ကွယ်လွန်သူ အသင်းဂန္ထဝင် ယိုဟန်ခရိုက်ကို နူးကမ့်ကွင်းအတွင်း ဘာစီလိုနာပရိသတ် ထောင်ပေါင်းများစွာ ဂုဏ်ပြု

ကွယ်လွန်သူ အသင်းဂန္ထဝင် ယိုဟန်ခရိုက်ကို နူးကမ့်ကွင်းအတွင်း ဘာစီလိုနာပရိသတ် ထောင်ပေါင်းများစွာ ဂုဏ်ပြု
Published 27 March 2016

ပြီးခဲ့သည့် ကြာသပတေးနေ့က ကွယ်လွန်ခဲ့သော ဘာစီလိုနာ၊ အေဂျက်စ်နှင့် နယ်သာလန်အသင်း ဂန္ထဝင် ယိုဟန်ခရိုက်ဖ် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ်ဘာစီလိုနာအသင်း အိမ်ကွင်း နူးကမ့်တွင် အမှတ်တရ ဂုဏ်ပြုပွဲ ပြုလုပ်ခဲ့ပြီး ယင်းဂုဏ်ပြုပွဲသို့ ဘာစီလိုနာအသင်း ပရိသတ်ထောင်ပေါင်းများစွာ လာရောက်ခဲ့ကြသည်။
ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမူ ဦးဆောင်ကာ ကွယ်လွန်သူ အသက် (၆၈)နှစ်အရွယ် ယိုဟန်ခရိုက်ဖ်အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် (၁)မိနစ် ငြိမ်သက်မှု ပြုလုပ်ခဲ့သည်။
'' ခရိုက်ဖ်ရဲ့ မိသားစုဝင်တွေနဲ့ တိုင်ပင်ပြီး ဒီအစီအစဉ်ကို ပြုလုပ်ခဲ့ပြီး လူတိုင်းက သူတို့ရဲ့ ခံစားချက်တွေကို ဂန္ထဝင်တစ်ဦးရဲ့ နောက်ဆုံးခရီးမှာ ဖော်ပြခွင့် ရခဲ့ပါတယ်'' ဟု ပြောကြားခဲ့သည်။
မတူကွဲပြားသော ယိုဟန်ခရိုက်ဖ်ပရိသတ် နိုင်ငံသားများစွာသည် နူးကမ့်ကွင်းအတွင်း ယိုဟန်ခရိုက်ဖ် အမှတ်တရဂုဏ်ပြုပွဲကို ရောက်ရှိခဲ့ပြီး ပန်းစည်းများ၊ အမှတ်တရ လက်ဆောင်များ ထားရှိကာ ယိုဟန်ခရိုက်ဖ်ကို ဂုဏ်ပြုခဲ့သည်။
ယိုဟန်ခရိုက်ဖ် ကွယ်လွန်သွားသည့်အတွက် ဘောလုံးလောကတစ်ဝှမ်း ဝမ်းနည်းခြင်း အထိမ်းအမှတ်များ ပြုလုပ်လျက်ရှိကာ ပြီးခဲ့သည့် ဂျာမနီ-အင်္ဂလန်ပွဲတွင်လည်း ဝမ်းနည်းခြင်း အထိမ်းအမှတ် (၁)မိနစ် ငြိမ်သက်ခဲ့သည်။