ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်နှင့် တွေ့ဆုံခြင်း

ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်နှင့် တွေ့ဆုံခြင်း
Published 9 April 2016
ဉာဏ်ဝင်းရှိန်

ဦးသိန်းစိန် အစိုးရလက်ထက်တွင် အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ပေးရန် သပိတ်မှောက် တောင်းဆိုခဲ့ခြင်းကြောင့် ထောင်သွင်းအကျဉ်းချကာ တရားစွဲဆိုခြင်း ခံခဲ့ရသည့် ကျောင်းသူကျောင်းသားများနှင့် ဝန်းရံပြည်သူများမှာ အစိုးရသစ် တာဝန်ယူပြီး တစ်ပတ်အကြာတွင် အမှုများမှ ပြန်လည် လွတ်မြောက်ခဲ့သည်။ ယင်းကဲ့သို့ ပညာရေး လိုအပ်ချက်များကို တောင်းဆိုလျက်ရှိသည့် ကျောင်းသူကျောင်းသားများ၏ လှုပ်ရှားမှုများ အစိုးရသစ် လက်ထက်တွင် မည်ကဲ့သို့ ဆက်လက် အကောင်အထည် ဖော်သွားမည် ဆိုသည်များကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗကသ) ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်နှင့် တွေ့ဆုံ မေးမြန်းခဲ့သည်များကို ကောက်နုတ် ဖော်ပြလိုက်ပါသည်။‘သပိတ်မလှန်သေးဘူးဆိုတာ ကျွန်မတို့အနေနဲ့ နေ့ချင်းညချင်း လမ်းပေါ်ထွက်ပြီး ဆန္ဒပြကြမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး’မေး ■ အခု မဖြိုးဖြိုးအောင်တို့ လွတ်မြောက်လာပြီးတဲ့ နောက်ပိုင်းမှာ အဓိက အရေးကြီးတဲ့ အချက်အနေနဲ့ ဘာတွေဆက်လုပ်သွားဖို့ ရှိပါသလဲ။ဖြေ ■ အဓိက အရေးကြီးတာကတော့ ကျွန်မတို့ ဗကသများ အဖွဲ့ချုပ်ရဲ့ အခြေခံမူဖြစ်တဲ့ အမျိုးသားရေး၊ ဒီမိုကရေစီရေး၊ ဒီမိုကရေစီ ပညာရေး၊ ကျောင်းသားထု အခွင့်အရေး ကာကွယ်ရေး၊ ငြိမ်းချမ်းရေးဆိုတဲ့ မူငါးချက်ရှိပါတယ်။ အခြေခံ မူငါးချက်ပေါ်မှာ မူတည်တဲ့ ဗကသရဲ့ မူလလုပ်ငန်းစဉ်တွေကို ကျွန်မတို့ အရင်အတိုင်းဆက်ပြီး လုပ်သွားဖို့ ရှိပါတယ်။ ဒုတိယ တစ်ခုကတော့ ကျွန်မတို့ပညာရေး ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ ကျွန်မတို့ ပညာရေး ပြုပြင်ပြောင်းလဲရေးက ကျွန်မတို့ လိုလားတဲ့ အချက် ၁၁ ချက်ပေါ်မှာ မူတည်ပြီးတော့ ကျွန်မတို့ သပိတ်မှောက်ခဲ့ပါတယ်။ တောင်းဆိုချက်တွေကိုလည်း တောင်းဆိုခဲ့ပါတယ်။ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးအဖြစ် ဦးသိန်းစိန် အစိုးရလက်ထက်မှာ ဆွေးနွေးနိုင်ခဲ့ပေမယ့် ကျွန်မတို့နဲ့ အစိုးရရဲ့ ကြားထဲက ကတိကဝတ်တွေကို အစိုးရဘက်က တစ်ဖက်သတ် ဖောက်ဖျက်ပြီးတော့ ကျွန်မတို့ကို ထောင်သွင်း