မြန်မာအသင်းနှင့် လက်ဘနွန်အသင်းတို့ တစ်ဖက်တစ်ဂိုးစီ သရေကျ

မြန်မာအသင်းနှင့် လက်ဘနွန်အသင်းတို့ တစ်ဖက်တစ်ဂိုးစီ သရေကျ
Published 29 March 2016

မြန်မာ့လက်ရွေးစင် အသင်းနှင့် လက်ဘနွန် လက်ရွေးစင် အသင်းတို့သည် ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲအဖြစ် ယနေ့ ညနေ ၆ နာရီ ၃၀ မိနစ်က လက်ဘနွန်နိုင်ငံတွင် ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းသည် ပွဲကစားချိန် ၇၅ မိနစ်တွင် သွင်းယူခဲ့သော တိုက်စစ်မှူး အောင်သူ၏ သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ပွဲကစားချိန် ၈၈ မိနစ်တွင် ချေပဂိုး ပြန်ပေးခဲ့ရသောကြောင့် တစ်ဖက် တစ်ဂိုးစီဖြင့် သရေကျခဲ့ကြောင်း သိရသည်။
မြန်မာအသင်းသည် ပထမပိုင်း ပွဲကစားချိန်များတွင် လက်လနွန်အသင်းနှင့် အပြန်လှန် ကစားနိုင်ခဲ့သော်လည်း နှစ်သစ်စလုံး ဂိုးသွင်းခွင့် မယ်မယ်ရရ မရရှိခဲ့သဖြင့် ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိခဲ့ပေ။

ဒုတိယပိုင်းတွင်မူ လက်ဘနွန်အသင်းမှာ တိုက်စစ်ကို ပိုမိုထိရောက်စွာ ထိုးဖောက်လာနိုင်ခဲ့ပြီး မြန်မာအသင်းမှာ တန်ပြန်တိုက်စစ်ကိုသာ အဓိကထား ကစားခဲ့ရသည်။ ပွဲကစားချိန် ၇၅ မိနစ်တွင် မောင်မောင်လွင်၏ ပေးပို့မှုမှ တစ်ဆင့် တိုက်စစ်မှူးအောင်သူက လှလှပပ ပိတ်သွင်းယူကာ မြန်မာ အသင်းအတွက် ဦးဆောင်ဂိုး ရယူပေးနိုင်ခဲ့သည်။ ဦးဆောင်ဂိုး ပေးလိုက်ရပြီးနောက် လက်ဘနွန်အသင်း တိုက်စစ်ကို ပိုမိုဖိအားပေး ကစားခဲ့သဖြင့် မြန်မာအသင်းမှာ တန်ပြန်တိုက်စစ်မှ အခွင့်အရေးများစွာ ရရှိခဲ့ပြီး အောင်သူ၏ ပေးပို့မှုကို ကျော်ကိုကို အပိုင်ပိတ်သွင်းခွင့် ရရှိခဲ့သော်လည်း အဆုံးသတ် မသေချာမှုကြောင့် မြန်မာအသင်းအတွက် ဒုတိယ ဦးဆောင်ဂိုးနှင့် လွဲချော်ခဲ့ရသည်။
ပွဲကစားချိန် ၈၅ မိနစ်ခန့်တွင် ဘယ်နောက်ခံလူ ဟိန်းသီဟဇော် ၂ ဝါ ၁ နီဖြင့် ထုတ်ပယ်ခံခဲ့ရပြီး မြန်မာအသင်း ခံစစ်ပိုင်း အားပျော့ခဲ့ကာ ပွဲချိန် ၈၈ မိနစ်တွင် လက်ဘနွန်အသင်းအတွက် ချေပဂိုး ခွင့်ပြုခဲ့ရသည်။ နာကျင်အချိန်ပိုတွင် လက်ဘနွန် အသင်းကစားသမားတစ်ဦး အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပြီး နှစ်သင်းစလုံး ဂိုးထပ်မံ သွင်းယူနိုင်ခဲ့ခြင်း မရှိခဲ့သောကြောင့် တစ်ဖက်တစ်ဂိုး စီဖြင့် ပွဲပြီးဆုံးခဲ့သည်။
မြန်မာအသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲ အပြီးတွင် အဆင့် ၄ နေရာသာ ရရှိခဲ့သော်လည်း (ကူဝိတ်အသင်း ရလဒ်များကို ထည့်သွင်းတွက်ချက်ထား) အဆင့် ၄ နေရာရ အသင်းများ၏ အကောင်းဆုံး လေးသင်းစာရင်းတွင် ပါဝင်ခဲ့သောကြောင့် ၂၀၁၉ အာရှဖလားပြိုင်ပွဲ ခြေစစ်ပွဲ တတိယအဆင့်မှ စတင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ကြောင်း သိရသည်။
လက်ဘနွန် ၁ - ၁ မြန်မာ