တရုတ်အစိုးရပိုင် Guang Zhenrong မှ ဦးဆောင်လုပ်ကိုင်မည့် ဒေါ်လာ သုံးဘီလျံတန် ရေနံချက်စက်ရုံ တည်ဆောက်မည့် စီမံကိန်း ယခင်အစိုးရ လက်ကျန်သက်တမ်းတွင် ခွင့်ပြုချက် ရရှိ

တရုတ်အစိုးရပိုင် Guang Zhenrong မှ ဦးဆောင်လုပ်ကိုင်မည့် ဒေါ်လာ သုံးဘီလျံတန် ရေနံချက်စက်ရုံ တည်ဆောက်မည့် စီမံကိန်း ယခင်အစိုးရ လက်ကျန်သက်တမ်းတွင် ခွင့်ပြုချက် ရရှိ
Published 6 April 2016
စည်သူအောင်

တရုတ်အစိုးရပိုင် Guandong Zhenrong Energy Co (GDZR) မှ ဦးဆောင် လုပ်ကိုင်မည့် ဒေါ်လာ သုံးဘီလျံတန် ရေနံချက်စက်ရုံ တည်ဆောက်မည့် စီမံကိန်းကို ယခင် အစိုးရ လက်ကျန်သက်တမ်းတွင် ခွင့်ပြုချက် ရရှိခဲ့ကြောင်း ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။ယင်းရေနံချက်စက်ရုံ စီမံကိန်းကို ထားဝယ်မြို့တွင် တည်ဆောက်မည်ဖြစ်ပြီး ရေနံဆိပ်ကမ်း၊ သိုလှောင်ရုံများ၊ ဖြန့်ဖြူးရောင်းချရေးဆိုင်ရာ အခြေခံ အဆောက်အအုံများ ပါဝင်မည်ဖြစ်ကာ မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံး စီမံကိန်းတစ်ခု ဖြစ်လာမည်ဖြစ်သည်။ ရေနံချက် စက်ရုံကို တစ်ရက်လျှင် စည် ၁၀၀၀၀၀ ထုတ်လုပ်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မတီထံမှ သဘောတူညီမှု ရထားပြီး ယင်းစီမံကိန်းသည် ထားဝယ် ကမ်းရိုးတန်းတွင် တည်ရှိမည်ဖြစ်သည်။ရေနံချက်စက်ရုံ စီမံကိန်းကို Guandong Zhenrong Energy(GDZR) နှင့် မြန်မာလုပ်ငန်း သုံးခုတို့က အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု အနေဖြင့် GDZR က ရာခိုင်နှုန်း ၇၀ ထည့် ဝင်မည်ဖြစ်ပြီး မြန်မာ့တပ်မတော်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (အများနှင့် သက်ဆိုင်သော ကုမ္ပဏီအဖြစ် ပြောင်းလဲထား)၊ စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံဓာတုဗေဒ လုပ်ငန်းနှင့် ထူးကုမ္ပဏီများ အုပ်စုဝင် Yangon Engineering Group တို့က ကျန်ရာခိုင်နှုန်း ၃၀ ကို စုပေါင်းထည့်ဝင်မည်ဖြစ်ကြောင်း GDZR ဒုတိယဥက္ကဋ္ဌ Li Hui က ဆိုသည်။အဆိုပါ စီမံကိန်းကို ဒေါ်အောင်ဆန်းစုကြည် အစိုးရ မတက်ရောက်မီ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ပြီး ယခုအစိုးရသစ် တက်ရောက်ချိန်တွင် အစိုးရသစ်၏ ညွှန်ကြားမှုများနှင့်အတူ ဆက်လက်ဆောင်ရွက်ရန် အသင့်အနေအထား ဖြစ်နေပြီဟု ၎င်းက ပြောသည်။“စီမံကိန်းနဲ့ ပတ်သက်လို့ ပါဝင်တဲ့သူ အားလုံးက မျှော်မှန်းထားတဲ့ အကျိုးအမြတ် ရနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်။ ဒီစက်ရုံက ဒေသခံ ပြည်သူတွေ အတွက်ရော နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု အတွက်ပါ အကျိုးအမြတ် ရရှိနိုင်ပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။မြန်မာနိုင်ငံတွင် ဆောင်ရွက်မည့် ရေနံချက်စက်ရုံ စီမံကိန်း၏ ရင်းနှီးငွေအတွက် တရုတ်အစိုးရ ဘဏ်များဖြစ်သော China Development Bank၊ China Export & Import Bank တို့မှ ချေးယူနိုင်ရန် GDZR ဥက္ကဋ္ဌ Xiong Shaohui က မျှော်မှန်းထားသည်။ ထို့ပြင် ယင်းစီမံကိန်းသည် တရုတ် အစိုးရ၏ အိမ်နီးချင်း နိုင်ငံများနှင့် စီးပွားရေးအရ ပတ်သက်ဆက်နွှယ်မှုနှင့် တရုတ်အစိုးရ၏ ရေကြောင်းပိုးလမ်းမ မဟာဗျူဟာတို့ကို အထောက်အကူ ဖြစ်စေမည်ဟု ၎င်းက သုံးသပ်ထားသည်။GDZR ကို တရုတ်အစိုးရက စီမံခန့်ခွဲပြီး စွမ်းအင်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှု၊ သဘာ၀ သယံဇာတဆိုင်ရာ ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်ရေး လုပ်ငန်းများကို အဓိက လုပ်ကိုင်နေခြင်းဖြစ်သည်။ ယင်းလုပ်ငန်းကို ၂၀၀၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ တရုတ်နိုင်ငံ၏ ထိပ်တန်းစာရင်းဝင် လုပ်ငန်းတစ်ခု ဖြစ်သည်။       

Most Read

Most Recent