့်လက်ထဲမှာ မရှိပါဘူး။ ကိုယ်ကနိုင်ရင်တောင် မန်စီးတီးရဲ့ ရလဒ်ကို စောင့်ကြည့်ရမယ့် အခြေအနေ ဖြစ်ပါတယ်။ အရင်ကတော့ ဒီလိုပွဲမျိုးက အမှတ်ပေး ချန်ပီယံဆုအတွက် စောင့်ကြည့်ရတဲ့ အခြေအနေပါ။ အခုတော့ အဆင့် (၄)နေရာအတွက်တောင် ကိုယ့်လက်ထဲမှာ ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်မထားနိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် မန်ယူက ဝေဖန်စရာတွေ ဖြစ်နေပေမယ့် ရလဒ်ပိုင်းက အရမ်းတော့မဆိုးပါဘူး။ ကစားရမှာက အိမ်ကွင်းဖြစ်နေပြီး ဘုန်းမောက်ရဲ့ ခံစစ်ကလည်း အရမ်းညံ့ပါတယ်။ မန်ယူအသင်းပဲ အနိုင် ကစားသွားပါလိမ့်မယ်။
■ ဆောက်သမ်တန် နှင့် ပဲလေ့စ်
ပဲလေ့စ်အတွက်တော့ ဒီပွဲက သူတို့အတွက် သိပ်အရေးမပါပါဘူး။ ဆောက်သမ်တန်ကသာ (၃)မှတ်ကို မဖြစ်မနေ ယူရမယ့် အခြေအနေပါ။ လက်ရှိခြေစွမ်းနဲ့ ရလဒ်ပိုင်းလည်း ကွာပါတယ်။ ဆောက်သမ်တန် နိုင်ပါလိမ့်မယ်။
■ ချယ်လ်ဆီး နှင့် လက်စတာ
ရာနီရေးရီရဲ့ စတမ်းဖို့ဒ်ဘရစ်ချ် အပြန်လမ်းကို ချယ်လ်ဆီးပရိသတ်တွေ နွေးထွေးစွာ ကြိုဆိုကြပါလိမ့်မယ်။ အသင်းငယ်လေး တစ်သင်းနဲ့အတူ ရယူခဲ့တဲ့ အောင်မြင်မှုကိုလည်း ချယ်လ်ဆီးအသင်း ပရိသတ်တွေ ဝိုင်းပြီး ဂုဏ်ပြုကြပါလိမ့်မယ်။
ဒါပေမဲ့ ဒီရာသီမှာ ဂုဏ်သိက္ခာ အထပ်ထပ်ကျခဲ့တဲ့ ချယ်လ်ဆီးအတွက်တော့ ဒီပွဲအနိုင်ရလဒ်ကို ချိုမြိန်စွာ စားသုံးချင်နေပါလိ့မ်မယ်။ လက်စတာအနေနဲ့လည်း အမှတ်ပေးချန်ပီယံ အသင်းတစ်သင်းရဲ့ ရာသီပိတ်ပွဲစဉ်ကို အောင်မြင်မှုနဲ့ ပိတ်သိမ်းချင်မှာဖြစ်သလို၊ အမှတ်ပေး ချန်ပီယံဖြစ်ပြီးချိန်မှာတောင် အဲဗာတန်ကို ဂိုးပြတ်သွင်းခဲ့တာ၊ ခြေစွမ်း မကျသေးတာ၊ အရှိန်မချသေးတာကို တွေ့ရပါတယ်။
ချယ်လ်ဆီးအသင်းရဲ့တိုက်စစ်မှာ ဒီယေဂိုကော်စတာပါဖို့ မသေချာပါဘူး။ ခံစစ်မှာ တယ်ရီမကစားနိုင်ဘူး။ ကျန်ကစားသမားတွေကတော့ အစုံအလင်ကစားပြီး ဒီရာသီမှာတွေ့နေကျ လူစာရင်း၊ ကစားနေကြခြေစွမ်းကိုပဲ တွေ့ရပါလိမ့်မယ်။ အိမ်ကွင်းနောက်ဆုံးနှစ်ပွဲမှာ (၆)ဂိုးသွင်းခဲ့တဲ့ တိုက်စစ်က အားရစရာပါ။ ဒါပေမဲ့ စုစည်းမှုကောင်းပြီး ကျစ်လျစ်တဲ့ လက်စတာခံစစ်ကို ကျော်ဖြတ်နိုင်ဖို့ခက်ပါတယ်။ ဟာဇက်-ဖာဘရီဂတ်စ်-ဝီလီယံအတွဲက နားလည်မှုအားကောင်းပေမယ့် လက်စတာကွင်းလယ်က ကောင်းကောင်း ယှဉ်ကစားနိုင်ပါတယ်။ ချယ်လ်ဆီးတိုက်စစ်ကို ဖျက်ဆီးနိုင်သလို၊ တန်ပြန်တိုက်စစ် လမ်းကြောင်းတွေကလည်း ချယ်လ်ဆီးခံစစ်ကို ဒုက္ခပေးနိုင်ဖို့ အသင့်ရှိပါတယ်။ ချယ်လ်ဆီးကွင်းမှာ လက်စတာ မရှုံးအောင် ကစားသွားဦးမှာပါ။
■ ဝက်စ်ဘရွန်း နှင့် လီဗာပူးလ်
