မန်ချက်စတာဒါဘီ နောက်ပိုင်းပွဲစဉ်တွေမှာ မန်စီးတီးက သိသိသာသာ အသာရနေပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံးခြောက်ပွဲတွေ့ဆုံမှုမှာ မန်စီးတီး လေးပွဲအထိ အနိုင်ရပြီး မန်ယူက တစ်ပွဲသာ အနိုင်ရခဲ့ပါတယ်။ အိမ်ကွင်း အီတီဟတ်မှာ နောက်ဆုံး နှစ်ပွဲဆက် မန်စီးတီး အနိုင်ရထားပြီး မန်ယူကို အိမ်ကွင်းမှာ ၁၉၅၅ နောက်ပိုင်း သုံးပွဲဆက် မနိုင်ခဲ့တဲ့ အစဉ်အလာကို ချိုးဖြတ်ဖို့ ဒီပွဲမှာ ကြိုးပမ်းမှာပါ။ မန်စီးတီးတိုက်စစ်မှူး အဂွဲရိုးကလည်း မန်ချက်စတာဒါဘီပွဲတွေမှာ ခုနစ်ဂိုးအထိ သွင်းယူထားသလို၊ အီတီဟတ်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၈ ပွဲမှာလည်း ၁၁ ဂိုးအထိ သွင်းယူခဲ့ပါ တယ်။ ၁၉၅၅ နောက်ပိုင်း မန်စီးတီးကို သုံးပွဲဆက် မရှုံးတဲ့အစဉ်အလာနဲ့ အဂွဲရိုးရဲ့ ဂိုးသွင်းခြေကို မန်ယူရပ်တန့်နိုင်မလား ဒီတစ်ပတ် ကြည့်ရပါမယ်။
■ အဲဗာတန် နှင့် အာဆင်နယ် (၁၉-၃-၂၀၁၆ စနေ ည ရး၁၅)
ပ-ကျော့ရလဒ် - အာဆင်နယ် ၂-၁ အဲဗာတန်
အဲဗာတန်တိုက်စစ်က အိမ်ကွင်းမှာ ဂိုးမြူးလေ့ ရှိပါတယ်။ ဒီရာသီမှာ မန်စီးတီးပြီးရင် အိမ်ကွင်းတိုက်စစ် အကောင်းဆုံးအသင်းပါ။ ဒါပေမဲ့ ခံစစ်ပိုင်း အားနည်းပြီး အိမ်ကွင်း ပေးဂိုး အများဆုံးအသင်း ဖြစ်နေပါတယ်။ အစဉ်အလာအရလည်း အာဆင်နယ်နဲ့ နောက်ဆုံး ၁၈ ပွဲတွေ့ဆုံမှုမှာ တစ်ပွဲပဲနိုင်ပြီး ၁၁ ပွဲရှုံးခဲ့တယ်။ အာဆင်နယ် မရှုံးနိုင်ဘူးထင်တယ်။
■ ခရစ္စတယ်ပဲလေ့စ် နှင့် လက်စတာ (၁၉-၃-၂၀၁၆ စနေ ည ၉း၃၀)
ပ-ကျော့ရလဒ် - လက်စတာ ၁-၀ ပဲလေ့စ်
ပဲလေ့စ်က နောက်ဆုံး ၁၂ ပွဲမှာ ရနိုင်တဲ့ ၃၆ မှတ်ထဲက ၄ မှတ်ဘဲ ရခဲ့တယ်။ တိုက်စစ်ပိုင်း အားနည်းမှုကို ပြင်နိုင်ခဲ့ပေမယ့် ခံစစ်က ပြန်ဖောက်နေလို့ အိတ်ပေါက်နဲ့ ဖားကောက်နေရတယ်။ လက်စတာကတော့ လန်ဒန်ကလပ်အသင်းတွေနဲ့ တွေ့ရင် ရုန်းကန်ရတတ်တဲ့ တစ်ခုပဲသတိထားရမယ်။ ခြေစွမ်းပိုင်းအရတော့ လက်စတာကိုပဲ ကြိုက်ပါတယ်။
■ ဝက်စ်ဘရွန်း နှင့် နောဝစ်ချ် (၁၉-၃-၂၀၁၆ စနေ ည ၉း၃၀)
ပ-ကျော့ရလဒ် - နောဝစ်ချ် ဝ-၁ ဝက်စ်ဘရွန်း
