အသေးစား အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်က SMEs လုပ်ငန်းရှင်များအား ၂၀၁၂ ခုနှစ်မှ စတင်ချေးခဲ့သည့် ကျပ်ဘီလျံ ၃၀ ကိုလက်ရှိအချိန်အထိ လုပ်ငန်းရှင် ၄၂၇ ဦးအား ထုတ်ချေးထား

အသေးစား အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်က SMEs လုပ်ငန်းရှင်များအား ၂၀၁၂ ခုနှစ်မှ စတင်ချေးခဲ့သည့် ကျပ်ဘီလျံ ၃၀ ကိုလက်ရှိအချိန်အထိ လုပ်ငန်းရှင် ၄၂၇ ဦးအား ထုတ်ချေးထား
Published 12 March 2016
အေးမြတ်မွန်

အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်က SMEs လုပ်ငန်းရှင်များအား ၂၀၁၂ ခုနှစ်မှ စတင်ချေးပေးသည့် ကျပ်ဘီလျံ ၃၀ တွင်လက်ရှိအချိန်ထိ လုပ်ငန်းရှင် ၄၂၇ ဦးအား ထုတ်ချေးပေးပြီးဖြစ်ကြောင်း အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
 
လက်ရှိတွင် အသေးစား၊ အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်က ချေးငွေချေးပေးရန် ကျပ်ရှစ်ဘီလျံကျော် ကျန်ရှိနေသေးကာ လုပ်ငန်းရှင်များကို ဆက်လက်ချေးပေးသွားမည်ဖြစ်ကြောင်း အသေးစား အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ် (SMIDB) မှသိရသည်။
 
ချေးငွေထုတ်ချေးရာတွင် အစိုးရက အဆိုပါဘဏ်သို့ ၂၀၁၂ ခုနှစ်တွင် ကျပ် ၁၀ ဘီလျံ၊ ၂၀၁၃ ခုနှစ်တွင် ကျပ်ဘီလျံ ၂၀ ကိုလုပ်ငန်းရှင်များအား ချေးပေးရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် လုပ်ငန်းရှင်ပေါင်း ၄၂၇ ဦးကို ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။
 
ယင်းသို့ချေးငွေ ထုတ်ချေးခြင်းကို သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်အလိုက် ထုတ်ချေးခြင်းဖြစ်ကာ တိုင်း၊ ပြည်နယ်အစိုးရ၏ ထောက်ခံချက် ရရှိသည့် လုပ်ငန်းရှင်များကို ထုတ်ချေးပေးခြင်းဖြစ်ကြောင်း သိရသည်။
 
“၂၀၁၂ ခုနှစ်ကတည်းက စတင်ချေးပေးခဲ့တဲ့ ကျပ်ဘီလျံ ၃၀ အနက်မှာ လုပ်ငန်းရှင်ပေါင်း ၄၂၇ ဦးကို ထုတ်ချေးပြီးဖြစ်ပါတယ်။ ကျန်တဲ့ငွေတွေကိုလည်း လုပ်ငန်းရှင်တွေကို ထပ်ချေးပေးဖို့ လုပ်ဆောင်နေပါတယ်” ဟု SMIDB ဘဏ် ဥက္ကဋ္ဌ ဒေါက်တာ သန်းထွန်းက ပြောကြားသည်။
 
ချေးငွေချေးလိုသည့် လုပ်ငန်းရှင်များ အနေဖြင့် သက်ဆိုင်ရာ တိုင်းပြည်နယ်အစိုးရ၏ ထောက်ခံချက် ပြုလုပ်ထားရန်လိုအပ်ပြီး ယင်းသို့ထောက်ခံချက် ရရှိပြီးမှသာ SMIDB ဘဏ်မှ ထုတ်ချေးပေးကြောင်း သိရသည်။
 
အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်မှ တစ်ဆင့်ချေးငွေများ ထုတ်ချေးပေးရာတွင် တစ်နှစ်အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပြီး အပေါင်ပစ္စည်းပေါ် မူတည်ကာ အနည်းဆုံးကျပ်သိန်း ၅၀ မှ အများဆုံး ကျပ်သိန်း ၁၀၀၀ အထိ ထုတ်ချေးကာ ယင်းချေးငွေကို သုံးနှစ်အတွင်း ပြန်ဆပ်ရမည်ဖြစ်သည်။
 
ထို့ပြင် JICA မှတစ်ဆင့်လည်း အသေးစား၊ အလတ်စား လုပ်ငန်းများကို ချေးငွေချေးပေးလျက်ရှိကာ ပထမအသုတ် ချေးငွေကို ရန်ကုန်၊ ပဲခူး၊ ရှမ်းပြည်နယ်တို့မှ လုပ်ငန်းရှင် ၁၁ ဦးအား ကျပ်ငါးဘီလျံကို ကျပ်သိန်း ၄၈၀၀၀ ကျော်ထုတ်ချေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
 
ယင်းသို့ JICA မှတစ်ဆင့် ချေးယူမည့် ချေးငွေများအတွက် အသေးစားနှင့် အလတ်စား၊ စက်မှုလက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်တွင် JICA ချေးငွေဌာန ဖွင့်လှစ်ပေးထားကြောင်း သိရသည်။

Most Read

Most Recent