မန္တလေးတွင် ရင်းနှီးမြှုပ်နှံရန် အလားအလာကောင်းသည့် ကဏ္ဍအဖြစ် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ရေးနှင့် ကုန်ထုတ်လုပ်မှုဆိုင်ရာကဏ္ဍတို့ ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့၏ လေ့လာမှုစီမံချက်တစ်ခုဖြစ်သည့် မန္တလေးရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းလေ့လာမှု အစီရင်ခံစာတွင် ဖော်ပြထားသည်။မန္တလေးသည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည်သာမက မြန်မာပြည်အထက်ပိုင်း၏ စီးပွားရေးအချက်အချာ နေရာလည်းဖြစ်ကြောင်း၊ မန္တလေးကို မြန်မာ့ယဉ်ကျေးမှု၏ ဗဟိုချက်အဖြစ်လည်း ယူဆထားကြောင်း၊ ဒေသအတွင်း ရရှိနိုင်သည့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းဆိုင်ရာ ပုံစံများစွာရှိသည့်အနက် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းသည် မန္တလေးတိုင်းဒေသကြီးအတွင်း အလားအလာအကောင်းဆုံးသော လုပ်ငန်းအဖြစ် သုံးသပ်ထားကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။ကုန်သွယ်မှုအတွက် ဗဟိုနေရာဖြစ်ခြင်း၊ သယ်ယူပို့ဆောင်ရေးအတွက် အချက်အချာနေရာဖြစ်ခြင်း၊ ကမ္ဘာလှည့်ခရီးသည်များ သွားလိုရာ အရပ်ဖြစ်နေခြင်းတို့ကြောင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းအား ရင်းနှီးမြှုပ်နှံရန် အလားအလာကောင်းသည်ဟု သုံးသပ်ခဲ့ခြင်းဖြစ်သည်။ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းနောက်တွင် ရင်းနှီးမြှုပ်နှံရန် အလားအလာကောင်းသည့် ကဏ္ဍနှစ်ရပ်မှာ ကုန်သွယ်ရေး နှင့်ကုန်ထုတ်လုပ်မှုဆိုင်ရာကဏ္ဍတို့ ဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။မန္တလေးသည် မြန်မာပြည်၏ ဗဟိုချက်မနေရာတွင် တည်ရှိသည်သာမက အရေးကြီးသည့် မြစ်ကမ်းပေါ်တွင် လည်းကောင်း၊ တရုတ်နှင့် အိန္ဒိယ၊ ထိုင်းနှင့် အရှေ့တောင် အာရှအစိတ်အပိုင်းများ ခရီးလမ်းတွင် လည်းကောင်း မဟာဗျူဟာကျစွာ တည်ရှိနေကြောင်း၊ မန္တလေးတွင် သမိုင်းဆိုင်ရာ အချက်အလက်များစွာနှင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များစွာ ရှိကြောင်း၊ ၁၉ ရာစုအတွင်းက မန္တလေးသည်မြန်မာများ၏ လွတ်လပ်သည့် နောက်ဆုံးမင်းနေပြည်၏ မြို့တော်ဖြစ်ခဲ့ကြောင်း၊ မြို့တော်ဟောင်းများဖြစ်သည့် အင်းဝနှင့် အမရပူရတို့သည် မန္တလေး တောင်ဘက် အနည်းငယ်အကွာတွင် တည်ရှိနေသောကြောင့် မန္တလေးသည် ပြည်တွင်းနေသူများနှင့် နိုင်ငံခြားသားများ နှစ်ရပ်စလုံးအတွက် အရောက်ချင်ဆုံးနှင့် အထင်ရှား ဆုံးနေရာတစ်ခု ဖြစ်ကြောင်း အဆိုပါအစီရင်ခံစာက ဆိုသည်။ထို့ပြင် ကုန်သွယ်ရေးကဏ္ဍအနေဖြင့်လည်း တရုတ်၊ အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း အချက်အချာတွင် ရှိနေခြင်းကြောင့် ရင်းနှီးမြှုပ်နှံရန် အလားအကောင်းသည့်ကဏ္ဍဖြစ်ကာ ကုန်ထုတ်လုပ်မှုဆိုင်ရာတွင်လည်း အထက်မြန်မာပြည်၏ စက်မှုလုပ်ငန်းဆိုင်ရာတွင် အချက်အချာနေရာတစ်ခု ဖြစ်နေသဖြင့် ရင်းနှီးမြှုပ်နှံရန် အလားအလာကောင်းများ ရှိနေကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။
မန္တလေးမြို့တွင် ရင်းနှီးမြှုပ်နှံရန် အလားအလာကောင်းသည့် ကဏ္ဍမှာ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖြစ်ကြောင်း အစီရင်ခံစာ တစ်စောင်တွင်ဖော်ပြ










