ပြည်တွင်း ပြည်ပဈေးကွက် ဝယ်လိုအား ကောင်းနေသော်လည်း ပြည်တွင်း၌ ပုစွန်သားဖောက် စခန်းများ မရှိသလောက် နည်းပါးလာခြင်းကြောင့် ပုစွန်မွေးမြူရေး လုပ်ငန်းရှင်များအတွက် အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
“အခက်အခဲကတော့ သားပေါက်ကို ကိုယ်လိုချင်တဲ့ အချိန်မရဘူး။ မလိုတဲ့အချိန်ကျ ရတယ်။ ကိုယ်လိုချင်တဲ့ အရေအတွက်လည်း မရဘူး။ အဲဒီတော့ ထုတ်လုပ်မှု ကျဆင်းတာပေါ့” ဟု ပုစွန်မွေးမြူရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာ ဦးကျော်ထွန်းမြင့်က ပြောကြားသည်။
ထို့ပြင် ယခုနောက်ပိုင်း သဘာဝဘေးအန္တရာယ်များနှင့် ရောဂါပိုးမွှား ထူပြောလာခြင်းကြောင့်ပုစွန်မွေးမြူရေး လုပ်ငန်းများ ထိခိုက်မှု ပိုများလာကြောင်း သိရသည်။
ပုစွန်သားဖောက်လုပ်ငန်းများသည် ယခင်က ပြည်တွင်း၌ ရှိခဲ့သော်လည်း သားဖောက်စခန်းများ၌ ပုစွန်သားပေါက်များကို ရှင်သန်အောင် ပြုစုနိုင်သည့် နည်းပညာ လိုအပ်ချက်ကြောင့် ယခုနောက်ပိုင်း မရှိသလောက် နည်းပါးသွားပြီး ပုစွန်သားဖောက်စခန်း ၂၀ ခန့်ရှိခဲ့ရာမှ လက်ရှိတွင် ငါးခုခန့်သာ ကျန်ရှိတော့ကြောင်း သိရသည်။
“လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဒီမှာ ရေချိုရော၊ ရေငန်ရော ရှိတယ်။ ဒါပေမဲ့ ရောဂါပိုးတွေဝင်တာကြောင့် ဖျက်လိုက်တာ သုံးနှစ်လောက်ရှိပြီ။ ဝန်ကြီးဌာနကလဲ ဘာအလုပ်မှ မလုပ်ဘူး။ ဘာလို သားဖောက်လို့ မရတာလဲ။ နိုင်ငံခြားက ပညာရှင်တွေ၊ နည်းပညာတွေ ယူရမယ်။ ဘာလို့ မရယူတာလဲ။ မွေးမြူရေးသမားတွေက အဲဒါကို ပြောနေကြတာ။ သူတို့ကတော့ ဘတ်ဂျက်မကိုက်လို့၊ ဝန်ထမ်းမရှိလို့ ဘာလို့ညာလို့ ပြောတာပေါ့” ဟု ငါးမွေးမြူရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသန်းလွင်က ပြောကြားသည်။
ပုစွန်သားပေါက်များကို ထိုင်းနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ အများဆုံး တင်သွင်းကြောင်း သိရသည်။
နည်းပညာ လိုအပ်ချက်ကြောင့် ပြည်တွင်း၌ ပုစွန်သားဖောက်စခန်း နည်းလာ၍ မွေးမြူရေး လုပ်ငန်းရှင်များအတွက် အခက်တွေ့










