ရန်ကုန် အိမ်ခြံမြေဈေးကွက်အတွင်း တိုက်ခန်းဈေးနှုန်းများ ကျဆင်းလျက် ရှိသော်လည်း တိုက်ခန်းဝယ်ယူမှုထက် ငှားရမ်းနေထိုင်မှု မြင့်တက်နေဆဲဖြစ်

ရန်ကုန် အိမ်ခြံမြေဈေးကွက်အတွင်း တိုက်ခန်းဈေးနှုန်းများ ကျဆင်းလျက် ရှိသော်လည်း တိုက်ခန်းဝယ်ယူမှုထက် ငှားရမ်းနေထိုင်မှု မြင့်တက်နေဆဲဖြစ်
Published 18 April 2016

ရန်ကုန် အိမ်ခြံမြေဈေးကွက်အတွင်း တိုက်ခန်းဈေးနှုန်းများ ကျဆင်းလျက် ရှိသော်လည်း တိုက်ခန်းဝယ်ယူမှုများထက် ငှားရမ်းနေထိုင်မှု မြင့်တက်လျက် ရှိနေဆဲ ဖြစ်ကြောင်းကို အိမ်ခြံမြေ ဈေးကွက်နှင့် အိမ်ခြံမြေ လုပ်ငန်းများမှ စုံစမ်းသိရသည်။အိမ်ခြံမြေ ဈေးကွက်အတွင်း တိုက်ခန်းဈေးနှုန်းများ အနေဖြင့် ၂၀၁၄၊ ၂၀၁၅ ခုနှစ် တိုက်ခန်းဈေးနှုန်းများထက် ကျပ်သိန်း ၃၀ မှ စတင်၍ ဈေးနှုန်း ကျဆင်းလျက် ရှိနေသော်လည်း တိုက်ခန်းဝယ်ယူမှုများမှာ အနည်းငယ်သာ ရှိသေးကြောင်း တိုက်ခန်းဝယ်ရောင်း ပြုလုပ်သူများထံမှ သိရသည်။“တိုက်ခန်းတွေက အဝယ်သိပ်မလိုက်ဘူး။ နောက်ပြီး အရင်က ကျပ်သိန်း ၁၅၀ လောက် တန်ဖိုးရှိတဲ့ တိုက်ခန်းဆိုရင် အခု သိန်း ၁၀၀ ကျော်ကျော်၊ သိန်း ၁၀၀ ဝန်းကျင်လောက်ပဲ ဈေးရှိတယ်။ နောက်ပြီး ဝယ်သူထက် ရောင်းချင်တဲ့သူတွေက ပိုများနေတယ်။ တိုက်ခန်းအငှားကတော့ လတိုင်းရှိတယ်။ ကျပ်ရှစ်သောင်းကနေ နှစ်သိန်းကြား တိုက်ခန်းတွေက ပိုငှားကြတယ်။ တိုက်ခန်း အငှားသွက်တော့ တချို့တိုက်ခန်း ရောင်းတဲ့သူတွေဆိုရင် မရောင်းတော့ဘဲ အငှားပဲ တင်တော့တာတွေ ရှိတယ်” ဟု အိမ်ခြံမြေ ဝယ်ရောင်းနှင့် အငှားလုပ်ကိုင်လျက်ရှိသူ ကိုဇင်မင်းက ဆိုသည်။ရန်ကုန်မြို့အတွင်း ငှားရမ်းနေထိုင်မှု များပြားလျက်ရှိသည့် မြို့နယ်များမှာ ယုဇနဥယျာဉ်မြို့တော်၊ ရှုခင်းသာအိမ်ရာ၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ မြောက်ဒဂုံ၊ တာမွေ၊ ကျောက်မြောင်း၊ လှည်းတန်း၊ လသာ၊ ဗိုလ်တထောင်၊ ပုဇွန်တောင် စသည့်မြို့နယ်များတွင် ငှားရမ်းမှု များလျက်ရှိပြီး ဈေးနှုန်းများ အနေဖြင့် ကျပ် ၈၀၀၀၀ မှ ကျပ် ၂၀၀၀၀၀ ကြား ဈေးနှုန်းရှိ တိုက်ခန်းများမှာ ပိုမို ငှားရမ်းမှု မြင့်တက်လျက်ရှိကြောင်း အိမ်ခြံမြေဈေးကွက် အတွင်းမှ စုံစမ်းသိရသည်။ထို့အပြင် ကျပ်နှစ်သိန်းထက် တိုက်ခန်းများ အနေဖြင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်လိုသူများနှင့် စပ်တူ ငှားရမ်းနေထိုင်လိုသူများ ငှားရမ်းမှု များပြားလျက်ရှိသည်။“ဒီနှစ်တွေ အတွင်းမှာ စပ်တူငှားရမ်းတာတွေလည်း များလာတယ်။ ယုဇနဥယျာဉ်တို့၊ ရှုခင်းသာ အိမ်ရာတွေဆိုရင် အခန်းဖွဲ့တွေ ပါတဲ့အတွက်ကြောင့် ဝန်ထမ်း၊ ကျောင်းသားတွေနဲ့ ကလေးမရှိသေးတဲ့ အိမ်ထောင်သည်တွေစပ်ပြီး ငှားရမ်းတာတွေရှိတယ်။ တချို့ဆိုရင်လည်း သုံးသိန်း၊ လေးသိန်းတန် အခန်းငှားလိုက်ပြီး အချင်းချင်း နားလည်မှုနဲ့ တစ်ယောက်ကို ငါးသောင်း၊ ခြောက်သောင်းနှုန်းနဲ့ တစ်လတစ်ခါ ရှင်းတဲ့ပုံမျိုး အငှားချတာတွေလည်း ရှိတယ်” ဟု ၎င်းက ဆိုသည်။ရန်ကုန်မြို့အတွင်း အငှားဈေးကွက် ပိုမို တွင်ကျယ်လာခြင်းမှာ ရန်ကုန်မြို့သို့ ပြောင်းရွှေ့နေထိုင်သူ များပြားလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်အတွင်း တိုက်ခန်းနှင့် ခြံမြေဈေးနှုန်းများ အနေဖြင့် ဈေးနှုန်း ကျဆင်းသည်ဟု ဆိုသော်လည်း ဝန်ထမ်းများနှင့် သာမန် လူတန်းစားများ အနေဖြင့် တိုက်ခန်းဝယ်ယူရန်အတွက် လက်လှမ်းမမီနိုင်သေးခြင်း စသည်တို့ကြောင့် အငှားဈေးကွက် အနေဖြင့် တစ်နှစ်တစ်နှစ် ပိုမိုတွင် ကျယ်လာခြင်း ဖြစ်ကြောင်း အိမ်ခြံမြေ ဝယ်ရောင်းလုပ်ငန်းများမှ သိရသည်။            

Most Read

Most Recent