ဝက်စ်ဘရွန်းက ရလဒ်တွေ ကျဆင်းနေတယ်။ အိမ်ကွင်းမှာတော့ မဆိုးဘူးပဲ ပြောရမယ်။
စိတ်ဓာတ်ပြင်းပြီး အားထည့်ကစားလေ့ရှိတယ်။ ယူရိုပါလိဂ် ဗိုလ်လုပွဲ ကစားရဖို့ရှိနေတဲ့ လီဗာပူးလ်အတွက်ကလည်း ဒီလိုအချိန်မှာ ဘယ်လို အနာတရ ဖြစ်မှုမျိုးကိုမှ အဖြစ်ခံတော့မှာမဟုတ်ပါဘူး။ သရေကျသွားနိုင်ပါတယ်။
■ ဆွမ်ဆီး နှင့် မန်စီးတီး
အမှတ်မလိုဘူးဆိုတဲ့အသင်း၊ နယူးကာဆယ်နဲ့ လက်စတာကို ဂိုးပြတ်တွေ ရှုံးခဲ့တဲ့အသင်းက အမှတ်လိုနေတဲ့ လီဗာပူးလ်နဲ့ ဝက်စ်ဟမ်းတို့ကို အံ့အားသင့်စရာ ဂိုးပြတ်နိုင်ပွဲတွေကို ရယူခဲ့ပြန်ပါတယ်။ ဆွမ်ဆီးအသင်းက ဒီလိုလုပ်ရမှာကို ခံတွင်းတွေ့နေပါပြီ။ မန်စီးတီးကိုလည်း အတတ်နိုင်ဆုံး အခက်ကြုံအောင်လုပ်ဖို့ စဉ်းစားထားပါလိမ့်မယ်။ မန်စီးတီးအတွက်ကလည်း အမှတ်လိုအပ်နေပြီး သေရေးရှင်ရေး အခြေအနေပါ။ သရေတစ်မှတ်ဆိုရင် ရည်မှန်းချက်ပြည့်မယ့် အနေအထားမှာစောစောစီးစီး အနိုင်မရထားရင် သရေအတွက်ပဲ ထိန်းကစားဖို့များပါတယ်။ သေချာတာတော့ မန်စီးတီး နိုင်ဖို့ခက်ပါတယ်။
■ အဲဗာတန် နှင့် နောဝစ်ချ်
အညံ့ချင်းပြိုင်ကြမယ့်ပွဲပါ။ နောဝစ်ချ်က နောက်ဆုံး ကစားခဲ့တဲ့ပွဲမှာ ဝက်ဖို့ဒ်ကို ဂိုးပြတ် အနိုင်ကစားခဲ့ပေမယ့် ဆန်းဒါးလန်းကလည်း အနိုင်ကစားခဲ့လို့ တန်းဆင်းသွားရပါပြီ။ အဲဗာတန်က ရလဒ်တွေ ဆက်တိုက်ကျဆင်းနေပြီး အိမ်ကွင်းရာသီပိတ်ပွဲမှာတော့ နိုင်ပွဲပြန်ရနိုင်ပါတယ်။
■ ဝက်ဖို့ဒ် နှင့် ဆန်းဒါးလန်း
ဆန်းဒါးလန်းက နောက်ဆုံးကစားခဲ့တဲ့ (၅)ပွဲမှာ (၃)ပွဲ နိုင်ခဲ့တယ်။ နောက်ဆုံးနှစ်ပွဲမှာလည်း ချယ်လ်ဆီးနဲ့ အဲဗာတန်ကို ဆက်တိုက်နိုင်ပြီး တန်းဆင်းဇုန်ကနေ လွတ်သွားခဲ့ပြီ။ အားလည်း လျှော့လိုက်ဖို့များပါပြီ။ ဆက်တိုက်ရှုံးနေတဲ့ ဝက်ဖို့ဒ် ဒီပွဲတော့ ရလဒ်ကောင်း ပြန်ယူမှာပါ။ အနိမ့်ဆုံးသရေပဲ။
■ နယူးကာဆယ် နှင့် စပါး
နယူးကာဆယ်က တန်းဆင်းသွားခဲ့ပါပြီ။ အမှတ်မလိုတော့ပေမယ့် ရာသီပိတ်မှာ ပရိသတ်တွေ ကျေနပ်အောင် ကြိုးစားပြပါလိမ့်မယ်။ ဒါပေမဲ့ တစ်မှတ်ယူမှ အဆင့်(၂)နေရာ သေချာမယ့် စပါး သရေနဲ့ အနိုင်ပါပဲ။
■ စတုတ်စီးတီး နှင့် ဝက်စ်ဟမ်း
ဝက်စ်ဟမ်းက ခြေချော်လို့မရတဲ့ အနေအထားမှာ ရှိနေပါသေးတယ်။ မန်ယူကို မီနိုင်သေးသလို၊ ဆောက်သမ်တန်ရဲ့ကျော်တက်ခြင်းကို မခံရဖို့က ပိုမို ဦးစားပေးရမယ့် အစီအစဉ်ပါ။ ဒီတော့ အမှတ်မလို၊ သာမန်အားထုတ်မှုသာရှိတဲ့ စတုတ်စီးတီးကို အနိုင်ကစားပါလိမ့်မယ်။
ပရီးမီးယားလိဂ် ပွဲစဉ် (၃၈) အကြိုသုံးသပ်ချက်
Most Read
Most Recent
12 hours ago
13 hours ago
13 hours ago
13 hours ago
13 hours ago