ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ချက် ရယူရန် လိုအပ်သည့် စီးပွားရေးလုပ်ငန်း အမျိုးအစားများ သတ်မှတ်ခြင်းအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) မှ ပြန်လည် ရုပ်သိမ်းလိုက်ကြောင်း သိရသည်။မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ၂၀၁၆ ခုနှစ် မတ် ၂၉ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာ အမှတ် (၈၀/၂၀၁၆) ကို ထုတ်ပြန်ကာ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ချက် ရယူရန် လိုအပ်သည့် စီးပွားရေးလုပ်ငန်း အမျိုးအစား သတ်မှတ်ခြင်း အမိန့်ကြော်ငြာစာကို ရုပ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ချက် ရယူရန် လိုအပ်သည့် စီးပွားရေးလုပ်ငန်း အမျိုးအစား သတ်မှတ်ခြင်း အမိန့်ကြော်ငြာစာကို ရုပ်သိမ်းသည့် အမိန့်ကြော်ငြာစာတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနက ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်ပြီး ဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် အဆိုပါ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်လိုက်နာ ဆောင်ရွက်သွားရန် ဖြစ်ပါသဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ထုတ်ပြန်ခဲ့သည့် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ချက် ရယူရန် လိုအပ်သည့် စီးပွားရေးလုပ်ငန်း အမျိုးအစားများ သတ်မှတ်ခြင်း အမိန့်ကြော်ငြာစာ အမှတ် (၅၀/၂၀၁၄)ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ရုပ်သိမ်းလိုက်သည်ဟု ဖော်ပြထားသည်။မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၁၄)တွင် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ချက် ရယူရန် လိုအပ်သည့် စီးပွားရေးလုပ်ငန်း အမျိုးအစားများအဖြစ် ဓာတ်သတ္တုတူးဖော် ထုတ်လုပ်ခြင်း လုပ်ငန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော် ထုတ်လုပ်ခြင်း၊ ရေနံချက်စက်ရုံ သို့မဟုတ် ရေနံဓာတုဗေဒစက်ရုံ တည်ဆောက် အကောင်အထည်ဖော်ခြင်း လုပ်ငန်း၊ အကြီးစားဆည်မြောင်း၊ တာတမံ တည်ဆောက်ခြင်း လုပ်ငန်း၊ ရေအားလျှပ်စစ်နှင့် အခြား အကြီးစား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်း၊ မဟာဓာတ်အားလိုင်းများ တည်ဆောက်ခြင်း လုပ်ငန်း၊ ရေနံပိုက်လိုင်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖောက်လုပ်သွယ်တန်း တည်ဆောက်ခြင်း လုပ်ငန်း၊ အကြီးစား မြစ်ကူးတံတား၊ ခုံးကျော်တံတား၊ အဝေးပြေး လမ်းမ၊ ရထားလမ်း၊ ဆိပ်ကမ်းလုပ်ငန်း၊ သင်္ဘောကျင်း လုပ်ငန်း၊ လေဆိပ်၊ လေယာဉ်ပြေးလမ်း တည်ဆောက်ခြင်း၊ ရေသွယ်မြောင်းကြီးများ ရှည်လျားစွာ တူးဖော်သွယ်တန်းခြင်း၊ အကြီးစား မော်တော်ယာဉ် ထုတ်လုပ်ခြင်း လုပ်ငန်း အပါအဝင် လုပ်ငန်း ၃၀ ကို သတ်မှတ်ထားကြောင်း သိရသည်။ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနက ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများတွင် ကနဦး ပတ်ဝန်းကျင် ဆန်းစစ်ခြင်း (Initial Environmental Examination-IEE) သို့မဟုတ် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း (Environmental Impact Assessment -EIA) ဆောင်ရွက်ရန် လိုအပ်သည့် စီမံကိန်း အမျိုးအစားများအဖြစ် ပြည်ထောင်စုလွှတ်တော် သို့မဟုတ် ပြည်ထောင်စု အစိုးရအဖွဲ့ သို့မဟုတ် နိုင်ငံတော် သမ္မတ၏ အတည်ပြု ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်သော ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီးများ၊ ရေအားလျှပ်စစ် စီမံကိန်းလုပ်ငန်း အပါအဝင် လုပ်ငန်းအမျိုးအစား ၁၄၁ ခု သတ်မှတ်ထားကြောင်း သိရသည်။
ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ချက် ရယူရန် လိုအပ်သည့် စီးပွားရေးလုပ်ငန်း အမျိုးအစားများ သတ်မှတ်ခြင်းအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ပြန်လည် ရုပ်သိမ်း










