သီလဝါ၊ ကျောက်ဖြူ၊ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကြီးများမှ ဒေသခံများ တောင့်တနေသည့် တရားမျှတမှု NLD အစိုးရ ဖြည့်ဆည်းပေးနိုင်မှာလား

သီလဝါ၊ ကျောက်ဖြူ၊ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကြီးများမှ ဒေသခံများ တောင့်တနေသည့် တရားမျှတမှု NLD အစိုးရ ဖြည့်ဆည်းပေးနိုင်မှာလား
Published 13 March 2016
ဖြိုးဝေ

ယခင် စစ်အစိုးရလက်ထက်၊ လက်ရှိ ဦးသိန်းစိန်အစိုးရလက်ထက်များတွင် အကောင်အထည်ဖော်ဆောင်လာခဲ့သည့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း၊ ကျောက်ဖြူ  အထူးစီးပွားရေးဇုန်စီမံကိန်းနှင့်  သီလဝါ အထူးစီးပွားရေးဇုန်စီမံကိန်းများတွင် စီမံကိန်းပတ်ဝန်းကျင်ရှိ ဒေသခံများအတွက် တရားမျှတမှုမရှိဘဲ မြေသိမ်းခံခဲ့ရခြင်း၊ မြေသိမ်းရန်အတွက် ခြိမ်းခြောက်ခံခဲ့ရခြင်း၊ လက်သိပ်ထိုးပေးခဲ့သည့် မြေယာလျော်ကြေးများနှင့် ပိုင်ဆိုင်သည့်  မြေပေါ်မှ ဖယ်ပေးလိုက်ရပြီး အလုပ်လက်မဲ့၊ မြေမဲ့ယာမဲ့၊ အိုးအိမ်မဲ့ဘဝများနှင့် ရင်ဆိုင်နေရကြောင်း စီမံကိန်းနှင့် ထိစပ်နေသူများနှင့်  အရပ်ဘက်အဖွဲ့အစည်းများထံမှ သိရသည်။စီမံကိန်းကြီးများ လာရောက်လုပ်ကိုင်သည့်အတွက် ဒေသခံများအနေနှင့် ဘက်စုံဖွံ့ဖြိုးလာမှုကို မျှော်လင့်ခဲ့သော်လည်း လက်ရှိ ဖြစ်ရပ်များမှာမူ စီမံကိန်းနှင့် ပတ်သက်၍ ခြိမ်းခြောက်ခံရမှု၊ အလုပ်လက်မဲ့ အိုးမဲ့အိမ်မဲ့ဖြစ်မှု၊ ဝင်ငွေမဲ့အခြေအနေများနှင့်သာ ရင်ဆိုင်နေရပြီး လက်ရှိအခြေအနေတွင် ကျောက်ဖြူစီမံကိန်းအား အကောင်အထည်ဖော်ရန် လက်ရှိအစိုးရလက်ထက်တွင် တွန်းအားပေး လုပ်ဆောင်လာခြင်း စသည့်အခြေအနေများကြောင့် ဒေသခံများအနေဖြင့် လက်ရှိ အထူးစီးပွားရေးဇုန်များ အမြန်အဆန် အကောင်အထည်ဖော်နေမှု အခြေအနေများကို သိရှိလိုနေကြပြီး စီမံကိန်းများ၏ စာချုပ်ပါ အချက်အလက်များကိုလည်း သိရှိလိုနေကာ လာမည့် အစိုးရသစ်လက်ထက်တွင် စီမံကိန်းစာချုပ်များပါ အချက်အလက်များနှင့် ဒေသခံများ၏ ထိခိုက်နစ်နာမှုများကို ကုစားမှုပေးနိုင်ရန် မျှော်လင့်နေကြသည်။■ ဂျပန်ကလုပ်တဲ့ သီလဝါနှင့် နောက်ကြောင်း ပြဿနာဂျပန်နိုင်ငံနှင့် ပူးတွဲလုပ်ကိုင်နေသည့် သီလဝါစီမံကိန်းသည် အထူးစီးပွားရေးဇုန်စီမံကိန်းများအနက် ပြဿနာအနည်းဆုံး စီမံကိန်းဖြစ်သည်ဟု ပြောဆိုမှုများ ရှိသော်လည်း လက်ရှိအခြေအနေတွင် သီလဝါ စီမံကိန်းကြောင့် ပြောင်းရွှေ့ခဲ့ရသည့် ဒေသခံများအနေဖြင့် မြေမဲ့ယာမဲ့၊ အလုပ်လက်မဲ့ ပြဿနာ များအပြင် သွားလာရခက်ခဲခြင်း၊ ပျက်ယွင်းခဲ့သည့် မိသားစုဘဝရပ်တည်မှုများကြောင့် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သီလဝါဒေသ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊  ဦးဆောင်ကော်မတီဝင် ဦးမြလှိုင်က ပြောကြားသည်။သီလဝါ အထူးစီးပွားရေးဇုန်စီမံကိန်းသည် မြန်မာနိုင်ငံမှ ၅၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံမှ ၄၉ ရာခိုင်နှုန်းဖြင့် အကောင်အထည်ဖော်နေခြင်းဖြစ်ပြီး သီလဝါအထူးစီးပွားရေးဇုန်၊ Zone A ၏ ၂၁၁ ဟက်တာရှိသည့် Phase-1 ကို ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၃ ရက်က ဖွင့်လှစ်ခဲ့သည်။ သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်မှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်အထိ နိုင်ငံပေါင်း ၁၂ နိုင်ငံ မှ ကုမ္ပဏီ ၄၈ ခုအား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့် ထုတ်ပေးခဲ့ပြီး ကုမ္ပဏီ ၄၆ ခုကို ဖွဲ့စည်း မှတ်ပုံတင်ပေးခဲ့ကြောင်းနှင့် ကုမ္ပဏီ ၄၈ ခု၏ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းမှာ အမေရိကန် ဒေါ်လာ သန်း ၅၀၀ ကျော်ရှိကြောင်း သိရသည်။ ထိုသို့ မြှုပ်နှံမှုပြုထားသော်လည်း ဒေသခံ ပြည်သူများကိုမူ လျော်ကြေးပေးအပ်ခဲ့ခြင်း မရှိဘဲ တစ်ဧကလျှင် ၁၇ သိန်းသာ ပေးအပ်ခဲ့သည့်အတွက် ဒေသခံများမှာ များစွာနစ်နာခဲ့ရကြောင်း သိရသည်။သီလဝါ အထူးစီးပွားရေးဇုန် ဒုတိယမြောက်စီမံကိန်း မြေဟက်တာ ၂၀၀၀ တွင် ပြောင်းရွှေ့ရန် အိမ်ခြေ ၆၀၀ မှ  ၈၀၀ ဝန်းကျင် ပါဝင်နိုင်ပြီး သိမ်းဆည်းထားသော်လည်း လျော်ကြေးမပေးရသေးသည့် မြေဧက ၇၆၀ ဝန်းကျင် ကျန်ရှိနေသေးကြောင်း သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၊ အတွင်းရေးမှုူး ဒေါက်တာ သန်းအောင်က ပြောကြားထားပြီး စီမံကိန်း ပထမအဆင့်တွင် အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ဆောင်ရန် များစွာ နောက်ကျနေသည့် မြန်မာနိုင်ငံ၏ အခြေအနေကြောင့် မြန်ဆန်စွာ အကောင်အထည်ဖော်ခဲ့ရသည့်အတွက် အားနည်းချက်များစွာ ရှိခဲ့ကြောင်း ဦးသန်းအောင်က ပြောကြားထားသည်။“ သီလဝါအထူးစီးပွားရေးဇုန်ရဲ့ ပထမအဆင့် ဟက်တာ ၄၀၀ ကို စလုပ်တဲ့အချိန်မှာ အိမ်ထောင်စု ၆၈ စုသော ဒေသခံတွေက ပြောင်းရွှေ့ နေရာချထားခံရတယ်။ အဲဒီမရွှေ့ခင်မှာ ကျွန်တော်တို့က ငါး၊ ဖား စတဲ့ သယံဇာတတွေ ရှိခဲ့တယ်။ ရွှေ့ပေးရပြီးနောက်မှာ ကျွန်တော်တို့ လုပ်ကိုင်စားသောက်နေရတဲ့ သယံဇာတတွေကို ဆုံးရှုံးခဲ့တယ်။ နောက်တစ်ခုက ကျွန်တော်တို့ လုပ်ကိုင်စားသောက်နေတဲ့ မြေယာတွေကို စွန့်လွှတ်ခဲ့ရတယ်။ နဂိုနေတဲ့ နေရာကနေ ရှစ်မိုင်လောက် ဝေးတဲ့နေရာကို ရောက်သွားပြီး အဲဒီနေရာကနေ ကျွန်တော်တို့ လုပ်ငန်းခွင်နေရာကို သွားမယ်ဆိုရင် အသွားအပြန် ခရီးစရိတ် ကျပ် ၃၀၀၀ လောက် ကုန်တယ်။ လူတစ်ယောက် တစ်နေ့ ၆၀၀၀ ရမယ်ဆို ခရီးစရိတ် ၃၀၀၀ နုတ်ပြီး ကျန်တဲ့ ၃၀၀၀ နဲ့ ကျွန်တော်တို့ မိသားစုတွေ စားဝတ်နေရေး အဆင်မပြေပါဘူး။ အဲဒီမှာ ကျွန်တော်တို့က စားစရာမရှိတော့ အစားပြန်ရတဲ့ အိမ်တွေကို ကျွန်တော်တို့က ပထမဦးဆုံး ပေါင်ရတယ်။ ဒုတိယအဆင့်မှာ ရောင်းရပါတယ်။ အဲဒီအဆင့် ရောက်သွားတဲ့အခါ မှာ နေစရာ မရှိကြတော့ပါဘူး။ စီမံကိန်းကြောင့် အဲဒီလိုဖြစ်သွားရတဲ့ အိမ်ထောင်စုတွေက အခုဆို ၁၇ စု ရှိပါတယ်။ ဒီလိုဆုံးရှုံးမှုတွေကြောင့် ပြောင်းရွှေ့ခံ မိသားစုတွေမှာ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေ ဖြစ်လာနေတယ်။ ဒီလို ဒုက္ခဖြစ်နေသူတွေကို ပြန်လည်ကုစားပေးဖို့ လိုအပ်နေတယ်” ဟု ဦးမြလှိုင် က ဆိုသည်။သီလဝါ အထူးစီးပွားရေးဇုန်စီမံကိန်း ပထမအဆင့်တွင် ဒေသခံများ ထိခိုက်နစ်နာမှုများ တွေ့ကြုံခဲ့ရသဖြင့် ဒုတိယအဆင့် စီမံကိန်းဖြစ်သည့် ဟက်တာ ၂၀၀၀ စီမံကိန်းကို အလွယ်တကူ သဘောတူလုပ်ကိုင်ခွင့် ပြု သွားမည်မဟုတ်ကြောင်း သီလဝါ အထူးစီးပွားရေးဇုန် ဒုတိယအဆင့်စီမံကိန်း ဟက်တာ ၂၀၀၀ အတွက် စီမံကိန်းအတွင်း ပါဝင်သည့် သန်လျင်၊ ကျောက်တန်းရှိ ကျေးရွာများ မှ ဒေသခံများနှင့်  သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီတို့ တွေ့ဆုံခဲ့သည့်  မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ဆန်းစစ်ခြင်း စီမံကိန်းအတွက် သက်ဆိုင်သူများနှင့် တွေ့ဆုံပွဲတွင် သီလဝါဒေသ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ဦးအေးဋ္ဌေးက ဆိုသည်။    ■ တရုတ်က လုပ်တဲ့ ကျောက်ဖြူစီမံကိန်းနဲ့ ဒေသခံတို့၏ စိုးရွံမှုကျောက်ဖြူ အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်နိုင်ရေးနှင့် ပတ်သက်၍ ခွင့်ပြုပေးရန် သမ္မတက ပြည်ထောင်စုလွှတ်တော် နာယကထံ သဝဏ်လွှာပေးပို့ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များက အထူးစီးပွားရေးဇုန် တည်ဆောက်ခြင်းကို လက်ခံသော်လည်း အကောင်အထည်ဖော်မှုကို ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်ပြီးမှ အတည်ပြုပေးသင့်ကြောင်း ဆွေးနွေးခဲ့ကြပြီး စီမံ/စီးပွားဝန်ကြီး ဒေါက်တာကံဇော်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ရထားပို့ဆောင်ရေး ဒုဝန်ကြီး ဦးမြင့်သိန်းတို့က ပြန်လည်ရှင်းလင်းခဲ့သော်လည်း ကျောက်ဖြူ အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်နိုင်ရေးအတွက် အမိန့်ကြော်ငြာစာ ထုတ်ပြန်နိုင်ရေးကိုသာ ခွင့်ပြုပြီး ဆက်လက် အကောင်အထည်ဖော်ရမည့် လုပ်ငန်းများကို နောင်အစိုးရလက်ထက်မှသာ ပွင့်လင်းမြင်သာစွာဖြင့် ဆက်လက်ဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော်က ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် အတည်ပြုခဲ့သည်။ကျောက်ဖြူ အထူးစီးပွားရေးဇုန် တည်ထောင်နိုင်ရေးအတွက် နယ်နိမိတ်ဧရိယာအဖြစ် မြေဧက ၄၂၈၉ ဒဿမ ၃၇ ကို သတ်မှတ်ထားပြီး၊ ရေနက်ဆိပ်ကမ်း စီမံကိန်းအမှတ် (၁) နယ်နိမိတ် ၃၇၀ဒဿမ ၆၆ ဧက၊ ရေနက်ဆိပ်ကမ်း စီမံကိန်း အမှတ် (၂) နယ်နိမိတ် ၂၃၇ ဒသမ၂၂ ဧက၊ စက်မှုဇုန် စီမံကိန်းနယ်နိမိတ် ၂၄၄၆ ဒသမ ၀၇ ဧကနှင့် အဆင့်မြင့်အိမ်ရာ စီမံကိန်းနယ်နိမိတ် ၁၂၃၅ ဒသမ ၃၇ တို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။လက်ရှိအချိန်တွင် ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်း၏ ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် CITIC  Consortium 1  ကုမ္ပဏီနှင့် စက်မှုဇုန်အတွက် CITIC  Consortium 2 က လုပ်ဆောင်မည်ဖြစ်ပြီး ဒေသခံများအနေနှင့် ကုမ္ပဏီနှင့် တာဝန်ရှိသူများမှ ဒေသခံများ၏ အခွင့်အရေးကို လေးစား၍ သဘောတူညီချက် ရယူရန်၊ စီမံကိန်းအဆင့်ဆင့်အား ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ရန်နှင့် တာဝန်ခံမှုရှိရန်၊  စီမံကိန်းဆိုးကျိုးများကို နိုင်ငံတော်မှ ဥပဒေအတိအကျ ထုတ်ပြန်၍ ကာကွယ်ပေးရန်၊ ဒေသခံများ၏ လူနေမှုအဆင့်အတန်း မြှင့်တင်ရေး ကြိုတင်လုပ်ဆောင်ပေးရန် ဒေသခံများက လိုလားနေကြောင်း ကျောက်ဖြူ အခြေစိုက် Sky Youth  အဖွဲ့မှ ဦးစိုးရွှေက  ပြောကြားသည်။“ ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို အကောင်အထည် ဖော်နေသူတွေကြောင့်  ကျွန်တော်တို့မှာ စိုးရိမ်စိတ်တွေ ပိုပိုပြီးတော့ ဖြစ်နေရတယ်။ ဘာကြောင့်လဲဆိုတော့ စီမံကိန်းလုပ်နေတဲ့ CITIC ကုမ္ပဏီက ဒီစီမံကိန်းကြောင့် ဒေသခံတွေ ထိခိုက်မှုမရှိအောင် လုပ်မယ်။ စီမံကိန်းကြောင့် ဒေသခံတွေ ဖွံ့ဖြိုးတိုးတက်ရမယ်။ စီမံကိန်းမှာ ဒေသခံတွေ ပါဝင်ခွင့်ရရမယ်လို့  ဘယ်လိုပဲပြောပြော တကယ်လုပ်တဲ့အချိန်မှာ ဘာမှ ပွင့်လင်းမြင်သာမှု မရှိခဲ့ဘူး။ ဒေသခံတွေကို ချပြမှု မရှိဘူး။ ဒေသခံတွေကို သူတို့ ဖြစ်ချင်တာ ပြောပြီးတော့ ဒေသခံတွေက ပြောရင် သူတို့ဘာမှ လက်မခံဘူး။ သူတို့လုပ်ချင်တာ ဆက်လုပ်သွားတယ်။ တင်ဒါခေါ်တဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်မှာ ဘာမှ ပွင့်လင်းမြင်သာမှု မရှိခဲ့ဘူး။ ပြည်သူ့လွှတ်တော်က ဒီဇင်ဘာ ၂၉ ရက်မှာ အတည်ပြုလိုက်တယ်။  နောက်တစ်နေ့မှာ တင်ဒါခေါ်ပြီး  CITIC ကုမ္ပဏီကို ရေနက်ဆိပ်ကမ်းရော စက်မှုဇုန်ပါ ပေးလိုက်တယ်။ ဒီလိုမျိုး သူတို့ လုပ်ခဲ့တာတွေက ကျွန်တော်တို့ကို သံသယဖြစ်လာစေပါတယ်။ ကျွန်တော်တို့အနေနဲ့ ဘာဖြစ်ချင်လဲဆိုတော့ ဒီစီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်မယ်ဆိုရင် ဒေသခံတွေရဲ့ လူ့အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေကို လေးစားလိုက်နာဖို့ လိုပါတယ်။ စီမံကိန်းကို အကောင်အထည်ဖော်မယ်ဆိုရင် အဆင့်ဆင့်တိုင်းမှာ ကျွန်တော်တို့ကို ပွင့်ပွင့်လင်းလင်း ချပြဖို့ လိုပါတယ်။ ဒီစီမံကိန်းကို ဘယ်သူတွေ လုပ်မယ်။ ဘယ်သူတွေက ဘယ်လောက်အထိ အကျိုးအမြတ်ရမယ်။ ဘယ်သူတွေက အုပ်ချုပ်မယ်ဆိုတာကို ပွင့်ပွင့်လင်းလင်းနဲ့ ပြည်သူလူထု တစ်ရပ်လုံး သိအောင် သူတို့အနေနဲ့ ချပြဖို့ လိုပါတယ်။ နောက်တစ်ခုက ဒီစီမံကိန်းက ဒေသခံတွေရဲ့ဘဝကို မြှင့်တင်ဖို့ လုပ်တာဆိုရင် စီမံကိန်း မလုပ်ခင်ကတည်းက ဒေသခံတွေရဲ့ ဘဝကို မြှင့်တင်ပေးဖို့ လိုပါတယ်။ အဲဒီလို မဟုတ်ဘဲနဲ့  စီမံကိန်းပြီးမှ ဒေသခံတွေ ဖွံ့ဖြိုးတိုးတက်လာလိမ့်မယ်ဆိုတဲ့ အနာဂတ် မျှော်လင့်ချက်ကြီးနဲ့ ဆက်လုပ်မယ်ဆို ကျွန်တော်တို့အနေနဲ့ ယုံယုံကြည်ကြည် လက်ခံဖို့ ခဲယဉ်းပါတယ်” ဟု ၎င်းက ပြောကြားသည်။■ ဂျပန်က တာဝန်ယူဖြေရှင်းပေးရမယ့် အီတာလျံ- ထိုင်း ကုမ္ပဏီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ထားဝယ်အထူးစီးပွားရေးဇုန်ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို ၁၉၉၆ ခုနှစ်တွင် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို စတင်ရန် ပြင်ဆင်ခဲ့ခြင်း ဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် မြန်မာအစိုးရ၏ အေဂျင်စီ၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် အီတာလျံ-ထိုင်း ကုမ္ပဏီတို့ ပူးတွဲ လက်မှတ်ထိုးခဲ့ပြီး ထားဝယ်ဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက်အမည်ဖြင့် မြန်မာဘက်မှာ မက်စ်မြန်မာကုမ္ပဏီက ၂၅ ရာခိုင်နှုန်းနှင့် အီတာလျံ-ထိုင်း ကုမ္ပဏီက ၇၅ ရာခိုင်နှုန်းဖြင့် စတင်ခဲ့ကာ မက်စ်မြန်မာက နုတ်ထွက်ခဲ့သည်။ အဆိုပါ စီမံကိန်းအတွက် အီတာလျံ-ထိုင်း ကုမ္ပဏီက မြန်မာအစိုးရနှင့် လက်မှတ်ရေးထိုးပြီးနောက် တစ်စုံတစ်ရာ ကြိုတင် အကြောင်းကြားမှုမရှိဘဲ အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်း၊ လယ်ယာမြေများ သိမ်းယူခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်းနှင့် စီမံကိန်းအတွက် မမျှတသည့် လျော်ကြေးများ ပေးအပ်ရာတွင်လည်း မမျှတသည့် လျော်ကြေးများနှင့် လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်ခဲ့ကြောင်း ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့မှ ဦးသန့်စင် အပါအဝင် ဒေသခံများက ပြောကြားခဲ့ပြီး ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့မှ ထုတ်ဝေသည့် လူထုကြားမှ အသံများ အစီရင်ခံစာတွင်လည်း ထိုသ့ို မသမာသည့် လာဘ်ပေးလာဘ်ယူမှုများ ရှိနေကြောင်း ဖော်ပြခဲ့သည်။ထားဝယ်အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ITD (အီတာလျံ-ထိုင်း ကုမ္ပဏီလီမိတက်) က မြန်မာနိုင်ငံ၊ ထားဝယ်ဒေသတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်ခဲ့ပြီး ထိုသို့ လူ့အခွင့်အရေး ချိုးဖောက်ခဲ့သူများကို တရားစွဲဆိုနိုင်ရန်နှင့် လက်ရှိဆိုးကျိုးများအပေါ်တွင် လျော်ကြေးပေးရန် ထိုင်းနိုင်ငံ ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီးဌာနများ၏  တုန့် ပြန်မှုကို ထိုင်းအမျိုးသား