ဆူးလေ ဆိပ်ခံတံတားများအား အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းအဖြစ် အဆင့်မြှင့်တင်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက် ရရှိ

ဆူးလေ ဆိပ်ခံတံတားများအား အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းအဖြစ် အဆင့်မြှင့်တင်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက် ရရှိ
Published 18 April 2016
ရွှန်းလဲ့ဝင်း

ဆူးလေ ဆိပ်ခံတံတားများအား အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းအဖြစ် အဆင့်မြှင့်တင်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုချက် ရရှိခဲ့ကြောင်း သိရသည်။ဆူးလေ ဆိပ်ခံတံတား အမှတ် (၁၊ ၂၊ ၃၊ ၄) တို့အား ကုန်သေတ္တာနှင့် အထွေထွေကုန်စည်တင် အပြည်ပြည်ဆိုင်ရာ ရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းအဖြစ် အဆင့်မြှင့်ပြုပြင် တည်ဆောက်ခြင်း၊ ကုန်ကိုင်တွယ် ကိရိယာများ တပ်ဆင်ခြင်းနှင့် နောက်ခံမြေပေါ်တွင် ဆိပ်ကမ်းဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ခြင်း လုပ်ငန်းအတွက် Sein Kaung Yadanar Co,.ltd အား နောက်ဆုံးအဆင့် အနေဖြင့် ရွေးချယ်ခဲ့ကြောင်း သိရသည်။အဆိုပါ ဆူးလေဆိပ်ကမ်း အဆင့်မြှင့်တင်ရန် လုပ်ငန်းကာလ ခြောက်နှစ် သတ်မှတ်ထားပြီး ပထမအဆင့် တည်ဆောက်ရေး ကာလကို နှစ်နှစ် သတ်မှတ်ထားပြီး သုံးလအတွင်း လုပ်ငန်းစတင်ရန် မျှော်မှန်းထားကြောင်း သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက် ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။“အခု နောက်ဆုံးကတော့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို တင်ပြထားတာ ကော်မရှင်က ခွင့်ပြုချက် ရပြီးပါပြီ။ ဆိပ်ကမ်း အဆင့်မြှင့်တင်ဖို့ အကြိုလုပ်ငန်းတွေ စတင်နိုင်တော့မှာပါ” ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ မြို့ပြအင်ဂျင်နီယာချုပ် ဦးမြသန်းက ပြောကြားသည်။ဆူးလေဆိပ်ကမ်းသည် ၁၅ ဧကကျော် ကျယ်ဝန်းကာ အမှတ် ၁၊ ၂၊ ၃၊ ၄ ဆိပ်ကမ်းများ၏ သက်တမ်းမှာ နှစ်ပေါင်း ၈၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။မြန်မာ့ဆိပ်ကမ်း အာဏာပိုင်သည် အဆိုပါ ကုမ္ပဏီများအား လုပ်ငန်းလုပ်ကိုင်ခွင့် ကာလ နှစ် ၃၀ ခွင့်ပြုသည့် JV စနစ်ဖြင့် လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ထို့ပြင် ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွင် ပါဝင်သည့် နန်းသီတာ ဆိပ်ကမ်းနှင့် ပန်းဆိုးတန်း-ဒလ ခရီးသည်တင် ဆိပ်ခံဗောတံတားအား အဆင့်မြင့် ခေတ်မီ ခရီးသည်တင် ဆိပ်ခံတံတားအဖြစ် ပြောင်းလဲတည်ဆောက်ရန် စီစဉ်ထားကြောင်း သိရသည်။   

Most Read

Most Recent