ဝက်စ်ဘရွန်းရဲ့ အိမ်ကွင်းခြေစွမ်းက အားရစရာဖြစ်နေပါတယ်။ အိမ်ကွင်းမှာ အမှားနည်းပြီး နောက်ဆုံး ခြောက်ပွဲဆက် ရှုံးပွဲမရှိ ကစားထားပါတယ်။ တန်းဆင်းဇုန်ထဲက နောဝစ်ချ်ကတော့ ရုန်းကန်ကစားနေပေမယ့် အရာမထင်တာ များနေတယ်။ မန်စီးတီးကို သရေခံကစားနိုင်ခဲ့တာက အလှည့်အပြောင်း ဖြစ်လာမလားပဲ ကြည့်ရမယ်။ သရေပွဲပါ။
■ ဝက်ဖို့ဒ် နှင့် စတုတ်စီးတီး (၁၉-၃-၂၀၁၆ စနေ ည ၉း၃၀)
ပ-ကျော့ရလဒ် - စတုတ်စီးတီး ဝ-၂ ဝက်ဖို့ဒ်
အီဂါလို၊ ဒီးနီ တိုက်စစ်အတွဲ ခြေကျသွားတဲ့နောက်မှာ ဝက်ဖို့ဒ်က ခံစစ်ပိုင်းကို အားပြုလာရတယ်။ ဝက်ဖို့ဒ်က အိမ်ကွင်းပွဲစဉ်တွေမှာ မန်ယူ(ကိုးပွဲ)ပြီးရင် Clean Sheet အများဆုံး(ရှစ်ပွဲ) ရထားတဲ့ အသင်းပါ။ စတုတ်စီးတီး ခြေတက်နေပေမယ့် ဝက်ဖို့ဒ်ကလည်း ပြန်လည်တည့်မတ်ဖို့ အချိန်တန်နေပါ ပြီ။ ဝက်ဖို့ဒ် နိုင်ပွဲ ပြန်ရှာတွေ့မယ်ထင်တယ်။
■ ချယ်လ်ဆီး နှင့် ဝက်စ်ဟမ်း (၁၉-၃-၂၀၁၆ စနေ ည ၉း၃၀)
ပ-ကျော့ရလဒ် - ဝက်စ်ဟမ်း ၂-၁ ချယ်လ်ဆီး
ချယ်လ်ဆီးတိုက်စစ်မှာ ဒီယေဂိုကော်စတာ ပွဲပယ်ခံထားရတယ်။ ဒါပေမဲ့ ဟစ်ဒင့်လက်ထက် ပရီးမီးယားလိဂ်ပွဲတွေမှာ ချယ်လ်ဆီးက ဂိုးရဖို့မပူရတတ်ပါဘူး။ ဒါပေမဲ့ ခံစစ်ပိုင်းအားနည်းပြီး ဝက်စ်ဟမ်း ကွင်းလယ်လူ ပါယက်ကို ထိန်းချုပ်နိုင်စွမ်း ရှိ၊ မရှိက ဒီပွဲကို အဆုံးအဖြတ်ပေးနိုင်ပါတယ်။ အစဉ်အလာ အရတော့ ချယ်လ်ဆီး မရှုံးနိုင်ပါဘူး။
■ ဆွမ်ဆီး နှင့် အက်စတွန်ဗီလာ (၁၉-၃-၂၀၁၆ စနေ ည ၁၂း၀၀)
ပ-ကျော့ရလဒ် - ဗီလာ ၁-၂ ဆွမ်ဆီး
အက်စတွန်ဗီလာက တန်းဆင်းဖို့ သေချာသလောက် ဖြစ်နေပြီး ပြိုင်ဘက်ကို လွယ်လင့်တကူ အရှုံးပေးနေတယ်။ ဆွမ်ဆီးကတော့ တန်းမဆင်းရဖို့ သေချာမှုကို ရှာဖွေရဦးမှာပါ။ အိမ်ကွင်းမှာ ဗီလာကို လက်ခံကစားတဲ့ ပွဲတွေမှာလည်း ဆွမ်ဆီး ရလဒ်ကောင်းလေ့ရှိပြီး ခြောက်ပွဲဆက် မရှုံးခဲ့သလို၊ နောက်ဆုံး လေးပွဲကို အနိုင်ရခဲ့တယ်။ ဆွမ်ဆီးအနိုင်ပါ။
■ ဆောက်သမ်တန် နှင့် လီဗာပူးလ် (၂၀-၃-၁၆ တနင်္ဂနွေ ည ၈း၀၀)
ပ-ကျော့ရလဒ် - လီဗာပူးလ် ၁-၁ ဆောက်သမ်တန်
စိန့်မေရီကွင်းမှာ လီဗာပူးလ် ရလဒ်ကောင်းနေတယ်။ စိန့်မေရီကွင်းမှာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် နှစ်ပွဲကိုအနိုင်ရခဲ့သလို၊ ဒီရာသီ လိဂ်ဖလားမှာလည်း ၆-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ လက်ရှိ လီဗာပူးလ် တိုက်စစ်ကလည်း လူပြန်စုံနေပြီး တစ်ပွဲနှစ်ဂိုးနှုန်း အလွယ်တကူ သွင်းနေပါတယ်။ လီဗာပူးလ်ကိုပဲ ရွေးထားတယ်။
■ နယူးကာဆယ် နှင့် ဆန်းဒါးလန်း (၂၀-၃-၂၀၁၆ တနင်္ဂနွေ ည ၈း၀၀)
ပ-ကျော့ရလဒ် - ဆန်းဒါးလန်း ၃-၀ နယူးကာဆယ်
နယူးကာဆယ်နည်းပြသစ် ဘင်နီတက်ဇ် အဖွင့်မလှခဲ့ဘူး။ လက်စတာကိုရှုံးပြီး ဦးကျိုးထားပါတယ်။ ဒီပွဲက Tyne-wear ဒါဘီဖြစ်လို့ အရေးကြီးသလို၊ တန်းဆင်းဇုန်မှာ အမှတ်လုဖက်တွေလည်း ဖြစ်နေလို့ နှစ်သင်းစလုံး အမှားမခံနိုင်တဲ့ပွဲပါ။ ဒါဘီ နောက်ဆုံး ခြောက်ပွဲဆက် ဆန်းဒါးလန်း နိုင်ခဲ့ပေမယ့် ဒီပွဲမှာ နယူးကာဆယ်ကို အရဲစွန့် ရွေးကြည့်ချင်ပါတယ်။
■ စပါး နှင့် ဘုန်းမောက် (၂၀-၃-၂၀၁၆ တနင်္ဂနွေ ည ၁၀း၃၀)
ပ-ကျော့ရလဒ် - ဘုန်းမောက် ၁-၅ စပါး
သုံးပွဲဆက် အနိုင်ရခဲ့တဲ့ ဘုန်းမောက် စိတ်ချရတဲ့ အနေအထားဖြစ်သွားပြီ။ စပါးကတော့ လက်ကျန် ချန်ပီယံ မျှော်လင့်ချက်အတွက် ဖောင်ဖျက်ကစားရမယ့်အချိန်ပါ။ ပရီးမီးယားလိဂ်မှာ လုပ်အားနှုန်း အကောင်းဆုံး အဖြစ် သတ်မှတ်ခံထားရတဲ့ အသင်းတွေဖြစ်လို့ အကြိတ်အနယ်ရှိမှာတော့ သေချာတယ်။ အနိုင်ကတော့ အိမ်ရှင် စပါးအတွက်ပါပဲ။
■ မန်စီးတီး နှင့် မန်ယူ (၂၀-၃-၁၆ တနင်္ဂနွေ ည ၁၀း၃၀)
ပ-ကျော့ရလဒ် - မန်ယူ ဝ-၀ မန်စီးတီး
မန်စီးတီးခံစစ်မှာ ကွန်ပနီမပါရင် ပရမ်းပတာအမှားတွေ ကျူးလွန်တတ်ပါတယ်။ ဒါပေမဲ့ မန်ယူအသင်းက ဒါကိုအခွင့်အရေးယူနိုင်ခြေ နည်းနေတယ်။ ကြားရက်မှာ ယူရိုပါလိဂ်ပွဲကို ခြေကုန်ထုတ်ကန်ထားရလို့ ပွဲပန်းဒဏ်ကိုလည်း ခံစားရနေနိုင်တယ်။ မန်စီးတီးတိုက်စစ်မှူး အဂွဲရိုးသာ ခြေတွေ့ခဲ့ရင် မန်ယူ သရေရဖို့တောင် ခက်ခဲနိုင်ပါတယ်။
၁၉၅၅ နောက်ပိုင်း မန်စီးတီးကွင်းမှာ သုံးပွဲဆက် မရှုံးတဲ့ အစဉ်အလာနဲ့ အဂွဲရိုးရဲ့ ဂိုးသွင်းခြေစွမ်းကို မန်ယူ ထိန်းနိုင်မလား