လပွတ္တာမြို့နယ်တွင် ကလေးငယ်တစ်ဦး ဦးနှောက်အမြှေးရောင်ရောဂါဟု သံသယရှိဖွယ် ရောဂါဖြင့် သေဆုံး

လပွတ္တာမြို့နယ်တွင် ကလေးငယ်တစ်ဦး ဦးနှောက်အမြှေးရောင်ရောဂါဟု သံသယရှိဖွယ် ရောဂါဖြင့် သေဆုံး
Published 29 March 2016
မင်းသူဝင်းထွဋ်

လပွတ္တာမြို့နယ် ပိန္နဲကုန်းကျေးရွာ၌ မတ် ၂၇ ရက်တွင် အသက် လေးနှစ်ငါးလအရွယ် ကလေးငယ်တစ်ဦး ဦးနှောက်အမြှေးရောင် ရောဂါဟု သံသယရှိဖွယ် ရောဂါဖြင့် သေဆုံးခဲ့ပြီး မတ် ၂၈ တွင် အဆိုပါကျေးရွာ၌ပင် အလားတူရောဂါ ဖြစ်ပွားပုံနှင့်ပင် ဆင်တူသည့် ရောဂါဖြင့် ကလေးငယ်တစ်ဦး ထပ်မံဖြစ်ပွားနေပြီး ဆေးဝါးကုသမှု ခံယူနေရကြောင်း သတင်းရရှိသည်။ဖြစ်စဉ်မှာ ပိန္နဲကုန်းကျေးရွာနေ မောင်ညီညီဇော် အသက် လေးနှစ်ငါးလမှာ မတ် ၂၆ ရက်တွင် စတင်ဖျားနာခဲ့ပြီး မိဘများဖြစ်သူ ဦးဇော်ကြီးနှင့် ဒေါ်ခင်ဌေးရီတို့မှ မတ် ၂၇ ရက်တွင် ပိန္နဲကုန်းကျေးရွာ ကျန်းမာရေး ဌာနခွဲသို့ သွားရောက်ဆေးကုသမှုခံယူခဲ့ ကြောင်း၊ အဆိုပါနေ့ နံနက်ပိုင်းတွင် ရောဂါမသက်သာသဖြင့် ပိုးလောင်းတိုက်နယ်ဆေးရုံသို့ ထပ်မံသွားရောက် ဆေးကုသမှုခံယူခဲ့ပြီး တာဝန်ကျဆရာဝန်မှ ရောဂါဖြစ်စဉ်မှာ ဦးနှောက်အမြှေးရောင်ရောဂါဟု သံသယရှိသဖြင့် မြို့နယ်၊ ခရိုင်၊ တိုင်းကျန်းမာရေးဦးစီးမှူးများထံ အဆင့်ဆင့်တင်ပြခဲ့ပြီး ဆေးဝါးကုသမှုများ ဆက်လက်လုပ်ဆောင်ပေးခဲ့ကြောင်း၊ မတ် ၂၇ ရက် မွန်းလွဲ ၂ နာရီခန့် တွင် မောင်ညီညီဇော်မှာ ရောဂါသက်သာခြင်း မရှိဘဲ သေဆုံးသွားခဲ့ကြောင်း၊ မောင်ညီညီဇော်ဖြစ်ပွါးသည့် ရောဂါဖြစ်စဉ်မှာ ဦးနှောက်အမြှေးရောင်ရောဂါဟု သံသယရှိသဖြင့် လိုအပ်သည့် ကာကွယ်ခြင်းများ ပြုလုပ်နိုင်ရန် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ပိန္နဲကုန်းကျေးရွာသို့  သွားရောက်ပြီး လိုအပ်သည့် ကာကွယ်ခြင်းများ လုပ်ဆောင်နေလျက်ရှိကြောင်း၊ မတ် ၂၈ ရက်နံနက်တွင် အဆိုပါ ကျေးရွာရှိ အသက်ငါးနှစ်အရွယ် ကလေးငယ်တစ်ဦးမှာလည်း ဦးနှောက်အမြှေးရောင်ရောဂါဟု သံသယရှိဖွယ် ရောဂါဖြစ်စဉ်ဖြစ်ပွားနေကြောင်း သိရှိရသဖြင့် လိုအပ်သည့် ဆေးဝါးကုသမှုများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။“အခု ကျန်းမာရေးဌာနက လူတွေရွာကိုလာပြီးတော့ ဆေးတွေနဲ့ လုပ်ပေးနေတယ်။ တစ်အိမ်တစ်ယောက် ခေါ်ပြီးတော့ လိုက်နာဖို့ လိုက်လုပ်ဖို့အကြောင်းတွေ ရှင်းပြတယ်။ ဦးနှောက်အမြှေးရောင် ရောဂါလား ဘာလားတော့မသိဘူး။ ဘာမှ ကုလို့မရဘဲ ကလေးက ဆုံးသွားတာ” ဟု ပိန္နဲကုန်းကျေးရွာ ဒေသခံတစ်ဦးက ဆက်သွယ်သတင်းပေးပို့ ပြောကြားသည်။လပွတ္တာမြို့နယ် ကျန်းမာရေးဌာနမှ ဝန်ထမ်းတစ်ဦးက “ Suspected Meningococcal Meniingitis အဆင့်ပါ။ အခုလုပ်ဆောင်တာ ကာကွယ်ခြင်းပေါ့။ ဖြစ်လာရင် ဘာလုပ်မလဲ။ မဖြစ်အောင်လည်း ကြိုတင်ကာကွယ်ခြင်းပေါ့။ ဒါလောက်ပါပဲ” ဟု ပြောကြားသည်။ဦးနှောက်အမြှေးရောင်ရောဂါသည် ကူးစက်မြန်သည့် ရောဂါတစ်မျိုးဖြစ်ပြီး ရောဂါပိုးမျိုးကွဲ A၊ B၊ C၊ W နှင့် Y တို့ရှိရာ ရောဂါရှိသူနှင့် အတူနေထိုင်ခြင်း၊ နမ်းခြင်း၊ တံတွေးနှင့် သွားရည်တို့မှတစ်ဆင့် ကူးစက်နိုင်ကြောင်း သိရသည်။ 

Most Read

Most Recent