၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်ဆုံးပွဲစဉ်အတွက် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင်အသင်းနှင့် စင်ကာပူ လက်ရွေးစင်အသင်းတို့ မတ် ၂၄ ရက် (ယနေ့) တွင် စင်ကာပူနိုင်ငံရှိ ဂျလန်းဘီဆာကွင်း၌ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည် ဖြစ်ကြောင်း သိရသည်။ ယင်းခြေစမ်းပွဲကို မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၁၅ မိနစ် တွင် ကျင်းပမည်ဖြစ်သည်။
ကမ္ဘာ့ဖလား ခြေစစ်ပွဲ နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာအသင်းမှာ လက်ဘနွန်အသင်းနှင့် အဝေးကွင်းပွဲစဉ်၊ စင်ကာပူအသင်းမှာ အာဖဂန်နစ္စတန်အသင်းနှင့် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
စင်ကာပူလက်ရွေးစင်အသင်းသည် မြန်မာအသင်းနှင့် ခြေစမ်းပွဲအတွက် ကစားသမား ၂၃ ဦး ရွေးချယ်ထားပြီး အမာခံ ကစားသမားများဖြစ်သည့် အစ္စဟက်၊ ခိုင်ရူးနီဇမ်၊ ခိုင်ဇန် စသည့် ကစားသမားများ ပါဝင်လာသည်။ စင်ကာပူလက်ရွေးစင်အသင်းသည် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ၁၀ မှတ် ရရှိထားသော်လည်း ခြေစစ်ပွဲ အောင်မြင်မည်မဟုတ်ဘဲ အာရှဖလား ခြေစစ်ပွဲ တတိယအဆင့် ယှဉ်ပြိုင်ခွင့်ရရှိရန်သာ ကြိုးပမ်းရတော့မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းနှင့် စင်ကာပူ လက်ရွေးစင်အသင်းတို့သည် လက်ရွေးစင် အသင်းအဆင့် နောက်ဆုံးတွေ့ဆုံမှုအဖြစ် ၂၀၁၄ ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်တွင် တွေ့ဆုံခဲ့ပြီး စင်ကာပူ လက်ရွေးစင်အသင်းက အိမ်ကွင်း၌ (၄-၂) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် လက်ဘနွန်အသင်းနှင့် ခြေစစ်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် ယင်းခြေစမ်းပွဲကို ယှဉ်ပြိုင်ကစားခြင်း ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် စင်ကာပူအသင်းနှင့် ခြေစမ်းပွဲအတွက် ကစားသမား ၂၃ ဦး ရွေးချယ်ထားပြီး ဒဏ်ရာရရှိနေသည့် ကစားသမားအချို့မှလွဲ၍ အမာခံကစားသမား အများအပြား ပါဝင်လာကြောင်း သိရသည်။









