ဒီတစ်ပတ်မှာတော့ ဥရောပမှာ နိုင်ငံတကာ ခြေစမ်းပွဲတွေကို ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။ ဥရောပ ကလပ်အသင်း ပြိုင်ပွဲတွေ မပြီးဆုံးသေးပေမယ့် ယူရို-၂၀၁၆ ပြိုင်ပွဲ စတင်ဖို့ လပိုင်းသာ လိုတော့တဲ့ အချိန်မှာ ပြိုင်ပွဲဝင် အသင်းတွေ ပြင်ဆင်ခြေသွေးကြမှာ ဖြစ်ပါတယ်။ ဂျာမနီနဲ့ အင်္ဂလန်တို့ ခြေစမ်းတဲ့ ပွဲစဉ်ကတော့ ဒီတစ်ပတ်မှာ အကောင်းဆုံး ပွဲစဉ်ဖြစ်လာနိုင်ပါတယ်။ အင်္ဂလန် လူငယ်ကြယ်ပွင့်တွေ ကမ္ဘာ့ချန်ပီယံ ဂျာမနီအသင်းနဲ့ပွဲမှာ ပွဲတိုးမလား စောင့်ကြည့်ရမှာပါ။ ယူရို လက်ရှိချန်ပီယံ စပိန်အသင်းကတော့ ရိုမေးနီးယားနဲ့ ခြေစမ်းမှာ ဖြစ်ပါတယ်။
အဇာဘိုင်ဂျန် နှင့် ကာဇက်စတန် (၂၆-၃-၂၀၁၆ စနေ ည ၉း၃၀)
အဇာဘိုင်ဂျန် အိမ်ကွင်းအားသာချက် ရှိပေမယ့် ခြေစမ်းပွဲတွေမှာ အားထုတ်မှုနည်းတာ သတိထားရမယ်။ ကာဇက်စတန်ကတော့ ခြေစမ်းပွဲ နောက်ဆုံး ငါးပွဲဆက် ရှုံးပွဲမရှိ ကစားထားပြီး ရုရှားလို အင်အားကြီး အသင်းကိုတောင် သရေခံ ကစားနိုင်ခဲ့တယ်။ ခံစစ်ပိုင်းလည်း မာကျောတဲ့ ကာဇက်စတန်ကို တိုက်စစ်အားနည်းတဲ့ အဇာဘိုင်ဂျန် ဂိုးသွင်းနိုင်ဖို့ မလွယ်ဘူး။ ကာဇက်စတန် မရှုံးနိုင်ပါဘူး။
ရုရှား နှင့် လစ်သူယေးနီးယား (၂၆-၃-၂၀၁၆ စနေ ည ၁၀း၃၀)
ကာပယ်လို ခေတ်အလွန်မှာ ရုရှားခြေစွမ်း ထူးထူးခြားခြား တိုးတက်မလာဘူး။ အသင်းငယ်တွေနဲ့ ကစားတဲ့ ပွဲတွေမှာတော့ ခြေစွမ်းပြတတ်ပါတယ်။ လစ်သူယေးနီးယားက ရုရှားထက် အဘက်ဘက်မှာ အားနည်းသလို အဝေးကွင်းလည်း ညံ့ဖျင်းလို့ ရုရှားခြေတွေ့နိုင်တဲ့ပွဲပါ။ ရုရှားလူစုံထုတ် မကန်ရင်တောင် လစ်သူယေးနီးယားကို ဂိုးပြတ်အနိုင်ရဖို့ မခက်ခဲနိုင်ပါဘူး။
ပိုလန် နှင့် ဖင်လန် (၂၆-၃-၂၀၁၆ စနေ ည ၁၁း၀၀)
လီဝန်ဒေါစကီး၊ ဂရော့ဆစ်ကီးတို့ ဂိုးမြူးနေတဲ့ ပိုလန်တိုက်စစ်ကို ဖင်လန် ထိန်းချုပ်နိုင်ဖို့ မလွယ်ဘူး။ ပိုလန်အသင်းက အိမ်ကွင်းမှာ ပြိုင်ပွဲစုံ နောက်ဆုံး လေးပွဲဆက် အနိုင်ရထားပြီး တိုက်စစ်ကလည်း တစ်ပွဲပျမ်းမျှ လေးဂိုးနှုန်းလောက် သွင်းယူခဲ့တယ်။ ခံစစ်အားပြုတဲ့ ဖင်လန်ကစားပုံ အလုပ်ဖြစ်ခဲ့ရင် ဂိုးပြတ်ရှုံးနိမ့်မှုကို ရှောင်ရှားနိုင်မှာ ဖြစ်ပေမယ့် ရှုံးနိမ့်မှာတော့ သေချာပါတယ်။
သြစတြီးယား နှင့် အယ်လ်ဘေးနီးယား (၂၆-၃-၂၀၁၆ စနေ ည ၁၁း၀၀)
သြစတြီးယားက နောက်ဆုံးကစားခဲ့တဲ့ ငါးပွဲမှာ လေးပွဲအထိ အနိုင်ရခဲ့ပြီး ဆွီဒင်၊ မွန်တီနီဂရိုးတို့လို မာကျောတဲ့ အသင်းတွေကို အနိမ့်ဆုံး သုံးဂိုးသွင်းပြီး နိုင်ခဲ့တာ ချီးကျူးစရာပါ။ အယ်လ်ဘေးနီးယားကတော့ ပြိုင်ဘက်ကောင်းတွေနဲ့တွေ့ရင် တိုက်စစ်က ဂိုးရဖို့ ရုန်းကန်ရတတ်ပြီး သရေပဲ မျှော်ကစားတတ်ပါတယ်။ အိမ်ရှင် သြစတြီးယားကိုပဲ ရွေးချယ်သင့်ပါတယ်။
