နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းအား မေ ၂ ရက်တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့သည်။အဆိုပါ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ ကိုယ်စား ဥပဒေကြမ်း ကော်မတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးလင်းက တင်သွင်းခဲ့သည်။ထိုသို့ ဥပဒေကြမ်း တင်သွင်းမှု အပေါ် ဥပဒေကြမ်း ကော်မတီ၏ လေ့လာ တွေ့ရှိချက် အစီရင်ခံစာအား ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ဖတ်ကြား တင်ပြခဲ့ပြီး ဥပဒေကို ရုပ်သိမ်းရခြင်း၏ အခြေခံ အချက်များကို အစီရင်ခံစာ၌ ဖော်ပြခဲ့သည်။၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေသည် နိုင်ငံတော်၏ ဒေသ တစ်ခုခုတွင် ဖြစ်စေ၊ ဒေသ အချို့တွင် ဖြစ်စေ၊ နိုင်ငံတော် တစ်ဝန်းလုံးတွင် ဖြစ်စေ၊ အရေးပေါ် အခြေအနေ ကြေညာပြီး ထိုဒေသများတွင် နေထိုင်သော နိုင်ငံသားများ၏ မူလ အခွင့်အရေး တစ်ရပ်ရပ်ကို လည်းကောင်း၊ အများကို လည်းကောင်း လိုအပ်သလို ကန့်သတ်နိုင်ရန် ပြဋ္ဌာန်းခဲ့သည့် ဥပဒေ ဖြစ်ခြင်း၊ ဥပဒေပါ နိုင်ငံသားများ၏ မူလ အခွင့်အရေးကို ကန့်သတ်ခြင်းသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးရမည့် ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်နေခြင်းတို့သည် ဥပဒေအား ရုပ်သိမ်းရခြင်း အခြေခံ အချက်များ ဖြစ်ကြောင်း ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ထို့ပြင် ယင်းဥပဒေသည် တစ်ပါတီ စနစ်ကို ကျင့်သုံးစဉ်က ပြဋ္ဌာန်းခဲ့သော ဥပဒေဖြစ်ပြီး ယနေ့ ပါတီစုံ ဒီမိုကရေစီ စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းကြောင့် လက်ရှိ အခြေအနေနှင့် ကိုက်ညီမှု မရှိခြင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အရေးပေါ် အခြေအနေ သက်ရောက်သည့် နယ်မြေဒေသနှင့် အချိန်ကာလ ဖော်ပြပြီး ယင်းဒေသတွင် နေထိုင်သော နိုင်ငံသားများ၏ မူလ အခွင့်အရေးများကို လိုအပ်သလို ကန့်သတ်ခြင်း၊ ရပ်ဆိုင်းခြင်းတို့ကို ဆောင်ရွက်နိုင်ပြီး ယင်းအမိန့်ကို ဖောက်ဖျက်ပါက ရာဇသတ်ကြီးပါ ပြဋ္ဌာန်းချက်များနှင့် အရေးယူနိုင်ခြင်းတို့သည်လည်း ဥပဒေ ရုပ်သိမ်းရသည့် အခြေခံ အချက်များတွင် ပါဝင်ကြောင်း ကော်မတီ၏ အစီရင်ခံစာအရ သိရသည်။ထို့အတူ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီသည် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များ၊ ဥပဒေပြုရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၊ ပြည်ထဲရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ညှိနှိုင်း အစည်းအဝေး ပြုလုပ်၍ ယင်း ဥပဒေအပေါ် စိစစ်မှု ပြုလုပ်ခဲ့ရာတွင် အထက်ပါ အလားတူ အချက်များကို