အကျဉ်းချခဲ့တယ်။ အခု အစိုးရသစ်က ကျွန်မတို့ကို ပြန်လွှတ်ပေးလိုက်ပြီ။ ကျွန်မတို့ အနေနဲ့ ဒီအစိုးရသစ်က လေးပွင့်ဆိုင် ကတိကဝတ်တွေကို ဆက်ပြီးတော့ အကောင်အထည်ဖော်ပေးဖို့ ကျွန်မတို့က ဆက်ပြီးတောင်းဆိုရမှာပါ။ ဦးသိန်းစိန်အစိုးရက ဒီလေးပွင့်ဆိုင် ကတိကဝတ်တွေကို ဖောက်ဖျက်ခဲ့ပေမယ့် အစိုးရသစ် အနေနဲ့ ဒီကတိကဝတ်တွေကို အကောင်အထည် ဖော်ပေးဖို့ တောင်းဆိုတာမျိုး၊ နောက်ပြီးတော့ အသေးစိတ်ပေါ့။ ဥပဒေရေးရာ ကိစ္စရပ်တွေ၊ ပညာရေး ပြုပြင်ပြောင်းလဲရေး ကိစ္စတွေမှာ ကျောင်းသားသမဂ္ဂတွေ အနေနဲ့ တရားဝင်ရပ်တည်နိုင်ဖို့ ဆောင်ရွက်ဖို့ ရှိပါတယ်ရှင့်။ နောက်ပြီးတော့ ဗကသများ အဖွဲ့ချုပ် ညီလာခံ။ ကျောင်းသားထု ညီလာခံတစ်ခု အမြန်ဆုံး ပေါ်ပေါက်နိုင်ဖို့ ကျွန်မတို့ ဒါကိုကြိုးစားရမှာပါ။ ကျောင်းသားထု ညီလာခံကနေပြီးတော့ ရွေးချယ်တင်မြှောက်ခံရတဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီတစ်ခု ပေါ်ပေါက်လာဖို့ ကျွန်မတို့ ဆက်ပြီးတော့ ကြိုးစားရမှာပါ။ အနှေးနဲ့အမြန်ပေါ့။ သိပ်ပြီးတော့ ကြာလို့မရဘဲ မြန်မြန်ဆန်ဆန် ဒါကိုလုပ်ဆောင်ရမှာပါ။မေး ■ နောက်ထပ်မေးချင်တာက ပညာရေးပြုပြင် ပြောင်းလဲဖို့အတွက် ဗကသများ အဖွဲ့ချုပ်အနေနဲ့ အစိုးရကို တောင်းဆိုညှိနှိုင်း ဆွေးနွေးသွားဖို့ ရှိတယ်ဆိုတော့ ဘယ်လိုပုံစံနဲ့ ညှိနှိုင်းမှုတွေ လုပ်သွားမှာလဲ။ အရင်အစိုးရ လက်ထက်နဲ့ အခုအစိုးရလက်ထက်မှာ ဘယ်လိုကွဲပြားမှုတွေ ရှိလာနိုင်မလဲ။ အခက်အခဲတွေရော ကြုံလာနိုင်မလားခင်ဗျ။ဖြေ ■ ဟုတ်ကဲ့ရှင့် ညှိနှိုင်းဆောင်ရွက်မှုတွေကို ကျွန်မတို့ ဆက်လုပ်ဖို့ အဆင်သင့် ရှိနေပါတယ်။ ရှေ့မှာလည်း ကျွန်မတို့ လေးပွင့်ဆိုင် သဘောတူညီချက်ကို အစိုးရသစ် အနေနဲ့ ဆက်ပြီးတော့ အကောင်အထည်ဖော်ပေးဖို့ ကျွန်မတို့ တောင်းဆိုထားတာလည်း ရှိပါတယ်။ ဒါကိုလည်း ကျွန်မတို့ ထပ်ပြီးတော့ တောင်းဆိုမှုတွေရှိမှာ ဖြစ်သလိုပဲ ပညာရေး ပြုပြင်ပြောင်းလဲမှုအတွက် တွေ့ဆုံဆွေးနွေးမှုတွေကို ကျွန်မတို့ဘက်က တောက်လျှောက် အဆင်သင့် ရှိနေမှာပါ။ ပညာရေးစနစ် ပြုပြင် ပြောင်းလဲရေးဆိုတာ ကျောင်းသားတွေရဲ့ တာဝန်ဖြစ်တယ်။ ကျောင်းသားတွေကလည်း ကိုယ်တတ်နိုင်တဲ့ဘက်က ဆက်ပြီးတော့ ကြိုးပမ်းနေရဦးမှာ ဖြစ်ပါတယ်။ ပြည်သူလူထု ရွေးချယ်ထားတဲ့ အစိုးရ အနေနဲ့ကလည်း ပြည်သူလူထုရဲ့ ဆန္ဒကို မျက်ကွယ်ပြုမှာ မဟုတ်ဘူးလို့လည်း ကျွန်မတို့အနေနဲ့ မျှော်လင့်ပါတယ်ရှင့်။ ဘယ်လိုပုံစံနဲ့ ညှိနှိုင်းမှုတွေ လုပ်မလဲဆိုတာတော့ အခု တိတိကျကျ ပြောလို့ မရသေးဘူးပေါ့။ ကျွန်မတို့ဘက်က ညှိနှိုင်းဖို့အတွက် အမြဲတမ်း အဆင်သင့် ရှိနေပါတယ်။ ပညာရေးစနစ် ပြောင်းလဲဖို့အတွက်က မဖြစ်မနေ ကြိုးစားရမယ့် ကျွန်မတို့ရဲ့တာဝန် ဖြစ်ပါတယ်။မေး ■ ဟုတ်ကဲ့ အခုပညာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဖြစ်လာတဲ့ ဒေါက်တာ မျိုးသိမ်းကြီး အပေါ်မှာရော မဖြိုးဖြိုးအောင်တို့ အနေနဲ့ ဘယ်လို မြင်သလဲဗျ။ဖြေ ■ ဟုတ်ကဲ့ ဒေါက်တာမျိုးသိမ်းကြီးကို မြင်တဲ့အမြင်အပေါ် ကျွန်မပွင့်ပွင့်လင်းလင်း ပြောခဲ့တာပါ။ တကယ်တမ်းဆိုရင် ပညာရေး ပြုပြင်ပြောင်းလဲရေးမှာ တကယ့်ကို အတွေ့အကြုံတွေ များပြီးတော့ တကယ်ကို အသစ်ပေးနိုင်တဲ့သူမျိုးကို ကျွန်မတို့က ဖြစ်စေချင်ပါတယ်။ တကယ့်ကို ကျွမ်းကျင်တဲ့ ပညာရှင်ကြီးတွေ၊ နိုင်ငံတကာ အတွေ့အကြုံ၊ ပြည်တွင်း အတွေ့အကြုံတွေရှိပြီး တကယ်ကို လုပ်နိုင်ကိုင်နိုင်တဲ့ ဆရာကြီးတွေ ကျွန်မတို့နိုင်ငံမှာ အများကြီး ရှိလျက်သားနဲ့ ဒေါက်တာမျိုးသိမ်းကြီးကို ရွေးချယ်လိုက်တဲ့ အပေါ်မှာတော့ အစိုးရဟောင်းရဲ့လူမို့လို့လားလို့ ကျွန်မစိုးရိမ်စိတ်ဖြစ်မိတယ်။ အစိုးရအဟောင်းရဲ့ လူဖြစ်တဲ့အတွက် ပညာရေးနဲ့ ပတ်သက်တဲ့ မူဝါဒတွေမှာ မတူတဲ့ မူဝါဒတွေကို ညှိနှိုင်းတဲ့အခါ အခက်အခဲတွေ ဖြစ်လာနိုင်သလို အရင်အစိုးရဟောင်းရဲ့ မူဝါဒတွေအပေါ်မှာ အခြေခံပြီးတော့ ပညာရေးပြုပြင်ပြောင်းလဲမှုကို အကောင်အထည်ဖော်မှာကိုလည်း ကျွန်မတို့ စိုးရိမ်ပါတယ်။ ပညာရေး လွတ်လပ်ခွင့်ရှိတဲ့ ဒီမိုကရေစီ ပညာရေးကို အခြေခံတဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှုမျိုးကိုပဲ ကျွန်မတို့က အလိုရှိတာပါ။ ဒေါက်တာမျိုးသိမ်းကြီးကိုတော့ ကျွန်မတို့ စိုးရိမ်ပူပန်မှု ရှိနေတုန်းပါပဲ။ ကျောင်းသားအဖွဲ့အစည်းတွေ အနေနဲ့ရော ဆရာ ဆရာမတွေ၊ ပညာရှင်တွေ အပိုင်းမှာပါ အများကြီး စိုးရိမ်ပူပန်မှုတွေ ရှိနေတုန်းပါပဲ။ ဒေါက်တာ မျိုးသိမ်းကြီး အပေါ်မှာ။မေး ■ အရင်အစိုးရ လက်ထက်က တောင်းဆိုခဲ့တဲ့ ၁၁ ချက်ထဲမှာပါတဲ့ ကျောင်းသားသမဂ္ဂတွေ တရားဝင် ရပ်တည်ခွင့်နဲ့ ပတ်သက်ပြီး အခုအစိုးရ လက်ထက်မှာ ထပ်ဆွေးနွေးမယ်ဆိုရင် ဘယ်လိုအခက်အခဲ ကြုံလာနိုင်မလဲ။ အဆင်ပြေပါ့မလား ခင်ဗျ။ဖြေ ■ ကျွန်မတို့ လက်ရှိအစိုးရနဲ့ ဆွေးနွေးမှု မလုပ်နိုင်သေးပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ အရင်ကာလတွေတုန်းက တွေ့ဆုံဆွေးနွေးခဲ့တဲ့ အနေအထားမှာတော့ ကျောင်းသား သမဂ္ဂတွေအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က ကျောင်းသားသမဂ္ဂဆိုတာ ဖွဲ့စည်းသင့်တဲ့၊ ရှိကိုရှိသင့်တဲ့ အဖွဲ့အစည်းပေါ့။ သူ့အနေနဲ့ ဒါကိုတစ်စုံတစ်ဦးက ခွင့်ပြုလို့ ဖွဲ့စည်းတာမျိုး မဟုတ်ဘဲနဲ့ ခွင့်ပေးမှ ဖွဲ့စည်းရတာမျိုး မဟုတ်ဘူးပေါ့။ တစ်စုံတစ်ယောက်က တရားဝင် ဖွဲ့စည်းသင့်တယ်လို့ပြောမှ တရားဝင်တာ မဟုတ်ဘူးဆိုတာ သူ့အနေနဲ့ အမြင်သဘောထားမျိုး ရှိတယ်ဆိုတဲ့ ပုံစံမျိုးတွေ တွေ့ရပါတယ်။ ကျွန်မတို့ အနေနဲ့ကလည်း ကျောင်းသားသမဂ္ဂတွေကို လွတ်လွတ်လပ်လပ် ကျောင်းတွေထဲမှာ ဖွဲ့စည်းခွင့်ကို ပညာရေး ဥပဒေထဲမှာ ထည့်သွင်းပေးတာမျိုးဖြစ်ဖြစ် တက္ကသိုလ် ပဋိညာဉ်မှာပဲဖြစ်ဖြစ် အရေးကြီးတာကတော့ အာမခံချက်ရှိတဲ့ အနေအထားမျိုးပေါ့။ ကျွန်မတို့မှာက တစ်လျှောက်လုံးက ကျောင်းသားသမဂ္ဂဆိုရင် အစိုးရ အဆက်ဆက်ပေါ့။ အာဏာသိမ်းခံရပြီးနောက်ပိုင်း အစိုးရ အဆက်ဆက်ရဲ့ဖိနှိပ်မှုကို ခံခဲ့ရပြီး ပညာရေးနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် နိုင်ငံရေးနဲ့ပတ်သက်ပြီးပဲဖြစ်ဖြစ် ကျောင်းထဲမှာ လှုပ်ရှားမှုတွေလုပ်ရင် အချိန်မရွေး ဖမ်းဆီးခံရနိုင်တဲ့ အခြေအနေမျိုးတွေအောက်မှာ နေလာခဲ့ရတဲ့အတွက် ဥပဒေကြောင်းအရ အာမခံချက်တွေ ရှိနေအောင်လို့ ကျွန်မတို့ဘက်ကတော့ တောင်းဆိုမှုတွေ ဆက်ရှိနေဦးမှာပါ။မေး ■ ဟုတ်ကဲ့။ နောက်ဆုံးမေးခွန်း အနေနဲ့ပေါ့။ အခု သပိတ်မလှန်သေးဘူးဆိုတဲ့ စကားပေါ်မှာ အချို့သူတွေက အမြင်လွဲနေကြတာ တွေ့ရတယ်။ အဲဒီ သပိတ်မလှန်သေးဘူးဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်း သိအောင် မဖြိုးဖြိုးအောင် အနေနဲ့ ရှင်းပြပေးပါခင်ဗျ။ဖြေ ■ ဟုတ်ကဲ့။ ကျွန်မတို့ သပိတ်က ၂၀၁၄ ခုနှစ် နိုဝင်ဘာမှာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးခေါ်ပြီးတော့ အစိုးရက အတည်ပြုလိုက်တဲ့ ပညာရေး ဥပဒေက ကျွန်မတို့ လိုလားတဲ့ ပညာရေး လွတ်လပ်ခွင့်ကို ထိပါးနေတဲ့အတွက် ဒီမိုကရေစီ ပညာရေးကို သွေဖည်နေတယ်လို့မြင်တဲ့ အတွက်ကြောင့်မို့ ပညာရေး ဥပဒေကို ပြုပြင် ပြောင်းလဲဖို့ ကျောင်းသားတွေက သပိတ်မှောက် ဆန္ဒပြကြဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ ကျွန်မတို့ သပိတ်မှောက် ဆန္ဒပြတဲ့နေရာမှာလည်း ရန်ကုန်မှာ လေးရက်တာ ဆန္ဒပြပွဲဆင်နွှဲပြီးတော့ ရက်ပေါင်း ၆၀ အတွင်း ကျွန်မတို့နဲ့ ညှိနှိုင်းဆွေးနွေးပေးဖို့ အစိုးရဘက်ကို