လူ့အခွင့်အရေး ကော်မရှင်က စောင့်ဆိုင်းနေကြောင်း ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင်၊ ရပ်ရွာအခွင့်အရေးဆိုင်ရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နာ မင်းကြီး (ငြိမ်း) ဒေါက်တာ Niran Pitakwatchara က ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် သက်ဆိုင်သော သုတေသန အစီရင်ခံစာထုတ်ပြန်ခြင်းနှင့် လူထုဆွေးနွေးခြင်း အခမ်းအနားတွင် ပြောကြားသည်။ထားဝယ်ဒေသတွင် အကောင်အထည်ဖော် လုပ်ကိုင်နေသည့် အီတာလျံ- ထိုင်းကုမ္ပဏီ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့က ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ တင်သွင်းခဲ့သည်။ အဆိုပါ တိုင်ကြားမှုများအပေါ် စိစစ်၍ ထိုင်းအစိုးရထံသို့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာတွင် စစ်ဆေးတွေ့ရှိချက်များကို တင်ပြခဲ့ပြီး ဖြစ်ကြောင်း အဆိုပါကာလတွင်ပင် ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင်၊ ရပ်ရွာအခွင့်အရေးဆိုင်ရာ ဆပ်ကော်မတီဥက္ကဋ္ဌ၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နာ မင်းကြီးအဖြစ်မှ အနားယူခဲ့သည့် ဒေါက်တာ Niran Pitakwatchara က ဆက်လက်ပြောကြားသည်။ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ အစီရင်ခံစာအရ ကော်မရှင်သည် ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့၏ ကန့်ကွက်လွှာကို စိစစ်ခဲ့ပြီးနောက် ထိုင်းပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ်သည့် အီတာလျံ-ထိုင်း ဖွံ့ဖြိုးရေး အများပိုင် ကုမ္ပဏီသည် ထိုင်းနိုင်ငံက လက်မှတ်ရေးထိုးထားသော နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ဝတ္တရားများကို လိုက်နာမှုမရှိဘဲ ၎င်းတို့၏ လုပ်ငန်းများကို လည်ပတ်နေသည့်သဘော သက်ရောက်နေသည်ဟု ဖော်ပြခဲ့သည်။ဥပမာအားဖြင့် နိုင်ငံတကာ နိုင်ငံသား နှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ ကွန်ဗန်းရှင်း၊ အာဆီယံလူ့အခွင့်အရေး ကြေညာစာတမ်းတို့နှင့် သွေဖည်နေသည့် လုပ်ငန်းလည်ပတ်မှုများ လုပ်ဆောင်နေကာ ကာကွယ်၊ လေးစား၊ ကုစားချက် မူဘောင် (၂၀၁၁)၊ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ၏ လမ်းညွှန်စည်းကမ်းချက်များ ဖြစ်သည့် စီးပွားရေးလုပ်ငန်းများသည် လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး အခြားသူများ၏ လူ့အခွင့်အရေးများကို ချိုးဖောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ ဆိုးကျိုးများအပေါ် တိုက်ရိုက်ပတ်သက်မှု မရှိသည့်တိုင် ဆက်စပ်ဆက်နွှယ်နေသော အကြောင်းအရာများနှင့် ပတ်သက်၍ လူ့အခွင့်အရေးဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုများကို အထူးအလေးဂရုပြုရန်၊ လုပ်ငန်းလည်ပတ်ခြင်း၊ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ပေးခြင်းတို့နှင့် ယှက်နွှယ်နေပါက ဖြစ်လာနိုင်သော လူ့အခွင့်အရေးဆိုင်ရာ ဆိုးကျိုးများကို ကာကွယ်ရန် သို့မဟုတ် လျှော့ချရန် နည်းလမ်းများကို အထူးဂရုပြု ရမည့် အခြေခံစည်းမျဉ်းများနှင့်လည်း သွေဖီနေသည်ဟု ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင်က အစီရင်ခံခဲ့ကြောင်း သိရသည်။အဆိုပါ စီမံကိန်းတွင် လက်ရှိအချိန်၌ ဂျပန်နိုင်ငံက စီမံကိန်းတွင် ပါဝင်ရန်  မြန်မာ - ထိုင်း- ဂျပန်နိုင်ငံတို့ သုံးပွင့်ဆိုင် ဆွေးနွေးမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး နောက် ၂၀၁၅ ခုနှစ် ဇူလိုင်တွင် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းနှင့် ပတ်သက်သည့် သဘောတူညီချက် တစ်ရပ်ကို တိုကျိုမြို့ရှိ ခုနစ်ကြိမ်မြောက် မဲခေါင်- ဂျပန် ညီလာခံတွင် လက်မှတ်ရေးထိုးခဲ့သည်။ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းတွင် ပါဝင်ရန် ဆုံးဖြတ်ပြီးသည့် ဂျပန်နိုင်ငံ အနေနှင့် ITD (အီတာလျံ-ထိုင်း ကုမ္ပဏီလီမိတက်) က မြန်မာနိုင်ငံ ထားဝယ်ဒေသတွင် ပြုလုပ်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြန်လည်ကုစားပေးရန် တာဝန်ရှိမည်ဖြစ်ပြီး အဆိုပါ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖြေရှင်းမပေးဘဲ စီမံကိန်းတွင် ပါဝင်လာပါက ဂျပန်နိုင်ငံသည်လည်း ထိုင်းအစိုးရ၊ မြန်မာအစိုးရနှင့် ITD ကဲ့သို့ လူ့အခွင့်အရေး ချိုးဖောက်သည့် နိုင်ငံအဖြစ် အမှုတွဲတွင် ပါဝင်သတ်မှတ် ခံရနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ EITI ၏ အရပ်ဘက် ကိုယ်စားလှယ် ဦးသန့်စင်က ပြောကြားသည်။“ဂျပန်က စီမံကိန်းမှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့ပြီးဖြစ်လို့ စီမံကိန်းနဲ့ ပတ်သက်ရင် ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် တာဝန်ယူရမယ်။ အရင်ကလုပ်ခဲ့တာ ငါမသိဘူးဆိုပြီး လုပ်လို့ရမယ်။ ဒါကြောင့် ဂျပန်အနေနဲ့လည်း စီမံကိန်းမှာ ပါဝင်ဖို့ ဆုံးဖြတ်ချက်ချပြီးတဲ့အတွက်ကြောင့် သူ့အနေနဲ့ စီမံကိန်းကို အလုံးအရင်းနဲ့ ပြန်မလုပ်ခင် ကုစားမှုတွေ လုပ်ပေးရမယ်။ အဲဒီလို မလုပ်ဘူးဆိုရင် ဂျပန်သည်လည်း ထိုင်းရယ်၊ မြန်မာအစိုးရရယ်၊ ITD ရယ်နဲ့ တစ်တန်းတည်း ဖြစ်ပြီးတော့ ဒေသခံတွေရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်တဲ့ နိုင်ငံအဖြစ် အမှုတွဲထဲ ပါသွားမယ်” ဟု ဦးသန့်စင်က ပြောကြားသည်။ထို့ပြင် ထားဝယ်စီးပွားရေးဇုန် စီမံကိန်းနှင့် သက်ဆိုင်သည့် စီမံကိန်းလုပ်ငန်းများကြောင့် ဒေသခံအမျိုးသမီးများအနေဖြင့် လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများ ကြုံတွေ့နေရသည့်အပြင် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် လှုပ်ရှားနေသည့် အမျိုးသမီးအချို့ကိုလည်း “ဒီကောင်မလေးရှုပ်နေတာ၊။မုဒိန်းကျင့်ပြီး သတ်ပစ်လိုက်မှ အေးမယ်” ဟူသည့် ပြောဆိုခြိမ်းခြောက်မှုများ ရှိနေပြီး အစိုးရသက်တမ်း မကုန်ဆုံးမီ အချိန်တိုအတွင်း ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို အမြန်အဆန် အကောင်အထည်ဖော်နေသည်ဟု ထားဝယ်အမျိုးသမီးသမဂ္ဂမှ ဒေါ်စုစုဆွေက ပြောကြားသည်။■ စီမံကိန်းများအတွက် အစိုးရသစ် ဖြည့်ဆည်းရမယ့် လိုအင်ယခင် စစ်အစိုးရလက်ထက်နှင့် လက်ရှိ အစိုးရလက်ထက် သက်တမ်းကုန်ဆုံးလုအချိန်တွင် တွန်းအားပေး လုပ်ဆောင်ထားသည့် ထားဝယ်အထူးစီးပွားရေးဇုန်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် သီလဝါအထူးစီးပွားရေးဇုန်များတွင် စီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို ကာကွယ်ရန် မြန်မာနိုင်ငံတွင် ဥပဒေများ အလုံအလောက် ရှိမနေကြောင်း ပညာရှင်များက ထောက်ပြသည်။“တခြားနိုင်ငံတွေမှာ ဖြစ်ခဲ့တာတွေကိုက ပညာယူဖို့လိုတယ်။ မြန်မာအစိုးရအနေနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေတွေ ခိုင်မာအားကောင်းဖို့ လိုတယ်။ ထိုင်းနိုင်ငံက Map Ta Phut ဆိုရင် စက်ရုံတွေရဲ့ အမှားလေးကြောင့် ကန့်ကွက်မှုတွေ ဆန္ဒပြမှုတွေ ကြုံခဲ့ရသလို လူ့အခွင့်အရေးနဲ့ ပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေ အများကြီးလည်း အသတ်ခံခဲ့ရတယ်။ ထားဝယ်အထူးစီးပွားရေးဇုန်ဆိုရင် ထိုင်းနိုင်ငံက Map Ta Phut ထက် ၁၀ ဆလောက် ကြီးတယ်။  စီမံကိန်းကြောင့် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို ကြိုတင် ကာကွယ်နိုင်ဖို့လိုမယ်။ လက်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေကိုလည်း ပြန်သုံးသပ်ဖို့ လိုမယ်”ဟု ထိုင်းနိုင်ငံအခြေစိုက် Earth  အဖွဲ့အစည်းမှ  Ms Pebchom Sae Tang က ဆိုသည်။ဒုတိယကမ္ဘာစစ်အပြီး ဂျပန်နိုင်ငံတွင် စက်မှုလုပ်ငန်းများ ထူထောင်ခဲ့စဉ် ပြဒါး ပါဝင်သည့် စွန့်ပစ်ဓာတုပစ္စည်းများနှင့် အခြားသော စွန့်ပစ်ပစ္စည်းများကြောင့် မီနာမာတရောဂါ၊ လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်သည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားခဲ့မှုကြောင့် ဂျပန်နိုင်ငံမှ ထိုင်းနိုင်ငံသို့ စက်ရုံများ ရွှေ့ပြောင်းခဲ့သည်။ ထိုသို့ ရွှေ့ပြောင်းခဲ့ပြီးနောက် ထိုင်းနိုင်ငံတွင် ၁၉၉၀ ပြည့်နှစ်ဝန်းကျင်က အကြီးဆုံးဖြစ်ခဲ့သည့် MapTa Phut စက်မှုဇုန်သည် လေထု၊ ရေထု ညစ်ညမ်းမှုများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားလာခဲ့ပြီးနောက် ထိုင်းနိုင်ငံမှ စက်ရုံများကို မြန်မာနိုင်ငံသို့ ပြောင်းရွှေ့ရန် လုပ်ဆောင်လာသည့်အတွက် မြန်မာအစိုးရ အနေဖြင့် ထိုင်းနိုင်ငံနှင့် ဂျပန်နိုင်ငံတို့တွင် ဖြစ်ပွားခဲ့သည့် ပြဿနာများကို အတုယူ၍ ဖြေရှင်းနိုင်ရန် ကြိုတင် လုပ်ဆောင်သင့်ကြောင်း  Ms Pebchom Sae Tang က ဆိုသည်။“တောင်သူလယ်သမားတွေ လယ်ယာမဲ့ ဖြစ်တယ်။ အလုပ်အကိုင်မဲ့ ဖြစ်တယ်။ ဒီကိစ္စက အထူးစီးပွားရေးဇုန်တွေမှာ အလုပ်မရခင်ကတည်းက ရင်ဆိုင်ရတဲ့ကိစ္စ။ ဒီကိစ္စကို အစိုးရအနေနဲ့ သေသေချာချာ ကိုင်တွယ်သင့်တယ်။ကျွန်တော်တို့ဆီမှာ မြေအားလုံးကို အစိုးရက ပိုင်တယ်ဆိုတာ ရှိတယ်။ ဒါက ငါတို့ နိုင်ငံတော်က ပိုင်တဲ့မြေပဲ။ ငါတို့အချင်းချင်း မြေသိမ်းလို့ရတာပဲဆိုပြီး လုပ်တာထက်စာရင် တောင်သူလယ်သမားတွေရဲ့ မြေယာဆုံးရှုံးသူတွေရဲ့ အရေးကိစ္စတွေကို သေသေချာချာ ရှင်းလင်းကိုင်တွယ်သွားဖို့ လိုပါမယ်။ နံပါတ် ၁ အချက်က သူတို့ကို ဘယ်လို မြေယာအစားထိုးပေးမလဲ စဉ်းစားဖို့လိုပါတယ်။ လျော်ကြေးပေးရုံနဲ့ မပြီးသေးပါဘူး။ သူတို့ဟာ နေရာသစ်မှာ နေထိုင်ရတော့မှာဆိုတော့ သူတို့အတွက် အဆင်ပြေမယ့် နေရာ၊ အလုပ်အကိုင်တွေ ရှိဖို့ လိုပါတယ်။ အဲဒါနဲ့ ပြီးပြီလားဆိုတော့ မပြီးသေးပါဘူး။ နေရာသစ်မှာ အလုပ်အကိုင်ရှိအောင် အစိုးရက ဖန်တီးပေးဖို့ လိုပါတယ်။ နောက်တစ်ခုက သူတို့ဟာ လယ်သမားတွေ ဖြစ်ပါတယ်။ လယ်မှာပဲ သူတို့က လုပ်တတ်တယ်။ အသက်မွေးဝမ်းကျောင်းနဲ့ ဆိုင်တဲ့ အတတ်ပညာသစ်တွေ သူတို့ကို သင်ပေးဖို့လိုတယ်။ ဒီလိုမျိုးတွေ အစိုးရက စနစ်တကျ အကောင်အထည်ဖော်ပြီးမှသာ အထူးစီးပွားရေးစက်မှုဇုန်တွေ အကောင်အထည်ဖော်သင့်ပါတယ်။ ကျွန်တော် အထူးစီးပွားရေးဇုန် သုံးခုလုံးကို သွားလေ့လာတဲ့အခါမှာ အစိုးရက မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဖို့ကိုပဲ ဦးတည်ပြီးတော့ အခု ကျွန်တော်ပြောတဲ့ အစီအစဉ်တွေ ချမှတ်ဆောင်ရွက်မှု အားနည်းတာကို တွေ့ရတယ်။ ဒါကြောင့်လည်း ခဏခဏ ဆန္ဒပြမှုတွေ ဖြစ်နေရပြီး အစိုးရပိုင်းရဲ့ အားနည်းမှုတွေကို ပြနေတယ်လို့ ကျွန်တော့်အနေနဲ့ မြင်မိပါတယ်” ဟု အလွတ်တန်း သုတေသီ ဦးဇော်အောင်က သုံးသပ်သည်။ထို့ပြင် အစိုးရသစ်အနေဖြင့် လက်ရှိ အထူးစီးပွားရေးဇုန် စီမံကိန်းများအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအပြင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေ၊ ရေထုညစ်ညမ်းမှု၊ လေထုညစ်ညမ်းမှု ကာကွယ်သည့် ဥပဒေ၊ စက်ရုံများမှ စွန့်ပစ်သည့် ဓာတုပစ္စည်းများကြောင့် ညစ်ညမ်းမှု ဖြစ်ပေါ်ပါက စစ်ဆေးနိုင်မည့် ဓာတ်ခွဲခန်းများအပြင် ဒေသခံများ ဖွံ့ဖြိုးရေးနှင့် အလုပ်လုပ်ကိုင်ရေးအတွက် စီမံကိန်းများ ရည်ရွယ်လုပ်ကိုင်သည်ဆိုပါက လုပ်ငန်းခွင်နှင့် ဆက်နွှယ်သည့် ပညာရေး အခွင့်အလမ်းများ ဖန်တီးပေးရန် လိုအပ်မည်ဖြစ်ကြောင်း ဦးဇော်အောင်က ဆက်လက်ပြေကြားသည်။“အစိုးရသစ်အနေနဲ့ လုံလောက်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းဖို့ လိုတယ်။ လောလောဆယ်မှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေဆိုတာ ရှိတယ်။ ဒီတစ်ခုနဲ့တင် မလုံလောက်ပါဘူး။ ကျွန်တော်တို့ ဆီမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေတွေ မရှိသေးဘူး။ အဲဒါတွေနဲ့ သက်ဆိုင်တဲ့ ရေထုညစ်ညမ်းမှု ကာကွယ်တဲ့ ဥပဒေတွေ၊ လေထုညစ်ညမ်းမှု ကာကွယ်တဲ့ဥပဒေတွေ အထူးသဖြင့် အရေးကြီးတာက Sensative Chemical တွေသုံးတဲ့ စက်ရုံတွေ ပါလာမယ်ဆိုရင် ဒီစက်ရုံတွေရဲ့ ဓာတုပစ္စည်းအသုံးပြုမှု ကာကွယ်တဲ့ ဥပဒေတွေ ရှိဖို့၊ နောက်တစ်ခုက စက်မှုဇုန်တွေ တည်ထောင်ပြီဆိုရင် သူတို့က အညစ်အကြေးတွေ ထွက်တယ်။ ဒါတွေကို ဘယ်လို Treatment လုပ်မလဲ။ သီလဝါဆိုရင် ရန်ကုန်မြစ်ဝမှာ ရှိတယ်။ ကျောက်ဖြူနဲ့ ထားဝယ်ဆိုရင် ပင်လယ်ကမ်းခြေနားမှာ ရှိတယ်။ ဒီအညစ်အကြေးတွေ စွန့်ပစ်မယ်ဆိုရင် ရန်ကုန်မြစ်နဲ့ ပင်လယ်ထဲပဲ စွန့်ပစ်ရမယ်။ ဒီလို မစွန့်ပစ်ခင်မှာ အဆိပ်အတောက် မဖြစ်အောင်လုပ်ဖို့ လိုတယ်။ သီလဝါကတော့ နည်းပညာမြင့်မားတဲ့ ဂျပန်နဲ့ လုပ်နေတာဆိုတော့ တော်တော်လေး ကောင်းမွန်တာ တွေ့ရတယ်။ ကျွန်တော်နည်းနည်း စိုးရိမ်တာက ထားဝယ်အထူးစီးပွားရေးဇုန်၊ ထိုင်းနဲ့ လုပ်နေပြီး သူ့ နိုင်ငံမှာလည်း Pollutions တွေရှိတယ်။ ကျွန်တော်တို့ ဘယ်လို ကာကွယ်မလဲ။ Pollution ဖြစ်လာပြီဆိုရင် ကိုင်တွယ်ဖြေရှင်းဖို့ နည်းပညာရှိဖို့ လိုတယ်။ ဓာတ်ခွဲခန်းတွေ ရှိဖို့လိုတယ်။ Pollution က ဘယ်ဟာကြောင့် ဖြစ်တာလဲဆိုတာ စမ်းသပ်ဖို့ ဓာတ်ခွဲခန်းတောင် မရှိဘူးဆိုရင် ဒီ Pollution ကို ဘယ်လိုကာကွယ်မလဲ။ အများကြီးလိုပါသေးတယ်။ လောလောဆယ်မှာ ကျွန်တော်တို့ လုပ်နိုင်တာ ရှိတယ်။ စက်မှုဇုန်ကြီး တစ်ခုလုံးပြီးရင် ဒေါ်လာဘီလျံပေါင်းများစွာ အကုန်ခံလုပ်ထားတာဖြစ်လို့ အမှားတစ်ခု လုပ်လိုက်ရင် ပြင်ဆင်ဖို့ ခက်တယ်။ ပြန်ကုစားဖို့ ခက်တယ်။ အခုကတည်းက အစိုးရအနေနဲ့ ခေါင်းကို သေသေချာချာသုံးပြီး ပြင်ဆင်ထားဖို့ လိုတယ်။ လူငယ်တွေကို အလုပ်ပေးချင်တာ တစ်ခုတည်းနဲ့ ဒါကို လုပ်မယ်ဆိုရင် လူငယ်တွေက တန်းပြီး အလုပ်ရသွားမှာ မဟုတ်ဘူး။ ကျွမ်းကျင်မှုရှိမှ ရမယ်။ ဒီလို ကျွမ်းကျင်မှုရှိဖို့ အတွက် ကိုယ့်ဆီက ပညာရေးစနစ်က သင်ပေးနိုင်ဖို့ လိုတယ်။ အဲဒီလို မပေးထားနိုင်ရင် လူငယ်တွေက ထိုက်တန်တဲ့ နေရာမျိုးရဖို့ မလွယ်ဘူး။ အခုဆို ကျွန်တော်ကြားနေရတယ်။ နိုင်ငံခြားကလာသူတွေက လစာက တစ်မျိုး၊ ဒေသခံတွေကျတော့ လစာကတစ်မျိုး။ ဒီနှစ်ခုအကြားမှာ အင်မတန် ကွာခြားမှုရှိတယ် ကြားရတဲ့အခါ ဒေသခံတွေက မကျေနပ်ဘူး။ ကျွန်တော်တို့ လစာကောင်းကောင်း ရဖို့ဆိုရင် ပညာရေးစနစ်ကောင်းဖို့ လိုတယ်။ ပညာရေးနဲ့ လုပ်ငန်းခွင် ချိတ်ဆက်ပေးတဲ့ စနစ်တွေ ရှိဖို့လိုတယ်” ဟု ဦးဇော်အောင်က ဆက်လက်ပြောကြားသည်။             

Most Read

Most Recent