အယ်လ်နီညို ရာသီဥတုကြောင့် အရန်ဆန် ဝယ်ယူနိုင်ရေးအား ကြိုတင်စီစဉ် ဆောင်ရွက်ပေးနိုင်ရန် အစိုးရသစ်သို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် တင်ပြ

အယ်လ်နီညို ရာသီဥတုကြောင့် အရန်ဆန် ဝယ်ယူနိုင်ရေးအား ကြိုတင်စီစဉ် ဆောင်ရွက်ပေးနိုင်ရန် အစိုးရသစ်သို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် တင်ပြ
Published 18 April 2016

အယ်လ်နီညို ရာသီဥတုကြောင့် ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံမှုအတွက် အရန်ဆန် ဝယ်ယူနိုင်ရေးအား ကြိုတင်စီစဉ် ဆောင်ရွက်ပေးနိုင်ရန် အစိုးရသစ်သို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တင်ပြထားကြောင်း သိရသည်။မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ တာဝန်ရှိသူများနှင့် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီးတို့ နေပြည်တော်၌ ဧပြီလဆန်းပိုင်းက တွေ့ဆုံဆွေးနွေးစဉ် တင်ပြခဲ့ခြင်းဖြစ်သည်။ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာခြင်းနှင့် စားနပ်ရိက္ခာ ဖူလုံမှုအတွက် အရန်ဆန် ထားရှိနိုင်ရေးကို နိုင်ငံတော် အစိုးရအဖွဲ့သို့ အကြံပြု တင်ပြခဲ့ခြင်းဖြစ်သည်။အရန်ဆန် ထားရှိရေးနှင့် ပတ်သက်ပြီး “အရန်ဆန် ထားဖို့က ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အရန်ဆန်နဲ့ ပတ်သက်တဲ့ အရေအတွက်တို့၊ အရည်အသွေးတို့၊ ဝယ်ယူမယ့် ပမာဏ၊ ထားမယ့်နေရာ၊ သိုလှောင်မယ့် ပမာဏ စသဖြင့်ပေါ့ တိတိကျကျ သိရရင် ထပ်ပြောပါ့မယ်။ အခု လောလောဆယ်ကတော့ ဒါကို လုပ်ငန်းစီမံချက် လုပ်နေတဲ့ အချိန် ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် (MRF) မှ အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်က ဖေဖော်ဝါရီလ အတွင်းက ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ထို့ပြင် လိုအပ်ချက် ရှိပါက ပြည်တွင်း စားနပ်ရိက္ခာ ဖူလုံမှုအတွက် စိုက်ပျိုးသူ တောင်သူလယ်သမားများ၏ ထုတ်လုပ်မှု ကုန်ကျစရိတ်ကို မထိခိုက်စေသော ဆန်ပြည်ပတင်ပို့မှု စိစစ်ခြင်းနှင့် ပြည်တွင်းသို့ တင်သွင်းခြင်း မူဝါဒဆိုင်ရာ အကြံပြုခြင်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်သည်။    အယ်လ်နီညို သက်ရောက်မှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ နွေစပါး ထွက်ရှိချိန်အထိ လယ်ယာကဏ္ဍအပေါ် လတ်တလော ထိခိုက်မှု မရှိဘဲ မိုးစပါး စိုက်ပျိုးချိန်တွင် သက်ရောက်နိုင်မည့် အကျိုးသက်ရောက်နိုင်မှု အခြေအနေများကို စဉ်ဆက်မပြတ် လေ့လာစောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။“လတ်တလောမှာ အယ်လ်နီညိုနဲ့ ဆက်စပ်ပြီး ပြောမယ်ဆိုရင် နွေစပါးနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ မရှိဘူး။ နွေစပါးသည် မကြာခင်မှာ ပေါ်တော့မယ်၊ အများစု ရိတ်တော့မယ့် အနေအထား ရှိပါတယ်။ ကျွန်တော်တို့ စောင့်ကြည့်ရမယ့် အယ်လ်နီညိုနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုကတော့ လာမယ့် မိုးစပါးအတွက်သာ အဓိက စိုးရိမ်ပါတယ်။ လာမယ့်နှစ် မိုးစပါး စိုက်ရာသီမှာ လုံလောက်တဲ့ရေတွေ ဘာတွေ ရပါ့မလား။ လုံလောက်တဲ့ မိုးရေ ရပါ့မလား၊ ၂၀၁၆ မိုးစပါးရာသီ ဇွန်၊ ဇူလိုင်မှာ မိုးရေချိန်၊ မိုးရွာသွန်းမယ့်ရက်၊ ဒါတွေနဲ့ ပတ်သက်ပြီး စိုးရိမ်တဲ့သဘော ရှိပါတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်က ဆိုသည်။

Most Read

Most Recent