ပြင်ပဈေးကွက်တွင် ဒေါ်လာလဲနှုန်း ဆက်တိုက် ကျဆင်းနေပြီး တစ်ဒေါ်လာလျှင် ၁၁၈၂ ကျပ် ဝန်းကျင်သို့ ဆက်လက် ကျဆင်း

ပြင်ပဈေးကွက်တွင် ဒေါ်လာလဲနှုန်း ဆက်တိုက် ကျဆင်းနေပြီး တစ်ဒေါ်လာလျှင် ၁၁၈၂ ကျပ် ဝန်းကျင်သို့ ဆက်လက် ကျဆင်း
Published 4 April 2016

ပြင်ပဈေးကွက်တွင် ဒေါ်လာလဲနှုန်း ဆက်တိုက် ကျဆင်းနေပြီး တစ်ဒေါ်လာလျှင် ၁၁၈၂ ကျပ် ဝန်းကျင်သို့ ဆက်လက် ကျဆင်းလာကြောင်း ပြင်ပဈေးကွက် အသိုင်းအဝိုင်းထံမှ သိရသည်။ ဧပြီလအတွင်း ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် အကျဘက်သို့ ဦးတည်နေပြီး ဧပြီ ၁ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၉၆ ကျပ်ဝန်းကျင်မှ ဧပြီ ၄ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၈၂ ကျပ်ဝန်းကျင်သို့ နှစ်ရက်အတွင်း ၁၄ ကျပ်ဝန်းကျင်အထိ ကျဆင်းခဲ့ခြင်းဖြစ်သည်။ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် ဧပြီ ၄ ရက် အဖွင့်ဈေးတွင် တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၁၈၂ ကျပ်ဝန်းကျင်မှ မွန်းလွဲပိုင်းတွင် ၁၁၈၄ ကျပ်ဝန်းကျင်သို့ မြင့်တက်လာခဲ့သည်။ မွန်းလွဲပိုင်းတွင် တစ်ဒေါ်လာလျှင် ၁၁၈၂ ကျပ်ဝန်းကျင်သို့ ပြန်လည် ကျဆင်းခဲ့ပြီး ပြင်ပဈေးကွက်တွင် ဒေါ်လာလဲနှုန်းမှာ အတက်အကျ အပြောင်းအလဲများလျက် ရှိသည်။မတ်လအတွင်း နှစ်ပတ်ကျော်ကြာ တစ်ဒေါ်လာလျှင် ကျပ် ၁၂၁၀ ဝန်းကျင်တွင် တည်ငြိမ်နေသော ပြင်ပဒေါ်လာလဲနှုန်းသည် မတ် ၃၀ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၀၆ ကျပ် ဝန်းကျင်သို့ လေးကျပ်ဝန်းကျင် စတင် ကျဆင်းခဲ့ပြီးနောက် မတ် ၃၁ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၀၂ ကျပ်ဝန်းကျင်မှ ဧပြီ ၁ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၉၆ ကျပ်ဝန်းကျင်၊ မတ် ၄ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၈၂ ကျပ် ဝန်းကျင်သို့ ဆက်တိုက်ကျဆင်းနေခြင်း ဖြစ်သည်။ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းတွင် ဒေါ်လာသတ်မှတ်နှုန်းသည် မတ် ၂၂ ရက်မှ ဧပြီ ၁ ရက်အထိ တစ်ဒေါ်လာလျှင် ၁၂၁၆ ကျပ်တွင် တည်ငြိမ်နေခဲ့ပြီး ဧပြီ ၄ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၂၁၀ သို့ ခြောက်ကျပ် လျှော့ချ သတ်မှတ်ထားသည်။ဗဟိုဘဏ် အနေဖြင့် ဧပြီ ၄ ရက်တွင် ဘဏ်နှင့် ငွေကြေးအဖွဲ့အစည်းများထံမှ တစ်ဒေါ်လာလျှင် ကျပ် ၁၂၁၀ ဖြင့် ဒေါ်လာ သုံးသန်းကို ငွေကြေးလေလံမှတစ်ဆင့် ဝယ်ယူခဲ့ကြောင်း ဗဟိုဘဏ်မှ သိရသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ဧပြီလ ၄ ရက် ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းမှာ ၁၂၁၀ ကျပ်ဖြစ်သည်။

Most Read

Most Recent