ဟန်ဂေရီ နှင့် ခရိုအေးရှား (၂၆-၃-၂၀၁၆ စနေ ည ၁၁း၃၀)
ခြေစွမ်းမာကျောတဲ့ ဟန်ဂေရီကို ခရိုအေးရှား ခက်ခက်ခဲခဲ ကစားရနိုင်တယ်။ ဒါပေမဲ့ ခရိုအေးရှားက ခြေစမ်းပွဲတွေမှာတောင် ဖိဖိစီးစီး ကစားတတ်ပြီး နောက်ဆုံး ခြေစမ်းပွဲ ကိုးပွဲမှာ တောင်အမေရိကထိပ်သီး အာဂျင်တီးနားကိုသာ ရှုံးနိမ့်ထားပါတယ်။ ဟန်ဂေရီကလည်း အိမ်ကွင်းပွဲတွေမှာ မထင်မှတ်တာတွေ လုပ်ပြတတ်ပါတယ်။ သရေကျနိုင်ခြေ ရှိပေမယ့် အနိုင်ဆိုရင် ခရိုအေးရှားပါ။
ဂျာမနီ နှင့် အင်္ဂလန် (၂၇-၃-၂၀၁၆ တနင်္ဂနွေ နံနက် ၂း၁၅)
ဂျာမနီအသင်းမှာ လူငယ်နဲ့ အတွေ့အကြုံရင့် ကစားသမားတွေ မျှနေတယ်။ အင်္ဂလန်ကတော့ လူငယ်တွေကို စမ်းသပ်နေရာပေးဖို့ ရှိပါတယ်။ အင်္ဂလန် လူငယ်တွေက လက်ရွေးစင်အသင်းမှာ တွဲကစားမှု နည်းပါးတာကြောင့် နားလည်မှု အားနည်းနိုင်တယ်။ အထူးသဖြင့် ကွင်းလယ်ပိုင်းမှာ အင်္ဂလန်က ဂျာမနီကို ယှဉ်နိုင်ဖို့မရှိဘူး။ ဂျာမနီကိုပဲ ရွေးချယ်ချင်ပါတယ်။
ရိုမေးနီးယား နှင့် စပိန် (၂၈-၃-၂၀၁၆ တနင်္လာ နံနက် ၁း၁၅)
အီတလီကို ခံကစားခဲ့တဲ့ ခြေအရ ရိုမေးနီးယားကို လျှော့တွက်လို့ မရဘူး။ စပိန်မှာ ဘာစီလိုနာ ကွင်းလယ်လူ အင်နီယေစတာနဲ့ ဘူးစကွက်စ်တို့ မပါဝင်တာ သတိထားရမယ်။ စပိန်ရဲ့ တိုက်စစ်မှူး ပြဿနာကလည်း အဖြေ ရှာမတွေ့သေးဘဲ ဘီလ်ဘာအိုအသင်းက အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူး အဒူရစ်ဇ်ကို ရွေးချယ်ထားရတယ်။ စပိန်အလွန်ဆုံး ကပ်နိုင်ဖို့ပဲ များပါတယ်။
အန်ဒိုရာ နှင့် မော်လ်ဒိုဗာ (၂၈-၃-၂၀၁၆ တနင်္လာ ည ၉း၃၀)
နှစ်သင်းစလုံး နိုင်ပွဲပျောက်နေတာကြာပြီ။ အန်ဒိုရာကတော့ ၁၈ ပွဲဆက် ရှုံးနိမ့်ထားပါတယ်။ အန်ဒိုရာရဲ့ ခံစစ်ပိုင်းကလည်း ညံ့ဖျင်းလွန်းပြီး နောက်ဆုံး ငါးပွဲမှာ တစ်ပွဲပျမ်းမျှ သုံးဂိုးနှုန်းလောက် ပေးနေရပါတယ်။ မော်လ်ဒိုဗာကတော့ ခံစစ်ကစားပုံ မဆိုးဘူး။ အနိုင်ရဖို့ မလွယ်ရင်တောင် သရေခံ ကစားတတ်တယ်။ ဂိုးသွင်းခြေလည်း ရှိတယ်။ မော်လ်ဒိုဗာကို ပိုကြိုက်တယ်။
နိုင်ငံတကာ ခြေစမ်းပွဲစဉ်များ
၂၆/၂၇/၂၈-၃-၂၀၁၆
အဇာဘိုင်ဂျန် - ကာဇက်စတန်
ရုရှား - လစ်သူယေးနီးယား
ပိုလန် - ဖင်လန်
သြစတြီးယား - အယ်လ်ဘေးနီးယား
ဟန်ဂေရီ - ခရိုအေးရှား
ဂျာမနီ - အင်္ဂလန်
ထိုင်း - တောင်ကိုရီးယား
ရိုမေးနီးယား - စပိန်
မြောက်အိုင်ယာလန် - ဆလိုဗေးနီးယား
အန်ဒိုရာ - မော်လ်ဒိုဗာ
ယူကရိန်း - ဝေးလ်စ်
လက်ချင်စတိန်း - ဖာရိုးကျွန်းစုများ
ဂျာမနီ - အင်္ဂလန် ပွဲကောင်းတစ်ပွဲ ပါဝင်နေပြီး ယူရို-၂၀၁၆ ပြိုင်ပွဲဝင် အသင်းတွေ ခြေသွေးကြမယ့် ရက်သတ္တပတ်