ဝင်ငွေ အလယ်အလတ်ရှိ နိုင်ငံ ဖြစ်လာရေးအတွက် မြန်မာ အနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် တစ်ဦးချင်း GDP တန်ဖိုး ဒေါ်လာ ၃၀၀၀ နှင့် GNP တန်ဖိုး ဒေါ်လာ ဘီလျံ ၁၈၀ ရှိရန် အခြေခံ မျှော်မှန်းချက်များအဖြစ် ရည်မှန်း

ဝင်ငွေ အလယ်အလတ်ရှိ နိုင်ငံ ဖြစ်လာရေးအတွက် မြန်မာ အနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် တစ်ဦးချင်း GDP တန်ဖိုး ဒေါ်လာ ၃၀၀၀ နှင့် GNP တန်ဖိုး ဒေါ်လာ ဘီလျံ ၁၈၀ ရှိရန် အခြေခံ မျှော်မှန်းချက်များအဖြစ် ရည်မှန်း
Published 20 April 2016
စည်သူအောင်

ဝင်ငွေ အလယ်အလတ် အဆင့်ရှိသော နိုင်ငံ ဖြစ်လာစေရန် မြန်မာနိုင်ငံ အနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် တစ်ဦးချင်း အသားတင် ထုတ်လုပ်မှု တန်ဖိုး (Per Capita GDP) ဒေါ်လာ ၃၀၀၀ နှင့် စုစုပေါင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GNP) ဒေါ်လာ ဘီလျံ  ၁၈၀ ရှိရန် ၂၀၁၅ ခုနှစ်က ရေးဆွဲထားသော အမျိုးသား ဘက်စုံဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (NCDP) ၌ အခြေခံ မျှော်မှန်းချက်အဖြစ် ရည်မှန်းထားကြောင်း သိရသည်။ယင်းစီမံကိန်းတွင် ၂၀၁၃ ခုနှစ်၏ Per Capita GDP US$ 915 (IMF မှ ထုတ်ပြန်သော စာရင်းများအရ)ကို အခြေပြုပြီး တိုးတက်နှုန်း ၇ ဒသမ၂၃ ရာခိုင်နှုန်းဖြင့် ရည်မှန်းချက်သို့ ရောက်အောင် ရေးဆွဲထားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ လူဦးရေစာရင်းများအရ Per Capita GDP တိုးနှုန်း ၇ ဒသမ ၂၃ ရာခိုင်နှုန်း ရရှိရန် ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်း ၇ ဒသမ ၈ ရာခိုင်နှုန်း ပျမ်းမျှ ရှိရမည်ဖြစ်သည်။မြန်မာနိုင်ငံ၏ လက်ရှိ Per Capita GDP တိုးနှုန်းသည် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့ တွေ့ကြုံခဲ့ရသော အနေအထားနှင့် တူညီနေသည်ဟု သုံးသပ်ထားပြီး ပျမ်းမျှ တိုးတက်မှုနှုန်း ၄ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ပါက ၂၀၃၀ ပြည့်နှစ်တွင် Per Capita GDP ဒေါ်လာ ၂၀၀၀ နှင့် ဝင်ငွေ အလယ်အလတ် အဆင့်ထက်နိမ့်သည့် အခြေအနေကိုသာ ရရှိနိုင်မည်ဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း ပျမ်းမျှတိုးတက်မှုနှုန်း ၉ ဒသမ ၀၆ ရာခိုင်နှုန်းအထိ ရှိလာပါက Per Capita GDP သည် ဒေါ်လာ ၄၀၀၀ ရရှိမည်ဖြစ်ပြီး ကမ္ဘာ့စီးပွားရေး အနေအထား ကြိုတင်ခန့်မှန်းမှုနှင့် ချိန်ဆမှုများအရ ဖြစ်နိုင်ဖွယ် နည်းပါးသည့် အခြေအနေဟု ယူဆနိုင်သည်။မြန်မာနိုင်ငံ အနေဖြင့် လာမည့် ၂၀၃၀ ပြည့်နှစ်အထိ တစ်ဦးချင်းဝင်ငွေ တိုးတက်မှုနှုန်း မျှော်မှန်းချက်ကို အနိမ့်ဆုံး ၂ ဒသမ ၆ ဆမှ အမြင့်ဆုံး ၅ ဒသမ ၅ ဆအထိ အာရှနိုင်ငံများနှင့် နှိုင်းယှဉ်ရာတွင် အမြင့်ဆုံးအဆင့် ရရှိရန် လျာထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံကို ၂၀၃၀ ပြည့်နှစ်တွင် အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့၏ လက်ရှိဝင်ငွေ အလယ်အလတ် ရရှိသော အနေအထားရောက်အောင် ရည်မှန်းပြီး အမြင့်ဆုံး GDP တိုးတက်နှုန်း ၉ ဒသမ ၇ ရာခိုင်နှုန်း ရရှိပါက Per Capita တိုးနှုန်း အမြင့်ဆုံး ၉ ဒသမ ၁ ရာခိုင်နှုန်းနှင့် ဒေါ်လာ ၄၀၀၀ ရရှိရန် မျှော်မှန်းထားသည်။အလယ်အလတ်အဆင့် ဝင်ငွေရရှိနိုင်ရန် မြန်မာနိုင်ငံ၏ GDP နှစ်စဉ် ပျမ်းမျှတိုးနှုန်းသည် ၇ ဒသမ ၂ ရာခိုင်နှုန်း ရှိရမည်ဖြစ်ပြီး ယင်းနှုန်းအရ ဆိုပါက ၂၀၃၀ ပြည့်နှစ်တွင် GNP ပမာဏမှာ ဒေါ်လာ ၁၈၀ ဘီလျံ ရှိမည်ဖြစ်သည်။ ယင်းအခြေခံ မျှော်မှန်းချက် ပြည့်မီနိုင်စေရန် မြန်မာနိုင်ငံသည် စိန်ခေါ်မှု ရှိနေသော ပြုပြင်ပြောင်းလဲမှုများကို စဉ်ဆက်မပြတ် ပြုလုပ်ရမည်ဖြစ်ပြီး နိုင်ငံတကာ အဆင့်မီနိုင်ငံ ဖြစ်စေရန် စီးပွားရေး အဆောက်အအုံ၏ အဓိက ကဏ္ဍများဖြစ်သော လယ်ယာ၊ စက်မှု၊ တည်ဆောက်ရေး၊ ငွေရေးကြေးရေး၊ စွမ်းအင်၊ သတ္တုနှင့် ခရီးသွားလာရေး ကဏ္ဍများကို တိုးတက်မှုရှိအောင် လုပ်ဆောင်ရမည် ဖြစ်သည်ဟု သုံးသပ်ထားသည်။၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသည် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ပူးပေါင်းပါဝင်နိုင်သော ဖွံ့ဖြိုးသည့်နိုင်ငံ တစ်ခုအဖြစ် ရောက်ရှိရန်ဖြစ်သည်။ ၂၀၃၀ မျှော်မှန်းချက်များသည် နိုင်ငံသား အားလုံးအတွက် ပိုမိုကောင်းမွန်သော လူမှုဘ၀ ရရှိရန် ရည်မှန်းချက်ဖြစ်ပြီး နိုင်ငံတကာ အသိုက်အဝန်းတွင် အပြုသဘောဆောင်ခြင်းနှင့် လေးစားမှုရှိသော နိုင်ငံတစ်ခုအဖြစ် ရောက်ရှိရေးဖြစ်သည်။ အဓိကအားဖြင့် အသိပညာ ဗဟုသုတနှင့် တီထွင်ဖန်တီးနိုင်မှုတို့အပေါ် အခြေခံသော တန်ဖိုးမြှင့် စီးပွားရေး လုပ်ငန်းများကို တွန်းအားပေးသည့် စီးပွားရေး ပုံသဏ္ဌာန်များဖြင့် ဝင်ငွေအလယ်အလတ်အဆင့် ရရှိသော နိုင်ငံအဖြစ် ရောက်ရှိရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။                 

Most Read

Most Recent