တားမြစ်ဆေး ကျရှုံးမှုကြောင့် ပွဲကစားခွင့် ပိတ်ပင်ခံထားရသည့် နာမည်ကြီး ရုရှားတင်းနစ်မယ် ရှာရာပိုဗာ သုံးစွဲခဲ့သည့် Meldonium ဆေးမှာ ဘေးအန္တရာယ် မရှိကြောင်း ယင်းဆေးကို တီထွင်ထုတ်လုပ်သည့် လတ်ဗီးယားနိုင်ငံရှိ ဆေးပညာရှင် အီဗာကယ်လ်ဗင်က ဖြေရှင်း ပြောကြားခဲ့သည်။Meldonium ဆေးမှာ ၁၉၇၀ ပြည့်လွန်နှစ်များက ဆိုဗီယက်ပြည်ထောင်စု၌ ဖြန့်ဖြူးရောင်းချခဲ့ပြီး ဆိုဗီယက် ပြိုကွဲပြီးနောက် လတ်ဗီးယားနိုင်ငံမှ ဖြန့်ဖြူးလျက်ရှိကြောင်း သိရသည်။ ယင်းဆေးမှာ ခန္ဓာကိုယ် အစိတ်အပိုင်းများသို့ သွေးစီးဆင်းမှု လျော့နည်းခြင်းကို မြင့်တက်စေပြီး ကိုယ်ခံစွမ်းအား မြင့်မားစေသည့်အပြင် ပြင်းထန်စွာ လေ့ကျင့်ခန်း ပြုလုပ်ပြီးနောက် အလျင်အမြန် အားအင်ပြည့်ဝစေကြောင်း သိရသည်။ ရှာရာပိုဗာသည် မကြာခဏ ဖျားနာမှု၊ နှလုံးရောဂါနှင့် မျိုးရိုးစဉ်ဆက် ဆီးချိုရောဂါများကြောင့် ယင်းဆေးကို ၂၀၀၆ ခုနှစ်ကတည်းက စတင် သုံးစွဲခဲ့သော်လည်း ကမ္ဘာ့တားမြစ်ဆေးဝါး တိုက်ဖျက်ရေး အေဂျင်စီ (WADA) က ၂၀၁၆ ခုနှစ်တွင် တားမြစ်ဆေး စာရင်း၌ ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။ ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ AFP သတင်းဌာနက လတ်ဗီးယားရှိ Institue of Organic Synthesis မှ ပညာရှင် ကယ်လ်ဗင်ကို မေးမြန်းခဲ့ရာ ၎င်းက Mildorate (Meldonium) ဆေးမှာ နှလုံးသွေးကြောဆိုင်ရာ ဆေးဝါးများအနက် ကမ္ဘာပေါ်တွင် စိတ်အချရဆုံး ဆေးတစ်မျိုးဖြစ်ကြောင်း၊ ယင်းဆေးမှာ စွမ်းဆောင်ရည် မြှင့်တင်ပေးသည့် ဆေးဖြစ်သည်ဟု သက်သေပြနိုင်ခြင်း မရှိကြောင်း၊ ယခုကဲ့သို့ တားမြစ်ခြင်းမှာ ဘရာဇီးလ် အိုလံပစ်ပြိုင်ပွဲ၌ ရုရှားအားကစားသမားများ ပါဝင်မှုကို ကန့်သတ်တားမြစ်လိုခြင်း ဖြစ်နိုင်ကြောင်း ဖြေကြားခဲ့သည်။ Meldonium ဆေးမှာ ဥရောပအနောက် နိုင်ငံများ၌ သုံးစွဲခြင်း မရှိသော်လည်း ရုရှားနိုင်ငံတွင်မူ ရှာရာပိုဗာ၏ ကြေညာချက် ထုတ်ပြန်သည့် မတ် ၇ မှ ၁၃ ရက်အထိ ခုနစ်ရက်အတွင်း ဆေးသေတ္တာ စုစုပေါင်း ၇၈ç၃၀၀ ရောင်းချခဲ့ရပြီး ယခင်တစ်ပတ်ထက် ရာခိုင်နှုန်း ၂၂၀ ကျော်(နှစ်ဆ) အထိ မြင့်တက်လာကြောင်း သိရသည်။
ရှာရာပိုဗာ သုံးစွဲခဲ့သည့်ဆေးမှာ ဘေးအန္တရာယ် မရှိဟု Meldonium ဆေး တီထွင်သူ ဖြေရှင်း ရှာရာပိုဗာ ဆေးကျရှုံးပြီးနောက် ရုရှား၌ Meldonium ဆေး ဝယ်လိုအား နှစ်ဆကျော်မြင့်တက်လာ