စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတစ်ခု ထူထောင်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ဆောင်ရာတွင် ပြည်သူလူထုကို မထိခိုက်သည့်နည်းကို သုံးမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နှစ်သစ်ကူးစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်၏ နှစ်သစ်ကူး မိန့်ခွန်း ပြောကြားမှုကို ဧပြီ ၁၈ ရက်တွင် ထုတ်လွှင့်ခဲ့ခြင်းဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရသစ် အနေဖြင့် နှစ်သစ်ကူး အချိန်ကာလတွင် တာဝန်ယူရခြင်းသည် အတိတ်နိမိတ်ကောင်း ဖြစ်သည်ဟု ယူဆကြောင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရဆိုသည့် အသုံးအနှုန်းမှာ ပါတီက အာဏာနှင့် အုပ်ချုပ်ပိုင်ခွင့်ကို ရယူသည်ဆိုသော အဓိပ္ပာယ် မဟုတ်ဘဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လူထုကို တင်ပြခဲ့သည့် ပါတီ၏ မူဝါဒများအပေါ် အခြေခံအုပ်ချုပ်မည့် စနစ်မျိုးဖြစ်ကာ တာဝန်ယူမည်ဟူသည့် အဓိပ္ပာယ်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အခြေခံမူများမှာ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး၊ ဒီမိုကရေစီစနစ် ရှင်သန်ပြီး အမြစ်တွယ်အောင် လုပ်ဆောင်ရေးတို့ ဖြစ်သည်။တရားဥပဒေ စိုးမိုးရေးသည် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် များစွာ အရေးကြီးကြောင်း၊ တရားဥပဒေ စိုးမိုးရေး မရှိဘဲ ငြိမ်းချမ်းရေးကို ဆောက်တည်လို့ မရကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး လက်ရှိအစိုးရ အနေဖြင့် ယခင်အစိုးရ၏ လုပ်ရပ်များ အားလုံးကို ပစ်ပယ်သည့် စိတ်ဓာတ် မရှိဘဲ အကောင်းများ လုပ်ဆောင်ခဲ့သည်ကို အသိအမှတ်ပြုကြောင်း၊ ထို့ကြောင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အပစ်အခတ် ရပ်စဲရေး ပြီးမြောက်စေရန် အားလုံး ပါဝင်သင့်သည့် အဖွဲ့အစည်းများ ပါဝင်အောင် ကြိုးစားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်က “ငြိမ်းချမ်းရေး ညီလာခံများကနေတစ်ဆင့် ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားများ အားလုံး လိုလားတောင့်တနေတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတစ်ခု ထူထောင်ဖို့အတွက် ကျွန်မတို့ ဆက်ပြီးတော့ လုပ်သွားမှာ ဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ခုနက ပြောတဲ့ ကျွန်မတို့ရဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးနဲ့ဟာ အင်မတန်မှ လေးလေးနက်နက်ကို ဆက်နွှယ်မှု ရှိပါတယ်။ ဒါကြောင့် ကျွန်မတို့ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကိုလည်း လိုအပ်ပါတယ်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တကယ့် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တစ်ခုကို ပေါက်ဖွားစေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခုဖြစ်ဖို့ လိုပါတယ်။ ဒီလို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ လုပ်တဲ့နေရာမှာ ကျွန်မတို့ဟာ ပြည်သူလူထုကို မထိခိုက်တဲ့ နည်းတွေပဲ ကျွန်မတို့ သုံးမှာပါ။ ကျွန်မတို့ရဲ့ နိုင်ငံရဲ့ အေးချမ်းမှုကို ထိခိုက်တဲ့ နည်းတွေနဲ့ ကျွန်မတို့ လုပ်ဆောင်သွားမှာ မဟုတ်ပါဘူး” ဟု ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ဖခင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် ‘နိုင်ငံကို မေတ္တာ၊ သစ္စာနဲ့ အုပ်ချုပ်ပါ့မယ်’ ဆိုသော စကားနှင့် ပတ်သက်ပြီး ရှင်းပြခဲ့ပြီး ပြည်သူပြည်သားများအပေါ် မေတ္တာထားခြင်း၊ နိုင်ငံအပေါ် သစ္စာစောင့်ခြင်းတို့ကို လုပ်နိုင်မည် ဆိုပါက မြန်မာနိုင်ငံ အောင်မြင်မှု ရရှိရန် သေချာသည်ဟု ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်က “နိုင်ငံကို မေတ္တာ၊ သစ္စာနဲ့ အုပ်ချုပ်ပါ့မယ်ဆိုတဲ့ အဓိပ္ပာယ်က နိုင်ငံသူ နိုင်ငံသားတွေ အပေါ် မေတ္တာထားပါမယ်။ နိုင်ငံအပေါ်မှာ သစ္စာ စောင့်ပါမယ်။ ဒီဟာက အင်မတန်မှ တိုတိုတောင်းတောင်းနဲ့ ဘယ်အစိုးရမဆို၊ ပြည်သူလူထုကို လေးစားတဲ့ ဘယ်အစိုးရမဆို ပေးသင့်၊ တည်သင့်တဲ့ ကတိ ဖြစ်ပါတယ်။ ကျွန်မတို့လည်း ဒီအတိုင်းပဲ ဆက်ပြီးတော့ လုပ်သွားချင်ပါတယ်” ဟု ပြောကြားသည်။ပြည်သူလူထုကို မထိခိုက်သော နည်းများသာ သုံးစွဲပြီး နိုင်ငံကို မှန်ကန်သည့် လမ်းပေါ်ကို ပို့ဆောင်ရန် ဆိုသည်မှာ အစိုးရသစ်၏ ခိုင်မာသော အခြေခံမူ တစ်ခုဖြစ်ကြောင်း၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ စဉ်းစားရာတွင် အရေးကြီးဆုံး အချက်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခြေခံမူ နံပါတ် (၄)တွင် ပါသော နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ခြင်းနှင့် နိုင်ငံတော် တစ်ဝန်းလုံးမှာ တည်သည် ဆိုသည်မှာ ဒီမိုကရေစီ၏ အခြေခံမူ ဖြစ်သည်ဟု ၎င်းက ဆိုသည်။ဒေါ်အောင်ဆန်းစုကြည်က “ဒါကို ကျွန်မတို့ လုံး၀ လက်ခံတယ်။ ဒါကိုလည်း လုံး၀ ကျင့်သုံးသွားပါမယ်။ နိုင်ငံသူ နိုင်ငံသားတွေဟာ အဓိကပါပဲ။ နိုင်ငံသူ နိုင်ငံသားများဟာ ပထမ၊ နိုင်ငံသူ နိုင်ငံသားများဟာ ဒုတိယ၊ နိုင်ငံသူ နိုင်ငံသားများဟာ အဆုံးအထိပဲ။ နိုင်ငံသူ နိုင်ငံသားများအတွက် နိုင်ငံက ဖြစ်ရမယ်။ နိုင်ငံ ဆိုတာဟာ နိုင်ငံသူ နိုင်ငံသားများ မရှိလို့ရှိရင် အဓိပ္ပာယ် မရှိပါဘူး။ နိုင်ငံသူ နိုင်ငံသားများအတွက် အစိုးရဟာ ဖြစ်ရပါလိမ့်မယ်။ ဒီမူကို ကျွန်မတို့ ဘယ်တော့မှ လက်လွှတ်မှာ မဟုတ်ပါဘူး ဆိုတာ ကျွန်မတို့ရဲ့ ပြည်သူလူထုကို ကတိပေးချင်ပါတယ်” ဟု ပြောကြားသည်။အမျိုးသား ရင်ကြားစေ့ရေးသည် အရေးကြီးဆုံးဖြစ်ကြောင်း၊ အမျိုးသား ရင်ကြားစေ့ရေးကို အလေးထားပြီး လုပ်ဆောင်ရာတွင် ပြည်သူ ပြည်သားများ အားလုံးကလည်း ပါဝင်ပြီး ပံ့ပိုးပေးမည်ဟု မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ ဒါကြောင့်မို့လို့ ဒီအစိုးရဟာ အမျိုးသား ရင်ကြားစေ့ရေးကို ဦးတည်တဲ့ အစိုးရလို့ ပြောတဲ့အခါမှာ ကျွန်မတို့ ပါတီကို ထောက်ခံမဲပေးခဲ့တဲ့ ပြည်သူလူထုအတွက်တင် မဟုတ်ဘူး။ ကျွန်မတို့ကို မဲမပေး၊ မထောက်ခံတဲ့ ပြည်သူတွေ အတွက်လည်း ဒီအစိုးရဟာ တာဝန်ယူမှာပါလို့ ကျွန်မက ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။ ကျောသား ရင်သား ခွဲခြားမှာ မဟုတ်ပါဘူး။ ဒီမိုကရေစီအရ ပြည်သူလူထုက ရွေးချယ်လို့ တက်လာတဲ့ အစိုးရ ဆိုတာဟာ လူတိုင်းအတွက် နိုင်ငံသူ နိုင်ငံသားများ အားလုံးအတွက် တာဝန်ယူရမှာပါ။ အားလုံးကို မျှမျှတတ မေတ္တာ၊ စေတနာနဲ့ ဆက်ဆံရမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ရန် ထိရောက်ရန် များစွာ အရေးကြီးပြီး တရားစီရင်ရေးနှင့် ပတ်သက်၍ တရားမျှတမှု ရှိရမည် ဖြစ်ကာ နိုင်ငံတကာက လက်ခံထားသော စံနှုန်းများနှင့် ကိုက်ညီရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်က “တရားမျှတရုံနဲ့ မလုံလောက်ဘူး။ တရားမျှတခြင်း ရှိပါတယ် ဆိုတာ ထင်သာမြင်သာ ဖြစ်ရပါလိမ့်မယ်။ အဲဒါကတော့ အခြေခံ တစ်ခုပါပဲ။ နောက်တစ်ခုက တရားဥပဒေ စိုးမိုးရေးအတွက် အင်မတန် အရေးကြီးတဲ့ မူတစ်ခုကတော့ မည်သူမဆို အပြစ်ရှိတယ် ဆိုတာကို ခိုင်လုံတဲ့ သက်သေ သာဓက မရှိလို့ ရှိရင် အပြစ်မဲ့လို့ သတ်မှတ်ရပါလိမ့်မယ်။ ဒါဟာ တရားဥပဒေရဲ့ အခြေခံ လိုအပ်တဲ့ မူတစ်ခု ရှိပါတယ်။ အပြစ်ရှိတဲ့ လူများပင်လျှင် တရားဥပဒေအရ စီရင်တဲ့ အခါမှာ တရားဥပဒေ ထိရောက်မှုကို အကြင်နာ၊ ကရုဏာနဲ့ ပျော့ပျောင်းအောင် လုပ်ရမယ်ဆိုတဲ့ အဆိုလည်း ရှိပါတယ်” ဟု ပြောကြားသည်။ တရားဥပဒေ စိုးမိုးရေး ဆိုသည်မှာ ပြည်သူများကို ကာကွယ်ရန် ပြည်သူများကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှု ပေးရန် ဖြစ်ကြောင်း၊ ပြည်သူများကို ချုပ်ချယ်၊ ဖိနှိပ်ရန် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။မြန်မာနိုင်ငံသည် သဘာ၀ သယံဇာတ ပစ္စည်း ပေါများသည့်နိုင်ငံ ဖြစ်သော်လည်း အမှန်တကယ် အရေးကြီးသည်မှာ နိုင်ငံသူ နိုင်ငံသားများ၏ စွမ်းအားဖြစ်ကြောင်း၊ အစိုးရသစ်၏ ရည်ရွယ်ချက်တစ်ခုမှာ ပြည်သူများ၏ အရည်အချင်းများ မြှင့်တင်ပေးရန်ဖြစ်ကြောင်း၊ ပြည်သူပြည်သားများသည် နိုင်ငံပေါ်မှာ သစ္စာရှိပြီး နိုင်ငံ၏ တာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်သူများ ဖြစ်လာရန် ကြိုးစားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ နိုင်ငံဟာ စိန်ခေါ်မှု အမျိုးမျိုးနဲ့ ရင်ဆိုင်ရမှာပါ။ ဒီနိုင်ငံထဲမှာ ပြုပြင်ပြောင်းလဲစရာတွေ အများကြီး ရှိပါတယ်။ ဒီအချိန်မှာ ဘာတွေ ပြုပြင်ပြောင်းလဲဖို့ လိုလဲဆိုတာ ကျွန်မ တစ်ခုချင်း မပြောသွားချင်ပါဘူး။ များလွန်းလို့ ပြောလို့ဆုံးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ပိုပြီးအရေးကြီးတဲ့ ကိစ္စတွေက ဘာတွေလဲဆိုတာလည်း ကျွန်မတို့ ပြည်သူပြည်သားတွေ သိတယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ကျွန်မတို့ ပြည်သူပြည်သားတွေရဲ့ ဆင်ခြင်တုံတရားကို ယုံကြည်လို့ ကျွန်မ ဒီမိုကရေစီအတွက် ရုန်းကန်ခဲ့တာပါ။ ကျွန်မတို့ ပြည်သူပြည်သားတွေကို