ဒလမြို့နယ်၌ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသူကို သွားရောက်ဖမ်းဆီးရာ ပြန်လည်ခုခံသဖြင့် ရော်ဘာကျည် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရ

ဒလမြို့နယ်၌ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသူကို သွားရောက်ဖမ်းဆီးရာ ပြန်လည်ခုခံသဖြင့် ရော်ဘာကျည် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရ
Published 12 March 2016
ရှိုင်းလင်းအောင်

ဒလမြို့နယ်၌ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသူကို မတ် ၁၁ ရက်ညပိုင်းတွင် သွားရောက်ဖမ်းဆီးရာ ပြန်လည်ခုခံသဖြင့် ရော်ဘာကျည် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
 
မတ် ၁၁ ရက်ည ၉နာရီခန့်တွင် ဒလမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သတင်းရရှိသဖြင့် ဒလမြို့နယ်၊ ဆာပါချောင်ရပ်ကွက်ရှိ ရေကန်အနီးသို့ သွားရောက်ရှာဖွေရာ ရေကန်အနီး၌ ဒလမြို့နယ်နေ အောင်မင်းသိန်း (၂၁ နှစ်) အားတွေ့ရှိသဖြင့် သက်သေများနှင့်အတူ ရှာဖွေရာ ၎င်းဝတ်ဆင်ထားသော ပုဆိုးခါးပုံစအတွင်းမှ အဖြူရောင် ပလတ်စတစ်ဘူးသေးဖြင့် ထည့်ထားသော ဘိန်းဖြူဟု ယူဆရသည့် အဖြူရောင်အမှုန့် အလေးချိန် သုည ဒသမ ၀၄ ဂရမ်ခန့် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
 
အောင်မင်းသိန်းသည်  ဘိန်းဖြူမှုန့်များကို ကျပ် ၁၂၀၀၀ ဖြင့် ဒလမြို့နယ်၊ ဝန်ထမ်းအိမ်ရာရပ်ကွက်နေ တွတ်ပီ (ခ) တင်ထွေးအောင်ထံမှ ဝယ်ယူခဲ့ကြောင်း ထွက်ဆိုသဖြင့် သွားရောက်ဖမ်းဆီးရာ တွတ်ပီ (ခ) တင်ထွေးအောင် (၃၀ နှစ်) အား ဒလမြို့နယ် ဝန်ထမ်းအိမ်ရာရပ်ကွက် နှင်းဆီလမ်းပေါ်တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းအားစစ်ဆေးဖော်ထုတ်ချက်အရ ဘိန်းဖြူများကို ဒလမြို့နယ် ကမာကဆစ်ရပ်ကွက်နေ အောင်ကြီး (ခ) အောင်အောင်ထံမှ ဝယ်ယူခဲ့ကြောင်း သိရသည်။
 
ကွင်းဆက်အရ အောင်ကြီး (ခ) အောင်အောင် (၂၃ နှစ်) ၏နေအိမ်သို့ ဖမ်းဝရမ်းဖြင့် ဝင်ရောက်ရှာဖွေ ဖမ်းဆီးစဉ် အောင်ကြီး (ခ) အောင်အောင်မှာ အဖမ်းမခံဘဲ နေအိမ်နောက်ဘက် အိမ်သာအနီးသို့ ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးရာ ၎င်းသည် နေအိမ်နောက်ဘက် မှောင်ရိပ်အတွင်းမှ အရှည် ၂၁ လက်မခန့်ရှိ သစ်သားတုတ်လုံးတွင် နှစ်လက်မခွဲခန့်ရှိ အိမ်ရိုက်သံ ၄၅ ချောင်း ရိုက်ထည့်ထားသော တုတ်လုံးဖြင့် ရဲတပ်ဖွဲ့ဝင်များအား ပြန်လည်ခုခံ ရိုက်နှက်သဖြင့် Pump Action (ရော်ဘာကျည်) သေနတ်ဖြင့် တစ်ချက်ပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
 
“အဲဒီအချိန်မှာ မီးကပျက်နေတယ်။ ကျွန်တော်တို့က အရှေ့က ဝင်မယ်ရှာမယ်ပေါ့။ အဲဒီအချိန်မှာ သူကထွက်ပြေးပြီး လက်ထဲမှာ လက်နက်တစ်ခု ကိုင်သွားတယ်။ မှောင်နေတဲ့အတွက် ဓားမှန်းမသိ၊ တုတ်မှန်း မသိဘူး။ ရဲတွေကိုလည်း ပြန်ပြီးရန်ပြုတော့ ခြောက်လှန့်ပြီး ပစ်လိုက်တာ။ ဒီသေနတ်က လူကိုသေစေတဲ့ သေနတ်လည်း မဟုတ်ဘူး။ ရော်ဘာကျည်ဆိုတော့ အထဲမှာ ရော်ဘာဘောစေ့ ကိုးလုံးလောက်ပါတယ်။ လူကိုထိရင်လည်း အသားနာသွားရုံလောက် သွေးထွက်ရုံလောက်ပဲ။ ခန္ဓကိုယ်ထဲ ဝင်သွားတာမျိုး မဟုတ်ဘူး” ဟု ဒလမြို့နယ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးက မတ်၁၂ ရက်မွန်းလွဲပိုင်းတွင် ပြောကြားသည်။
 
ရော်ဘာကျည်ဖြင့် ပစ်ခတ်ခြင်းခံရသည့် အောင်ကြီးအား ဒလမြို့နယ်ဆေးရုံသို့ ပို့ဆောင်ကာ ရရှိခဲ့သည့် အရေပြားပွန်းပဲ့ဒဏ်ရာကို ကုသပေးခဲ့ကြောင်း သိရသည်။
 
ယင်းဖြစ်စဉ်မှ ဖမ်းဆီးရမိခဲ့သည့် အမျိုးသားသုံးဦးအား မူးယစ်ဆေးဝါး သုံးစွဲထားခြင်း ရှိမရှိ ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံတွင် ဆေးစစ်လျက်ရှိကြောင်း သိရသည်။
 
ယင်းသို့ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့သဖြင့် အောင်မင်းသိန်း၊ တွတ်ပီ (ခ) တင်ထွေးအောင်နှင့် အောင်ကြီး (ခ) အောင်အောင်တို့ သုံးဦးအား ဒလမြို့မရဲစခန်း မယ(ပ)၄/၂၀၁၆၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆(ဂ)/၂၁ ဖြင့်လည်းကောင်း၊ သွားရောက်ဖမ်းဆီးသူ ရဲတပ်ဖွဲ့ဝင်များအား ပြန်လည်ခုခံရန်ပြုသူ အောင်ကြီး (ခ) အောင်အောင်အား ဒလမြို့မရဲစခန်းက (ပ) ၁၂၀/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၅၃ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။          

Most Read

Most Recent