ပြည်ပပို့ကုန် အုပ်စုခုနစ်မျိုးတွင် စက်မှုကုန်ချော ပစ္စည်းများ တင်ပို့မှုမှ ဒေါ်လာငါးဘီလျံကျော်ဖြင့် ဝင်ငွေအများဆုံး ရရှိနေ

ပြည်ပပို့ကုန် အုပ်စုခုနစ်မျိုးတွင် စက်မှုကုန်ချော ပစ္စည်းများ တင်ပို့မှုမှ ဒေါ်လာငါးဘီလျံကျော်ဖြင့် ဝင်ငွေအများဆုံး ရရှိနေ
Published 11 March 2016

မြန်မာနိုင်ငံမှ ပြည်ပတင်ပို့နေသည့် ပို့ကုန်အုပ်စု ခုနစ်မျိုးတွင် စက်မှုကုန်ချော ပစ္စည်းများ တင်ပို့မှုမှ ဝင်ငွေအများဆုံး ရရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကုန်သွယ်မှုဆိုင်ရာ စာရင်းများအရ သိရသည်။မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ပို့ကုန်များ တင်ပို့ရာတွင် ဆန်အပါအဝင် လယ်ယာထွက်ကုန်များ၊ ရေထွက်ပစ္စည်းများ၊ တိရစ္ဆာန်ထွက် ပစ္စည်းများ၊ ကျောက်စိမ်း အပါအဝင် သတ္တုတွင်းထွက်များ၊ သစ်တောထွက်ပစ္စည်းများ၊ သဘာဝဓာတ်ငွေ့ အပါအဝင် စက်မှုကုန်ချော ပစ္စည်းများနှင့် အခြားပို့ကုန်များဟူ၍ အုပ်စုခုနစ်မျိုးခွဲကာ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါပို့ကုန် အုပ်စုခုနစ်မျိုးအနက် စက်မှုကုန်ချောပစ္စည်း တင်ပို့မှုမှ ဒေါ်လာငါးဘီလျံကျော်ဖြင့် အများဆုံး ရရှိခဲ့ကြောင်း သိရသည်။သဘာဝဓာတ်ငွေ့၊ ချုပ်ပြီးအထည်များ တင်ပို့မှုအပါအဝင် စက်မှုကုန်ချော ပစ္စည်းများ ပြည်ပတင်ပို့မှုမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီမှ မတ် ၄ ရက်အထိ ဒေါ်လာငါးဘီလျံကျော်အထိ ရရှိနေပြီး ယခင်ဘဏ္ဍာနှစ် တင်ပို့မှု ရရှိငွေထက် ဒေါ်လာသန်း ၅၈၀ ကျော်လျော့နည်းရရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။အဆိုပါ ကာလအတွင်း ပြည်ပပို့ကုန် အုပ်စုများမှ ဝင်ငွေရရှိမှု အခြေအနေမှာ လယ်ယာထွက်ကုန်မှ ဒေါ်လာ ၂၂၉၆ ဒသမ ၄၅၁ သန်း၊ တိရစ္ဆာန်ထွက်ပစ္စည်းအုပ်စုမှ ဒေါ်လာ  ၇ ဒသမ ၃၃၈ သန်း၊ ရေထွက်ကုန် အုပ်စုမှ ဒေါ်လာ ၄၂၂ ဒသမ ၈၀၃ သန်း၊ သတ္တုတွင်းထွက်ပစ္စည်း အုပ်စုမှ ဒေါ်လာ ၉၄၉ ဒသမ ၄၅၆ သန်း၊ သစ်တောထွက် ပစ္စည်းအုပ်စုမှ ဒေါ်လာ ၁၈၇ ဒသမ ၇၇၅ သန်း၊ စက်မှုကုန်ချောအုပ်စုမှ ဒေါ်လာ ၅၂၃၆ ဒသမ ၀၇၁ သန်း၊ အခြားပို့ကုန်အုပ်စုမှ ဒေါ်လာ ၁၀၀၁ ဒသမ ၅၄၀ သန်းရရှိခဲ့သဖြင့် စက်မှုကုန်ချောအုပ်စုမှ ပို့ကုန်ဝင်ငွေ အများဆုံး ရရှိခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် ဖွဲ့စည်းပုံမှာ ပင်မထုတ်ကုန် အနည်းငယ် အပေါ်၌သာ မှီခိုအားထားနေရပြီး ယင်းထုတ်ကုန်များမှာ သယံဇာတများ၊ သဘာဝဓာတ်ငွေ့၊ ကျွန်းသစ်နှင့် စိုက်ပျိုးရေး၊ ရေထွက်ကုန် စသည်များဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံ၏ ကုန်သွယ်မှု လုပ်ငန်းများကို ပုံမှန်ကုန်သွယ်ရေး (ပင်လယ်ရေကြောင်း) နှင့် နယ်စပ်ကုန်သွယ်မှု စခန်းများမှ ဆောင်ရွက်နေပြီး  ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ကုန်သွယ်မှုပမာဏ အများဆုံး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်ရေး ဆောင်ရွက်ရာတွင် မြန်မာ-တရုတ် နယ်စပ်တွင် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ လွယ်ဂျယ် နယ်စပ်စခန်းများမှ လည်းကောင်း၊ မြန်မာ-ထိုင်းနယ်စပ်တွင် မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်/ထီးခီး၊ ကျိုင်းတုံ၊ မောတောင် စခန်းများမှ လည်းကောင်း၊ မြန်မာ-အိန္ဒိယ နယ်စပ်တွင် တမူး၊ ရိဒ်စခန်းများမှ လည်းကောင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် စစ်တွေ၊ မောင်တော စခန်းများမှ လည်းကောင်း ကုန်သွယ်မှု ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent