မြန်မာနှင့် လက်ဘနွန် အသင်းတို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲအဖြစ် ယနေ့ ယှဉ်ပြိုင်ကစားမည်

မြန်မာနှင့် လက်ဘနွန် အသင်းတို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲအဖြစ် ယနေ့ ယှဉ်ပြိုင်ကစားမည်
Published 29 March 2016

မြန်မာ့လက်ရွေးစင် အသင်းနှင့် လက်ဘနွန် လက်ရွေးစင် အသင်းတို့သည် မတ် (၂၉) ရက်၊ (ယနေ့) မြန်မာစံတော်ချိန် ညနေ (၆း၃၀) နာရီတွင် လက်ဘနွန်နိုင်ငံ၊ ဆီဒန်မြို့ (Sidon) ရှိ ဆိုင်ဒ (Saida) အင်တာနေရှင်နယ် အားကစားကွင်းတွင် ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲအဖြစ် ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အသင်းသည် ပြီးခဲ့သည့် မတ် (၂၄) ရက်က စင်ကာပူနိုင်ငံတွင် စင်ကာပူ လက်ရွေးစင် အသင်းနှင့် ခြေစမ်းကစားခဲ့ရာ၌ (၁-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး လက်ဘနွန်အသင်းနှင့် ယှဉ်ပြိုင်ကစားရန်အတွက် ပြီးခဲ့သည့် မတ်(၂၇) ရက်က စင်ကာပူနိုင်ငံမှနေ၍ လက်ဘနွန်နိုင်ငံသို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
 မြန်မာ့လက်ရွေးစင် အသင်းနှင့် လက်ဘနွန် လက်ရွေးစင် အသင်းတို့သည် ပထမအကျော့အဖြစ် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ယှဉ်ပြိုင်ကစားခဲ့စဉ်က လက်ဘနွန်အသင်းက (၂-ဝ) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်ဖြစ်သူ ဂတ်ဖရိုင်းဒရစ်က ခြေစမ်းပွဲတွင် စင်ကာပူအသင်းကို ရှုံးနိမ့်ခဲ့သော်လည်း မြန်မာအသင်း၏ ခြေစွမ်းနှင့် ကစားပုံကို ကျေနပ်အားရကြောင်း ထုတ်ဖော် ပြောကြားထားခဲ့သည်။
ဂတ်ဖရိုင်းဒရစ်က "ကျွန်တော်တို့ စင်ကာပူကို ရှုံးနိမ့်ခဲ့ပေမယ့် ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့  ခြေစွမ်းအပေါ် ကျေနပ်အားရပါတယ်။ လက်ရှိအသင်းကို ဖီဖာယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခဲ့တဲ့ ကစားသမားတွေနဲ့ စင်ကာပူဆီးဂိမ်းစ် ပြိုင်ပွဲဝင်ခဲ့တဲ့ ကစားသမားတွေကို အခြေခံပြီး ပေါင်းစပ်ဖွဲ့စည်း ထားတာပါ။ ဒီထက်ပိုပြီး တောင့်တင်းတဲ့ အသင်းကောင်းတစ်သင်း ဖြစ်လာအောင် တည်ဆောက် သွားရဦးမှာပါ" ဟု ပြောကြားခဲ့သည်။ လက်ဘနွန်အသင်းသည် ပြီးခဲ့သည့် မတ် (၂၄) ရက်က ခြေစစ်ပွဲအဖြစ် တောင်ကိုရီးယား အသင်းနှင့် တောင်ကိုရီးယားနိုင်ငံ၌ ယှဉ်ပြိုင်ကစားခဲ့ရာတွင် (ဝ-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။