အချိန်ပေးတဲ့ အနေနဲ့ အချိန်ယူခဲ့ပါတယ်။ အဲဒီ ရက်ပေါင်း ၆၀ နောက်ပိုင်းမှာ ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းကို ချီတက်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်မတို့ အဲဒီ သပိတ်စစ်ကြောင်း ချီတက်နေတဲ့ ကာလအတွင်းမှာလည်း ထိပ်တိုက်ရင်ဆိုင်မှုတွေ အမျိုးမျိုး ကြုံတွေ့ခဲ့ပြီးတော့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ဖြစ်လာတယ်။ လေးပွင့်ဆိုင် သဘောတူညီချက်တွေ ဖြစ်လာပါတယ်။ အဲဒီ လေးပွင့်ဆိုင် သဘောတူညီချက်တွေကို အစိုးရဘက်က ကျွန်မတို့ လိုချင်တဲ့အချက် ၁၁ ချက်ပေါ်မှာရော ကျွန်မတို့ကို ဖမ်းဆီးထိန်းသိမ်းခြင်း မပြုပါဘူးဆိုတဲ့ ကတိကဝတ်တွေ ပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီကတိကဝတ်တွေကို ၂၀၁၅ ခုနှစ် မတ် ၁၀ ရက်မှာ တစ်ဖက်သတ် ဖျက်သိမ်းခြင်း ခံရပြီးတော့ ကျွန်မတို့တွေ ထောင်သွင်းအကျဉ်းချခံရသလို တစ်ဖက်က လွှတ်တော်ထဲမှာလည်း အကြောင်းပြချက် အမျိုးမျိုးနဲ့ ကျွန်မတို့ရဲ့ တောင်းဆိုချက်တွေ အတော်များများက ပြုတ်ကျကျန်ခဲ့တာကို တွေ့ရပါတယ်။ ကျွန်မတို့ တောင်းဆိုချက် တော်တော်များများ မရလိုက်ဘဲ အတည်ပြုလိုက်တဲ့ ပညာရေး ဥပဒေမှာ ကျွန်မတို့တောင်းဆိုထားတဲ့ အချက်အလက်တွေက လိုအပ်နေသေးတယ်။ ဒါတိုင်းပြည် ပညာရေးအတွက် ဒီတောင်းဆိုချက်တွေကိုလည်း ပါဝင်စေချင်တယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့လိုချင်တဲ့ အချက်တွေမရသေးတဲ့အတွက် သပိတ်ကို မလှန်သေးဘူးလို့ ကျွန်မတို့ ပြောခြင်းဖြစ်ပါတယ်။ သပိတ်မလှန်သေးဘူးဆိုတာ ကျွန်မတို့ အနေနဲ့ နေ့ချင်းညချင်း လမ်းပေါ်ထွက်ပြီး ဆန္ဒပြကြမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ အခုအစိုးရသစ်နဲ့ဆက်ပြီး ညှိနှိုင်းဆွေးနွေးမှုတွေ ရှိနေဦးမှာပဲ။ ကျွန်မတို့ လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့အတွက် ဒါကကျွန်မတို့ရဲ့ တာဝန်ဖြစ်တဲ့အတွက် ဆက်ပြီးတော့ ထမ်းဆောင်နေရဦးမှာပါလို့ ဆိုလိုရင်း ဖြစ်ပါတယ်ရှင့်။ ဒါကို အများက နားလည်ပေးဖို့ ကျွန်မအနေနဲ့ တိုက်တွန်းချင်ပါတယ်။ ပညာရေးဆိုတာ ကျွန်မတို့ တိုင်းပြည်အတွက် အင်မတန်လည်း အရေးကြီးတဲ့အတွက် ကျွန်မတို့ ကျောင်းသားတွေ အနေနဲ့ကလည်း ပညာရေးပြုပြင် ပြောင်းလဲရေးမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင် လှုပ်ရှားနေဦးမှာပဲ ဖြစ်ပါတယ်။ 

Most Read

Most Recent