မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) သည် ၂၀၁၆ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ၏ မြန်မာအသင်း ပါဝင်သော အုပ်စုပွဲစဉ်များကို ရန်ကုန်မြို့တွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားမည်ဖြစ်သည်။ MFF သည် ယင်းပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်သောကြောင့် မြန်မာ့လက်ရွေးစင်အသင်း အောင်မြင်မှု ရရှိစေရန် ရည်မှန်းထားကြောင်း သိရသည်။ယင်းကဲ့သို့ အောင်မြင်မှု ရရှိရန်အတွက် မြန်မာ့လက်ရွေးစင် အသင်းကို အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ မတိုင်မီ တောင်ကိုရီးယားနိုင်ငံသို့ နှစ်ပတ်ကြာ စေလွှတ်၍ နေထိုင် လေ့ကျင့်စေမည်ဖြစ်ကြောင်း သိရသည်။ MFF သည် မြန်မာ့လက်ရွေးစင် အသင်း၏ တောင်ကိုရီးယား ခရီးစဉ်ကို လာမည့် စက်တင်ဘာလအတွင်း စီစဉ်ထားပြီး ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန်အတွက် တောင်ကိုရီးယား ကလပ်အသင်းများကိုလည်း ချိတ်ဆက်လျက်ရှိကြောင်း သိရသည်။မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ်ဖြစ်သူ ဂတ်ဖရိုင်းဒရစ်က “အဖွဲ့ချုပ်က ကျွန်တော်တို့ကို ဆူဇူကီးဖလားပြိုင်ပွဲ မတိုင်ခင် ပြည်ပခရီးစဉ်လွှတ်ဖို့ စီစဉ်နေပါတယ်။ ပထမတော့ ကျွန်တော်က တူရကီနိုင်ငံကို ရွေးချယ်ခဲ့တာပါ။ ဒါပေမဲ့ အန္တရာယ် ရှိနိုင်တာကြောင့် တောင်ကိုရီးယားကို ပြောင်းပြီးရွေးချယ်ခဲ့တာပါ။ ခရီးစဉ်ကာလက နှစ်ပတ်ဝန်းကျင် ရှိပါမယ်။ တောင်ကိုရီးယားကလပ် အသင်းတွေနဲ့လည်း ခြေစမ်းကစားခွင့်ရဖို့ အဖွဲ့ချုပ်က ဆောင်ရွက်နေပါတယ်” ဟု ပြောကြားခဲ့သည်။မြန်မာ့လက်ရွေးစင် အသင်းသည် လာမည့်ဧပြီ ၂၀ ရက် တွင် လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်မည် ဖြစ်ပြီး ဧပြီ ၃၀ ရက်တွင် MFF ၌ လာရောက် ကစားနေသည့် နိုင်ငံခြားသား ကစားသမားများဖြင့် စုဖွဲ့ထားသော အသင်းနှင့် ခြေစမ်းကစားမည် ဖြစ်သည်။ ထို့ပြင် လာမည့် မေ ၃၀ ရက်တွင်လည်း နိုင်ငံလက်ရွေးစင်အသင်း တစ်သင်းနှင့် ရန်ကုန်မြို့၌ ခြေစမ်းကစားသွားမည် ဖြစ်ကြောင်း သိရသည်။
အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ မတိုင်မီ မြန်မာ့လက်ရွေးစင်အသင်း တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်၍ နှစ်ပတ်ကြာ နေထိုင်လေ့ကျင့်မည်