အမျိုးသားအဆင့် လျှပ်စစ်မီး ရရှိရေး စီမံကိန်း (NEP) အရ လာမည့် ၂၀၂၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူဦးရေ၏ ရာခိုင်နှုန်း ၅၀ အထိ လျှပ်စစ်မီး ရရှိနိုင်မည်

အမျိုးသားအဆင့် လျှပ်စစ်မီး ရရှိရေး စီမံကိန်း (NEP) အရ လာမည့် ၂၀၂၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူဦးရေ၏ ရာခိုင်နှုန်း ၅၀ အထိ လျှပ်စစ်မီး ရရှိနိုင်မည်
Published 20 April 2016
နီလာ

အမျိုးသားအဆင့် လျှပ်စစ်မီး ရရှိရေး စီမံကိန်း (National Electrification Plan-NEP) အရ မြန်မာနိုင်ငံတွင် လာမည့် ၂၀၂၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူဦးရေ၏ ရာခိုင်နှုန်း ၅၀ အထိ လျှပ်စစ်မီး ရရှိမည်ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံ၌ ၂၀၁၄ ခုနှစ်တွင် ပင်မလျှပ်စစ်ဓာတ်အားလိုင်း ကွန်ရက်မှ တစ်ဆင့် လျှပ်စစ်မီး မရရှိသည့် လူဦးရေမှာ ရာခိုင်နှုန်း ၇၀ ခန့်အထိ ရှိပြီး အဆိုပါ ပမာဏထဲတွင် ကျေးလက်ဒေသရှိ အိမ်ထောင်စုများ၏ ၈၄ ရာခိုင်နှုန်း ပါဝင်ကြောင်း ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သည့် မြန်မာနိုင်ငံ ၂၀၃၀ ပြည့်နှစ် မတိုင်မီ တစ်နိုင်ငံလုံး လျှပ်စစ်မီး ရရှိရေး အစီရင်ခံစာအရ သိရသည်။အဆိုပါ အစီရင်ခံစာတွင် မြန်မာနိုင်ငံ အနေဖြင့် ၂၀၃၀ ပြည့်နှစ် မတိုင်မီ မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်မီး ရရှိနိုင်ရေး ဟူသည့် မြန်မာနိုင်ငံ အစိုးရ၏ ရည်မှန်းချက်သို့ ရောက်ရှိနိုင်ရန် လာမည့် ၁၅ နှစ်အတွင်း အိမ်ထောင်စု ၇ ဒသမ ၂ သန်းအတွက် လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းခြင်းကို နှစ်ဆတိုး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဖော်ပြထားသည်။အမျိုးသားအဆင့် လျှပ်စစ်မီး ရရှိရေး စီမံကိန်းအရ ပင်မဓာတ်အားလိုင်း တိုးချဲ့ရေးနှင့် ပင်မဓာတ်အားလိုင်းပြင်ပ လျှပ်စစ်မီး ရရှိရေး အစီအမံများကို တစ်ဆင့်ချင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါ စီမံကိန်းအရ လုပ်ငန်းပြီးစီးမှု မှတ်တိုင်များအဖြစ် ၂၀၂၀ ပြည့်နှစ်တွင် ရာခိုင်နှုန်း ၅၀ နှင့် ၂၀၂၅ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်းအထိ ရရှိနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်သည်။ပင်မဓာတ်အား ကွန်ရက်ကို တိုးချဲ့သွားမည် ဖြစ်သော်လည်း အိမ်ထောင်စုပေါင်း တစ်သန်းခန့်သည် လျှပ်စစ်မီး ရရှိရန် ၁၀ နှစ်ခန့် စောင့်ဆိုင်းရဖွယ် ရှိကြောင်းနှင့် အဆိုပါ အိမ်ထောင်စုများမှာ ရှမ်း၊ ချင်းနှင့် ကချင်ပြည်နယ်များရှိ လူဦးရေနည်းပါးသည့် ဒေသများတွင် နေထိုင်ကြပြီး တစ်အိမ်ချင်းစီသို့ လျှပ်စစ်မီး သွယ်တန်းရန် ကုန်ကျစရိတ် မြင့်မားမည်ဖြစ်သည်။မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ်မီး ရရှိရန်အတွက် ကမ္ဘာ့ဘဏ်၊ JICA နှင့် ADB တို့မှ ပေးအပ်သည့် ငွေကြေးထောက်ပံ့မှုများဖြင့် မလုံလောက်နိုင်သဖြင့် ပြည်တွင်းပြည်ပမှ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရန် ကမ္ဘာ့ဘဏ်မှ တိုက်တွန်းထားကြောင်း သိရသည်။

Most Read

Most Recent