ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ဘောလုံးကလပ်များစာရင်းတွင် ရီးယဲလ်အသင်း ထိပ်ဆုံးမှ လေးနှစ်ဆက် ဦးဆောင်

ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ဘောလုံးကလပ်များစာရင်းတွင် ရီးယဲလ်အသင်း ထိပ်ဆုံးမှ လေးနှစ်ဆက် ဦးဆောင်
မေ ၈ ရက်က ဗလင်စီယာနှင့် ကစားခဲ့သည့်ပွဲတွင် ဂိုးသွင်းယူအပြီး အောင်ပွဲခံနေသည့် ရီးယဲလ်မက်ဒရစ်အသင်း တောင်ပံကစားသမား စီရော်နယ်လ်ဒို (Photo:AFP)
မေ ၈ ရက်က ဗလင်စီယာနှင့် ကစားခဲ့သည့်ပွဲတွင် ဂိုးသွင်းယူအပြီး အောင်ပွဲခံနေသည့် ရီးယဲလ်မက်ဒရစ်အသင်း တောင်ပံကစားသမား စီရော်နယ်လ်ဒို (Photo:AFP)
Published 13 May 2016

အမေရိကန်အခြေစိုက် ကမ္ဘာကျော် စီးပွားရေးမဂ္ဂဇင်းဖြစ်သည့် Forbes မဂ္ဂဇင်းက ထုတ်ပြန်သည့် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ဘောလုံးကလပ်အသင်းများ စာရင်းတွင် စပိန် ကလပ် ရီးယဲလ်မက်ဒရစ်အသင်းက ထိပ်ဆုံးနေရာ၌ လေးနှစ်ဆက်တိုက် ဦးဆောင်နိုင်ခဲ့ကြောင်း သိရသည်။
ယင်းစာရင်းကို မေ ၁၁ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ရီးယဲလ်အသင်းသည် တစ်နှစ်အတွင်း ဒေါ်လာ ၆၉၄ သန်း ဝင်ငွေရရှိခဲ့သလို အသင်း၏ပိုင်ဆိုင်မှုမှာ ဒေါ်လာ ၃ ဒသမ ၆၄၅ ဘီလျံဖြင့် ထိပ်ဆုံးနေရာတွင် ဦးဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ ဘာစီလိုနာအသင်းက ပိုင်ဆိုင်မှု ဒေါ်လာ ၃ ဒသမ ၅၄၉ ဘီလျံဖြင့် ဒုတိယ၊ မန်ယူအသင်းက ဒေါ်လာ ၃ ဒသမ ၃၁၇ ဘီလျံဖြင့် တတိယ၊ ဘိုင်ယန်မြူးနစ်အသင်းက ဒေါ်လာ ၂ ဒသမ ၆၇၈ ဘီလျံဖြင့် စတုတ္ထ၊ အာဆင်နယ်အသင်းက ဒေါ်လာ ၂ ဒသမ ၀၁၇ ဘီလျံဖြင့် အဆင့် ၅၊ မန်စီးတီးအသင်းက ဒေါ်လာ ၁ ဒသမ ၉၂၁ ဘီလျံဖြင့် အဆင့် ၆၊ ချယ်လ်ဆီးအသင်းက ဒေါ်လာ ၁ ဒသမ ၆၆၁ ဘီလျံဖြင့် အဆင့် ၇၊ လီဗာပူးလ်အသင်းက ဒေါ်လာ ၁ ဒသမ ၅၄၈  ဘီလျံဖြင့် အဆင့် ၈၊ ဂျူဗင်တပ်စ်အသင်းက ဒေါ်လာ ၁ ဒသမ ၂၉၉ ဘီလျံဖြင့် အဆင့် ၉၊ စပါးအသင်းက ဒေါ်လာ ၁ ဒသမ ၀၁၇ ဘီလျံ ဖြင့် အဆင့် ၁၀ နေရာတွင် အစဉ်လိုက် ရပ်တည်လျက်ရှိကြောင်း သိရသည်။ ယခုစာရင်း၏ ထိပ်ဆုံး ၁၀ နေရာတွင် အင်္ဂလန်ကလပ် ခြောက်သင်းအထိ ပါဝင်ခဲ့ပြီး စပါးအသင်းမှာ ထိပ်ဆုံး ၁၀ သင်းစာရင်း၌ ပထမဆုံးအကြိမ် ပါဝင်လာခဲ့ခြင်းဖြစ်သည်။ Forbes မဂ္ဂဇင်း၏ ထုတ်ပြန်ချက်အရ တန်ဖိုးအမြင့်ဆုံး ကလပ်အသင်းများစာရင်း၌ ထိပ်ဆုံးအသင်း ၂၀ နေရာတွင် ရပ်တည်နိုင်သည့် အသင်းများ၏ ပိုင်ဆိုင်မှုမှာ ၂၀၁၅ ခုနှစ်ထက် ၂၄ ရာခိုင်နှုန်း မြင့်တက်လာပြီး ကလပ်အသင်းများအနေဖြင့် ရုပ်သံထုတ်လွှင့်ခွင့်စာချုပ်နှင့် အင်္ကျီစပွန်ဆာ စာချုပ်များမှ ဝင်ငွေ ပိုမို မြင့်တက်လာခြင်း ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ရီးယဲလ်အသင်းသည် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး အားကစားအသင်းများ စာရင်းတွင်လည်း NFL ကလပ် ဒဲလက်စ်ကောင်းဘွိုင် (ဒေါ်လာ ၄ ဘီလျံ)၏ နောက် ဒုတိယနေရာ၌ ရပ်တည်နိုင်ခဲ့သည်။
 
■ ကမ္ဘာ့ တန်ဖိုးအမြင့်ဆုံး အသင်း ၁၀ သင်း
ရီးယဲလ်မက်ဒရစ်         စပိန်   ၃.၆၄၅ ဘီလျံ
ဘာစီလိုနာ      စပိန်    ၃.၅၄၉ ဘီလျံ
မန်ယူ             အင်္ဂလန်         ၃.၃၁၇ ဘီလျံ
ဘိုင်ယန်မြူးနစ်  ဂျာမနီ          ၂.၆၇၈ ဘီလျံ
အာဆင်နယ်    အင်္ဂလန်      ၂.၀၁၇ ဘီလျံ
မန်စီးတီး         အင်္ဂလန်       ၁.၉၂၁ ဘီလျံ
ချယ်လ်ဆီး       အင်္ဂလန်      ၁.၆၆၁ ဘီလျံ
လီဗာပူးလ်      အင်္ဂလန်      ၁.၅၄၈ ဘီလျံ
ဂျူဗင်တပ်စ်      အီတလီ        ၁.၂၉၉ ဘီလျံ
စပါး               အင်္ဂလန်         ၁.၀၁၇ ဘီလျံ