ဒဂုံစင်တာတွင် သမီးရည်းစား ကိစ္စကြောင့် ကတ်ကြေးဖြင့်ထိုးရာ အမျိုးသမီးတစ်ဦး၏ မျက်လုံးတွင် ထိခိုက်ဒဏ်ရာ ရရှိ

ဒဂုံစင်တာတွင် သမီးရည်းစား ကိစ္စကြောင့် ကတ်ကြေးဖြင့်ထိုးရာ အမျိုးသမီးတစ်ဦး၏ မျက်လုံးတွင် ထိခိုက်ဒဏ်ရာ ရရှိ
Published 6 April 2016
■ ဝေလင်းအောင်၊ မြင့်သူ

စမ်းချောင်းမြို့နယ်၊ ဒဂုံစင်တာတွင် ယနေ့ (ဧပြီ ၆ ရက်) နံနက် ၉ နာရီခန့်က အမျိုးသမီးတစ်ဦးအား အမျိုးသားတစ်ဦးမှ သမီးရည်းစား ကိစ္စကြောင့် ကတ်ကြေးဖြင့်ထိုးရာမှ မျက်လုံးတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ကတ်ကြေးဖြင့်အထိုးခံသူ အမျိုးသမီးမှာ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ဒဂုံစင်တာ ဒုတိယထပ် ဖန်စီပစ္စည်းဆိုင်တွင် အလုပ်လုပ်ကိုင်သူ တစ်ဦးဖြစ်ကာ ကျူးလွန်သူမှာ နေဒွေး (အသက် ၂၃ နှစ်) ဆိုသူဖြစ်ကြောင်း စမ်းချောင်းမြို့မ ရဲစခန်းမှ သိရသည်။“ကောင်မလေးက ယာဘက်မျက်လုံး ပေါက်သွားတယ်။ ဝဲဘက်မျက်လုံး ဖူးရောင်သွားတယ်။ မျက်နှာမှာလဲ အခြား ထိခိုက်ဒဏ်ရာတွေ ရရှိသွားတယ်။ ရန်ကုန်ဆေးရုံကြီးကို အရေးပေါ် ပို့ဆောင်လိုက်တယ်။ ကတ်ကြေးကိုတော့ ကျူးလွန်သူကိုယ်တိုင် ယူဆောင်လာပုံရတယ်။ ကနဦး စစ်ဆေးချက်အရတော့ သမီးရည်းစားကိစ္စလို့ သိရတယ်” ဟု စမ်းချောင်းမြို့မ ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိ တစ်ဦးက ပြောသည်။အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူအား မိနစ်ပိုင်းအတွင်း ဖမ်းမိခဲ့ပြီး ၎င်းအား စမ်းချောင်းမြို့မ ရဲစခန်းတွင် (ပ)၁၃၀၊ ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။