စတော့ဈေးကွက်အတွင်း ရှယ်ယာစုပေါင်း ၃၇၀၀၀ ကျော်နှင့် ငွေပမာဏအားဖြင့် ကျပ်ငွေ တစ်ဘီလျံကျော် အရောင်းအဝယ် ဖြစ်ခဲ့

စတော့ဈေးကွက်အတွင်း ရှယ်ယာစုပေါင်း ၃၇၀၀၀ ကျော်နှင့် ငွေပမာဏအားဖြင့် ကျပ်ငွေ တစ်ဘီလျံကျော် အရောင်းအဝယ် ဖြစ်ခဲ့
Published 6 April 2016

ရန်ကုန်စတော့ ဈေးကွက်အတွင်း ရှယ်ယာစုပေါင်း ၃၇၅၂၁ စုနှင့် ကျပ်ငွေ ၁၂၀၁ သန်း (တစ်ဘီလျံကျော်) အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း ၂၀၁၆ ခုနှစ် ဧပြီ ၆ ရက် စတော့ဈေးကွက် အတွင်းမှ စုံစမ်းသိရသည်။၂၀၁၆ ခုနှစ် ဧပြီ ၆ ရက် နံနက် ၁၁ နာရီ (ပထမပိုင်း) ဈေးကွက်ပိတ်ချိန်တွင် ရှယ်ယာ တစ်စုလျှင် ကျပ် ၃၂၀၀၀ ဖြင့် ရှယ်ယာစုပေါင်း ၁၅၂၀၆ စုနှင့် ကျပ်ငွေ ၄၈၇ သန်း အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရသည်။ မွန်းလွဲ ၁ နာရီ (ဒုတိယပိုင်း)ဈေးကွက်ပိတ်ချိန်တွင်လည်း ဈေးနှုန်း အပြောင်းအလဲ မရှိဘဲ ရှယ်ယာ စုစုပေါင်း ၂၂၃၁၅ စု၊ ကျပ် ၇၁၄ သန်း အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရသည်။အဆိုပါ ဈေးနှုန်းသည် ဧပြီ ၅ ရက် ဈေးကွက်ပိတ်ချိန်က အရောင်းအဝယ် ဈေးနှုန်းအတိုင်းသာ ဈေးအတက်အကျ မရှိဘဲ အရောင်းအဝယ် ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရန်ကုန်စတော့ဈေးကွက်အတွင်း FMI ကုမ္ပဏီ၏ ရှယ်ယာများကို အရောင်းအဝယ် ပြုလုပ်နေခြင်းဖြစ်သည်။ယင်းနောက် သီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ၏ ရှယ်ယာများကို ဧပြီ နောက်ဆုံးပတ်တွင် ဒုတိယအသုတ် အနေဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။FMI ရှယ်ယာ ဈေးနှုန်းများသည် အတက်အကျ ကြမ်းခဲ့ပြီး ဧပြီ ၅ ရက်တွင်မူ ဈေးနှုန်းအပြောင်းအလဲ မရှိဘဲ ငြိမ်နေခဲ့ကြောင်း သိရသည်။“အရင်ရက်တွေက ရှယ်ယာဈေး အတက်အကျ ကြမ်းနေတာက ဝယ်မယ့်သူတွေ များနေပြီး ရောင်းမယ့်သူ နည်းနေတာကြောင့် ဈေးက ၄၁၀၀၀ ထိကို ခုန်တက်သွားတယ်။ နောက်ပိုင်းကျတော့ အဝယ်လည်း နည်းသွားရော ဈေးက ပြန်ထိုးကျလာတယ်။ ကျွန်တော်ကတော့ နောက်ထပ် သီလဝါကုမ္ပဏီ ဈေးကွက်ထဲ ဝင်လာမှ ရှယ်ယာကို ယှဉ်ပြီး ဝယ်တော့မယ်။ အခုကတော့ စိတ်ဝင်စားလို့ နေ့တိုင်း ဈေးကွက် အခြေအနေကို စောင့်ကြည့် ဖြစ်ပါတယ်” ဟု စတော့ဈေးကွက် စိတ်ဝင်စားသူ ဦးလှမိုးက ဆိုသည်။ရန်ကုန်စတော့ ဈေးကွက်၌ အများပိုင် ကုမ္ပဏီ ခြောက်ခုဖြစ်သည့် First Myanmar Investment၊ First Private Bank (ပထမ ပုဂ္ဂလိကဘဏ်)၊ Myanmar Citizen Bank? Myanmar Thilawa SEZ Holdings public ကုမ္ပဏီ၊ Great HOR KHAN Public Co၊ Myanmar Agribusiness Public Corporation (MAPCO) တို့က ရှယ်ယာရောင်းချခွင့် ရရှိထားကြောင်း သိရသည်။ရန်ကုန်စတော့အိတ်ချိန်းကို အစိုးရ ရုံးဖွင့်ရက်များအတွင်း နံနက် ၉ နာရီခွဲမှ မွန်းလွဲ ၁ နာရီအထိ ဖွင့်လှစ်ကြောင်း သိရသည်။

Most Read

Most Recent