ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းမှ ၂၀၁၆ ခုနှစ်အတွင်း ဒုတိယအဆင့် ပလက်ဖောင်းလေးခုနှင့် ထုတ်လုပ်ရေးတွင်းသစ် ၃၅ တွင်းတူး၍ နှစ်ကုန်ပိုင်းတွင် တွင်းသစ်များမှ စတင်ထုတ်လုပ်မည်

ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းမှ ၂၀၁၆ ခုနှစ်အတွင်း ဒုတိယအဆင့် ပလက်ဖောင်းလေးခုနှင့် ထုတ်လုပ်ရေးတွင်းသစ် ၃၅ တွင်းတူး၍ နှစ်ကုန်ပိုင်းတွင် တွင်းသစ်များမှ စတင်ထုတ်လုပ်မည်
Published 11 March 2016
နီလာ

မုတ္တမကမ်းလွန်ရှိ ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းမှ ၂၀၁၆ ခုနှစ်အတွင်း ဒုတိယအဆင့် ပလက်ဖောင်းလေးခုနှင့် ထုတ်လုပ်ရေးတွင်းသစ် ၃၅ တွင်းတူးမည် ဖြစ်ကြောင်းနှင့် အဆိုပါ တွင်းသစ်များမှ ယခုနှစ်ကုန်ပိုင်းတွင် စတင်ထုတ်လုပ်မည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။“ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းက အဆင့်သုံးဆင့်တူးမှာ ဖြစ်ပါတယ်။ ပထမအဆင့်မှာ ၃၆ တွင်းတူးထားတာ။ အဲဒီအထဲက မျှထုတ်နေတာပေါ့။ နားတဲ့တွင်းကနားပြီး ထုတ်တဲ့တွင်းက ထုတ်ပေါ့ အဲဒါက Phase-1 ပေါ့။ အခုနောက်တစ်ခုက Ph-ase-2။ အခုဆိုရင် Ph-ase-2 ကပလက်ဖောင်းတွေ ဆောက်ပြီးသွားပြီ။ ပလက်ဖောင်းလေးခု၊ စပြီးတူးတော့မယ်။ အဲဒီတော့ ဒီနှစ်မှာ ၃၅ တွင်း ဆက်တိုက်တူးမှာ။ ၃၅ တွင်းတူးပြီးရင် ဒီနှစ်ကုန် ရှေ့နှစ်ထဲမှာ စထုတ်ပြီ” ဟု စွမ်းအင်ဝန်ကြီးဌာနမှ အကြံပေး ဦးသန်းထွန်းက ပြောကြားခဲ့သည်။အဆိုပါ ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းမှ လောလောဆယ်တွင် တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၃၅၀ ကျော်၊ ၃၆၀ ဝန်းကျင် ထုတ်လုပ်လျက်ရှိကြောင်း၊ ယင်းတို့အနက်မှ ပြည်တွင်းသုံးစွဲမှုအတွက် တစ်နေ့လျှင် ကုဗပေသန်း ၁၀၀ ပို့လွှတ်ပြီး ထိုင်းနိုင်ငံသို့ တစ်နေ့လျှင် ကုဗပေသန်း၂၆၀ ခန့် တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။“ဇောတိကမှာ တွင်းသစ်တွေထပ်တူးတယ် ဆိုပေမယ့် ပေးမှာကတော့ အတူတူပဲ။ သတ်မှတ်တဲ့ ကာလအတိုင်း ထုတ်မှာမို့သာ လိုတဲ့တွင်းတွေကို သူ့အချိန်နဲ့သူ တူးတာ။ တိုးပေးဖို့ မဟုတ်ပါဘူး။ တူးပြီးရင် ဖြည့်ပြီးထုတ်သွားမှာပါ။ ဆိုလိုတာက လက်ရှိတူးပြီးသား တွင်းတွေက အဲဒီအချိန်ကျရင် လျော့သွားမှာလေ။ လျော့သွားတဲ့နေရာ ဖြည့်ပေးတဲ့ သဘောပဲ။ ပေးရမယ့်ပမာဏကို မလျော့အောင် ပြန်ဖြည့်တဲ့သဘောဖြစ်ပြီးတော့ အသစ်ပိုပေးဖို့ မဟုတ်ပါဘူး” ဟု ဦးသန်းထွန်းက ဆက်လက်ပြောကြားခဲ့သည်။အဆိုပါ စီမံကိန်းတွင် လက်ရှိအချိန်တွင် ဒုတိယအဆင့် ထုတ်လုပ်ရေးတွင်းများ ထပ်မံတူးဖော်ပြီး ၂၀၁၈ ခုနှစ်တွင်လည်း တတိယအဆင့် Phase-3 ကို ပလက်ဖောင်းသုံးခု ထပ်ဆောက်မည်ဖြစ်ပြီး တွင်း ၂၆ တွင်းတူးကာ သတ်မှတ်ထားသည့်နှုန်းအတိုင်း ဆက်လက်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းတွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) မှရာခိုင်နှုန်း၂၀ နှင့် ထိုင်းနိုင်ငံ PTTEP ကုမ္ပဏီမှ ရာခိုင်နှုန်း ၈၀ ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent