ရှမ်းပြည်နယ် တောင်ပိုင်းရှိ တီကျစ်ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံကို တရုတ်ကုမ္ပဏီက နှစ်ရှည်ငှားရမ်းပြီး ဓာတ်အား ထုတ်လုပ်နိုင်ရန် စီစဉ်နေ

ရှမ်းပြည်နယ် တောင်ပိုင်းရှိ တီကျစ်ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံကို တရုတ်ကုမ္ပဏီက နှစ်ရှည်ငှားရမ်းပြီး ဓာတ်အား ထုတ်လုပ်နိုင်ရန် စီစဉ်နေ
Published 19 April 2016
နီလာ

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နယ်ခွဲ၊ တီကျစ် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံကို တရုတ်ကုမ္ပဏီ Wuxi Hua Guang Electric Power Engineering Co.,Ltd က နှစ်ရှည်ငှားရမ်းပြီး ဓာတ်အား ထုတ်လုပ်နိုင်ရန် စီစဉ်နေကြောင်း အဆိုပါ တီကျစ်ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံမှ စက်ရုံမှူး ဦးဝင်းဌေးက The Daily Eleven သတင်းစာသို့ ဧပြီ ၁၉ ရက်က ပြောကြားသည်။
"ဒါကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ရဲ့ ခွင့်ပြုမိန့်နဲ့ နှစ်ရှည်ငှားရမ်းပြီး စာချုပ်ချုပ်တယ်။ စက်ရုံဝန်ထမ်း တွေကလည်း ဒီမှာနဂိုရှိနေတဲ့ ဝန်ထမ်းတွေကို ပြင်ပ ဝန်ထမ်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းအရ တရုတ်တွေက ဆက်ပြီးမှ ခန့်ထားပြီး ဆက်လုပ်မယ်။ MIC ရဲ့ ခွင့်ပြုမိန့်ကတော့ ၁၁. ၁၁. ၂၀၁၅ ကရရှိခဲ့တာ ဖြစ်ပါတယ်" ဟု စက်ရုံမှူးဦးဝင်းဌေးက ပြောကြားသည်။
"ဒီစက်ရုံမှာ ၆၀ မဂ္ဂါဝပ်နှစ်လုံးပေါ့။ တီကျစ်က အစကတည်းက မဂ္ဂါဝပ် ၁၂၀။ သို့သော် ဟိုတုန်းက တီကျစ်ဒေသက ထွက်တဲ့ ကျောက်မီးသွေးရဲ့ အပူစွမ်းအင်သည် တရုတ်ကုမ္ပဏီကို Sample သွင်းလိုက်တုန်းက လက်တွေ့မှာ ကျောက်မီးသွေးရဲ့ အပူစွမ်းအင်က နည်းနည်းနိမ့်တယ်ပေါ့။ နိမ့်တဲ့အတွက် ၁၂၀ မရခဲ့ဘူး။ အခု ပြန်ပြင်တယ်။ ဒါပေမဲ့ ၁၂၀ က ရချင်မှရမယ်။ ဘာလို့လဲဆိုတော့ လက်ရှိ ကျောက်မီးသွေးက  အပူစွမ်းအင်နိမ့်လို့။ ဆိုတော့ စာချုပ်အရ တည်ထားပြီးသား ဘွိုင်လာကို ပြန်ပြီးပြင်တယ်။  နောက်တစ် ဆင့်အနေနဲ့ ဘွိုင်လာအသစ်တည်မယ်။ ဘွိုင်လာပဲတည်မယ်။ တာဘိုင်ကတော့ ရှိပြီး သား တာဘိုင်နဲ့ပဲပေါ့။ အဲဒါနဲ့ ၁၂၀ ထွက်နိုင်အောင် ဆောင်ရွက်သွားမှာပါ" ဟု ၎င်းကဆက်လက် ပြောကြားသည်။
စက်ရုံအတွက် လိုအပ်သည့် ကျောက်မီးသွေးကို တီကျစ်ဒေသရှိ ပုဂ္ဂလိကပိုင်ဖြစ်သည့် ဧဒင်စွမ်းအင်ပိုင် Coal Mine မှ နိုင်ငံတော်က ဝယ်ယူပြီး တရုတ်ကုမ္ပဏီကို သွင်းမည်ဖြစ်ကြောင်း၊ ကုမ္ပဏီမှ စက်ရုံငှားရမ်းခကို စာချုပ်ပါအတိုင်း နိုင်ငံတော်သို့ သွင်းမည်ဖြစ်ကာ ထွက်ရှိလာသည့် ဓာတ်အားကိုလည်း နိုင်ငံတော်သို့ ပြန်လည်ရောင်းချမည် ဖြစ်ကြောင်း စက်ရုံမှူးဦးဝင်းဌေးက ဆက်လက်ပြောကြားသည်။
ပင်လောင်းမြို့နယ် တီကျစ်ကျေးရွာ အုပ်စုရှိ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းပိုင် တီကျစ်ဓာတ်အားပေး စက်ရုံကို Wuxi Hua Guang Electric Power Engineering Co.,Ltd က ငှားရမ်းပြီး ဌာနမှ ဝန်ထမ်းများဖြင့် မောင်းနှင်ဓာတ်အား ထုတ်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း၊ အဆိုပါစီမံကိန်းအား ဆောင်ရွက်နိုင်ရန်အတွက် ပတ်ဝန်းကျင်ထိခိုက်မှု လေ့လာဆန်းစစ်ခြင်းလုပ်ငန်း (Environmental Impact  Assessment) ကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်လျက် ရှိကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ထုတ်ပြန်ချက်အရ သိရသည်။
 

Most Read

Most Recent