သုံးလတာ ကာလအတွင်း တစ်နိုင်ငံလုံး၌ လူသတ်မှုပေါင်း ၂၈၀ ကျော်နှင့် မုဒိမ်းမှုပေါင်း ၁၈၀ကျော် ဖြစ်ပွား

သုံးလတာ ကာလအတွင်း တစ်နိုင်ငံလုံး၌ လူသတ်မှုပေါင်း ၂၈၀ ကျော်နှင့် မုဒိမ်းမှုပေါင်း ၁၈၀ကျော် ဖြစ်ပွား
Published 7 April 2016
ဉာဏ်ဝင်းရှိန်

ယခုနှစ် ဇန်နဝါရီမှ မတ်လကုန်အထိ သုံးလတာ ကာလအတွင်း တစ်နိုင်ငံလုံး၌ လူသတ်မှုပေါင်း ၂၈၀ ကျော်နှင့် မုဒိမ်းမှုပေါင်း ၁၈၀ ကျော် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် မှုခင်းဌာနမှ လအလိုက်ရရှိသည့် စာရင်းအရ သိရသည်။ယခုနှစ်စမှ မတ်လအထိ မြန်မာတစ်နိုင်ငံလုံး၌ ဖြစ်ပွားခဲ့သည့် အမှုကြီး ၁၀ မျိုးတွင် ဖြစ်ပွားမှုအများဆုံးမှာ လူသတ်မှုနှင့် မုဒိမ်းမှုတို့ဖြစ်ကြပြီး သုံးလအတွင်း လူသတ်မှု ၂၈၂ မှုနှင့် မုဒိမ်းမှု ၁၈၁ မှုတို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။၂၀၁၆ ခုနှစ် နှစ်စဖြစ်သည့် ဇန်နဝါရီလအတွင်း၌ လူသတ်မှု ၈၇ မှု၊ မုဒိမ်းမှု ၄၈ မှုနှင့် လုယက်မှု ၁၄ မှု ဖြစ်ပွားခဲ့သည်။ ဖေဖော်ဝါရီလအတွင်း တစ်နိုင်ငံလုံး၌ လူသတ်မှု ၈၆ မှု၊ မုဒိမ်းမှု ၆၅ မှုနှင့် လုယက်မှု ၁၃ မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ထို့ပြင် မတ်လအတွင်း၌ ဖြစ်ပွားခဲ့သည့် အမှုကြီး ၁၀ မျိုးအနက် လူသတ်မှုဖြစ်ပွားမှုမှာ ၁၀၉ မှု၊ ဓားပြမှု နှစ်မှု၊ လုယက်မှု ရှစ်မှု၊ မုဒိမ်းမှု ၆၈မှု၊ ဖောက်ထွင်းမှု လေးမှု၊ တိရစ္ဆာန်ခိုးမှု သုံးမှုနှင့် မတရားအသင်း ဆက်သွယ်မှု ၁၁ မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် မှုခင်းဌာနမှရရှိသည့် အချက်အလက်များအရ သိရသည်။