စိစစ်တွေ့ရှိကြောင်း ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။“ဥပဒေ၏ အနှစ်သာရဖြစ်သည့် သက်ဆိုင်ရာ တရားရုံးက ပြစ်မှုကျူးလွန်ကြောင်း မဆုံးဖြတ်သေးသရွေ့ အပြစ်မဲ့သူဟု မှတ်ယူရမည့်မူနှင့် ဆန့်ကျင်လျက် ရှိခြင်း၊ စွပ်စွဲချက် သက်သက်ဖြင့် မကျူးလွန်ရသေးသော ပြစ်မှုအတွက် ကြိုတင် အပြစ်ပေးရာ ရောက်နိုင်ခြင်းသည် ဥပဒေ အရာတွင် မလိုလားအပ်သော အရာ ဖြစ်ခြင်းတို့ကို တွေ့ရှိရပါသည်” ဟု ဦးထွန်းထွန်းဟိန်က ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာ၌ ဥပဒေ ရုပ်သိမ်းရခြင်း လေ့လာတွေ့ရှိချက်အား ဖတ်ကြားခဲ့သည်။အဆိုပါ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း တင်သွင်းမှုအပေါ် ရခိုင်အမျိုးသား ပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက “ဒီဥပဒေက ကျွန်တော်တို့ တစ်ပါတီ အာဏာရှင် စနစ်တုန်းက ဒါနိုင်ငံရေးသမားတွေကို သက်သက် ရည်ရွယ်ချက်ရှိရှိနဲ့ အချိန်အကြာကြီး ထိန်းသိမ်းထားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တဲ့ ဥပဒေလို့ မြင်တယ်။ ဒီအချိန်အခါမှာတော့ ကျွန်တော်တို့ နိုင်ငံရေး သမားတွေဆိုတာ အဲဒီလို ရာဇဝတ်ကောင်တွေ မဟုတ်တော့ပါဘူး။ ကျွန်တော်တို့ ထိုက်ထိုက်တန်တန် နိုင်ငံတော်မှာ ပါဝင်ဆောင်ရွက်ခွင့် ရလာတဲ့ အခြေအနေမျိုးလည်း ရှိနေပါပြီ။ တစ်ချိန်က နိုင်ငံရေးသမားတွေကို ကြောက်ပြီးတော့ အဲဒီလို စွဲချက် ပုဒ်မ မရှိတဲ့ အခါမှာ တစ်ခုခုကို အကြောင်းရှာပြီးတော့ နိုင်ငံတော်ကို ဖျက်ဆီးတဲ့သူ နှောင့်ယှက်တဲ့သူ ဆိုပြီး ခေါင်းစဉ်တပ်ပြီးတော့ နှစ်ပေါင်းအများကြီး ထိန်းသိမ်းတာပေါ့။ အဲဒါ ဒီနေ့ ဖျက်သိမ်းလိုက်ခြင်းအားဖြင့် ကျွန်တော်တို့ နိုင်ငံရေးသမားတွေရဲ့ ရှေ့ကို လုပ်ရမယ့် လုပ်ရပ်တွေ အတွက်လည်း ကာကွယ်ရာ ရောက်တယ်။ ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းနေတဲ့ နိုင်ငံတော်ကိုလည်းပဲ ထိုက်ထိုက်တန်တန် အသိအမှတ်ပြုရာ ရောက်တယ်။ ဒါကြောင့် ဒီဥပဒေက တိုင်းပြည်ကို အကျိုးပြုမယ့် ဥပဒေ မဟုတ်ဘူး။ တိုင်းပြည်ကို အကျိုးပြုနေတဲ့ သူတွေကို နှိပ်ကွပ်တဲ့ ဥပဒေမို့လို့ဒါ ဖျက်သိမ်းလိုက်တာကို ကြိုဆိုပါတယ်။ ထောက်ခံပါတယ်” ဟု လွှတ်တော် အစည်းအဝေးအပြီး မီဒီယာများအား ပြောကြားသည်။ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းဆွေးနွေးလိုသူများသည် ပြင်ဆင်လိုသည့် ဥပဒေကြမ်း၏ အပိုဒ် အပိုဒ်ခွဲ အကြောင်းအရာကို တိတိကျကျ ဖော်ပြ၍ မေ ၅ ရက် နောက်ဆုံးထား အမည်စာရင်း တင်သွင်းရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေညာခဲ့သည်။
နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း ပြည်သူ့လွှတ်တော်တွင် တင်သွင်း















