ဒဂုံစင်တာ (၁) အတွင်းရှိ ဖန်စီဆိုင် တစ်ဆိုင်၏ အရောင်းဝန်ထမ်း အမျိုးသမီးတစ်ဦးအား အမျိုးသားတစ်ဦးက ကတ်ကြေးဖြင့်ထိုးမှု ဖြစ်ပွား

ဒဂုံစင်တာ (၁) အတွင်းရှိ ဖန်စီဆိုင် တစ်ဆိုင်၏ အရောင်းဝန်ထမ်း အမျိုးသမီးတစ်ဦးအား အမျိုးသားတစ်ဦးက ကတ်ကြေးဖြင့်ထိုးမှု ဖြစ်ပွား
Published 6 April 2016
ဝေလင်းအောင်၊ မြင့်သူ

ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိ ဒဂုံစင်တာ (၁) ၂-လွှာတွင် အမျိုးသမီးတစ်ဦးအား အမျိုးသားတစ်ဦးက ကတ်ကြေးဖြင့်ထိုးမှု ဧပြီ ၆ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာ ရဲစခန်းမှ စုံစမ်းသိရှိရသည်။ကတ်ကြေးဖြင့် အထိုးခံရသူ အမျိုးသမီးမှာ အသက် ၂၂ နှစ်အရွယ်ရှိပြီး ဒဂုံစင်တာ (၁) ၂-လွှာတွင် ဖွင့်လှစ်ထားသော ဖန်စီပစ္စည်း အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးဖြစ်ကာ ကျူးလွန်သူမှာ နေဒွေး အသက် (၂၃ နှစ်) ဆိုသူဖြစ်ကြောင်း သိရှိရသည်။“အထိုးခံရတဲ့ ကောင်မလေးက ယာဘက်မျက်လုံး ပေါက်သွားတယ်။ ဝဲဘက်မျက်လုံးက ဖူးရောင်သွားတယ်။ မျက်နှာအခြားနေရာတွေမှာလည်း ထိခိုက်ဒဏ်ရာ ရသွားတယ်။ ကျူးလွန်သူက ကတ်ကြေးကို ယူဆောင်လာပုံရတယ်။ ကနဦး စစ်ဆေးချက်အရတော့ သမီးရည်းစားကိစ္စလို့ သိရတယ်။ ကျူးလွန်သူက ရည်းစားဟောင်းလို့လည်း သိရပါတယ်”ဟု စမ်းချောင်းမြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ဧပြီ ၆ ရက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။ထိုသို့ ကတ်ကြေးဖြင့် အထိုးခံရသည့် အမျိုးသမီးအား ရန်ကုန်ပြည့်သူ့ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ထားပြီး ကျူးလွန်သူအား မိနစ်ပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။လက်ရှိအချိန်တွင် အခင်းဖြစ်ပွားခဲ့သည့် ဖန်စီဆိုင်အား ယာယီပိတ်ထားပြီး ဒဂုံစင်တာအတွင်း လုံခြုံရေးများကိုလည်း တင်းကျပ်ထားကြောင်း သိရသည်။“အခင်းဖြစ်ပွားခဲ့တဲ့ ဖန်စီဆိုင်ကိုတော့ ပိတ်ထားပါတယ်။ ကျွန်တော်တို့ လုံခြုံရေးတွေကိုလည်း တင်းကျပ်ထားတယ်။  ဒီလိုဖြစ်သွားတာက ကျွန်တော်တို့ လုံခြုံရေးတွေရဲ့ ပေါ့လျော့မှုလို့လည်း ပြောလို့တော့ မရပါဘူး။ အခင်းဖြစ်ပြီးချိန်ကလည်း ရဲတွေ စစ်ဆေးနေချိန်မှာ ကျွန်တော်တို့က အပြင်ပိုင်းပဲ လုံခြုံ ရေးယူပေးရတော့ အသေးစိတ်ကိုတော့ သေချာမသိဘူး။ ဒါပေမဲ့ ကတ်ကြေးနဲ့ အထိုးခံရတဲ့ မိန်းကလေးကတော့ အဲဒီဖန်စီဆိုင်က ဝန်ထမ်းပါ။ သမီးရည်းစားကိစ္စလို့တော့ သိရတယ်။ အခုခေတ် လူငယ်တွေအနေနဲ့ ဒီလိုမျိုး လက်လွတ်စပယ် ကိစ္စရပ်မျိုးတွေလုပ်နေတာတွေက မဖြစ်သင့်ဘူးလို့ ထင်ပါတယ်”ဟု ဒဂုံစင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်သူ နေဒွေး (၂၃ နှစ်) အား စမ်းချောင်းမြို့မရဲစခန်းတွင် (ပ)၁၃၀၊ ပြစ်မှုပုဒ်မ ၃၂၆၊ ၃၀၇၊ ၄၅၂ တို့ဖြင့် အမှုဖွင့်ကာ ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။အလားတူ လူစည်ကားရာ ကုန်တိုက်အတွင်း အမျိုးသမီးတစ်ဦး တိုက်ခံခဲ့ရသည့် ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက် ညနေပိုင်းက ဒဂုံမြို့နယ်ရှိ တော်ဝင်စင်တာတွင် ဖြစ်ပွားခဲ့ပြီး အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးကို အွန်လိုင်းမှ ခင်မင်သည့် သူငယ်ချင်းဆိုသူ အမျိုးသားတစ်ဦးမှ ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။