မယုံကြည်လို့ရှိရင် ဒီမိုကရေစီကိုလည်း ယုံကြည်စရာ အကြောင်းမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီဆိုတာ ပြည်သူတွေရဲ့ အုပ်ချုပ်ရေး စနစ်ပါပဲ” ဟု ပြောကြားသည်။အစိုးရအဖွဲ့ တစ်ခုတည်းနှင့် နိုင်ငံကို အောင်မြင် ဖွံ့ဖြိုး တိုးတက်အောင် လုပ်လို့ မရသည့်အတွက် ပြည်သူများ အနေဖြင့် တာဝန်သိစိတ်ဖြင့် အားလုံးလက်တွဲ ဆောင်ရွက်မည်ဆိုသည့် သန္နိဋ္ဌာန်ချရန် ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်က “ဒုတိယ ကမ္ဘာစစ် ပြီးခါစတုန်းက ဖေဖေက ပြောခဲ့ပါတယ်။ တခြားနိုင်ငံတွေနဲ့ မီအောင်လို့ ဆိုလို့ရှိရင် တခြားနိုင်ငံတွေ လမ်းလျှောက်နေတဲ့ အချိန်မှာ ကျွန်မတို့ နိုင်ငံက ပြေးမှ၊ ပြေးပြီး လိုက်မှ မီမှာတဲ့။ ဒါတောင်မှ အနှစ် ၂၀ လောက် ကြာမှ မီမယ်လို့ ပြောခဲ့ပါတယ်။ အခုလည်း ကျွန်မတို့ အဲဒီတုန်းက အခြေအနေနဲ့တော့ သိပ်ပြီးတော့ မကွာဘူးလို့ပဲ ကျွန်မ မြင်ပါတယ်။ ကျွန်မတို့ဟာ တခြားနိုင်ငံတွေ လမ်းလျှောက်နေတဲ့ အချိန်မှာ ပြေးပြီးတော့၊ အပင်ပန်းခံပြီးတော့ လုပ်မှသာလျှင် တခြားနိုင်ငံတွေနဲ့ကို ကျွန်မတို့ မီမှာ ဖြစ်ပါတယ်။ အဲဒီတော့ တခြားနိုင်ငံတွေကို မီအောင်လို့ လုပ်တဲ့ နေရာမှာ မှန်ကန်တဲ့ နည်းတွေပဲ ကျွန်မတို့ သုံးချင်ပါတယ်” ဟု ဆိုသည်။အစိုးရသစ်၏ နိုင်ငံခြားရေး မူဝါဒနှင့် ပတ်သက်ပြီးလည်း မြန်မာနိုင်ငံသည် လွတ်လပ်ရေးရစဉ် ကာလကတည်းက တစ်ကမ္ဘာလုံးနှင့် သင့်မြတ်အောင်နေခဲ့၍ နိုင်ငံအတွက် များစွာ ဂုဏ်ယူစရာကိစ္စ ဖြစ်ခဲ့ကြောင်း၊ ယင်းအချိန်က ပြည်သူလူထု၏ အရည်အချင်းသည် ထွန်းတောက်ခဲ့သောကြောင့် ကမ္ဘာက လေးစားခဲ့ကြကြောင်း၊ အဆိုပါ အခြေအနေကို ပြန်ရောက်အောင် အားလုံးဝိုင်းကြိုးစားရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ ၎င်းက “နိုင်ငံ တစ်နိုင်ငံရဲ့ အနာဂတ်ဆိုတာ ကမ္ဘာတည်သရွေ့ပါပဲ။ ခရီးကလည်း လွယ်မှာ မဟုတ်ပါဘူး။ ကျွန်မတို့ များစွာသော စိန်ခေါ်မှုတွေကို ရင်ဆိုင်ရမှာပါ။ အဲဒီတော့ ဒီစိန်ခေါ်မှုတွေကို ဘယ်လို ရင်ဆိုင်မလဲ။ ကျွန်မတို့ရဲ့ အစိုးရသစ်ဟာ အုပ်ချုပ်ရေးနဲ့ ပတ်သက်လို့ အင်မတန်မှ အတွေ့အကြုံ နည်းတယ်ဆိုပြီးတော့ တချို့ကနေပြီးတော့ စိုးရိမ်နေကြပါတယ်။ အတွေ့အကြုံနည်းတာ မှန်ပါတယ်။ ဒါပေမဲ့လည်း ကျွန်မတို့ဟာ အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့အတူ လက်တွဲပြီးတော့ လုပ်ဖို့ဟာ ဝန်မလေးပါဘူး။ အရင်တုန်းက လုပ်ခဲ့တဲ့သူတွေမို့လို့ ပစ်ပယ်တယ် ဆိုတာလည်း ကျွန်မတို့ မရှိပါဘူး။ ကျွန်မတို့ဟာ နိုင်ငံကို အကျိုးပြုနိုင်မယ့် ပုဂ္ဂိုလ်တွေ မည်သူ့ကိုမဆို လက်တွဲပြီးတော့ ကျွန်မတို့နဲ့ ပါဝင်ပြီးတော့ လုပ်စေချင်ပါတယ်” ဟု ပြောကြားသည်။
စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတစ်ခု ထူထောင်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ဆောင်ရာတွင် ပြည်သူလူထုကို မထိခိုက်သည့်နည်း သုံးမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား















