လာမည့်အစိုးရသစ်သည် နိုင်ငံရေးအရ အားကောင်းသည့် အစိုးရဖြစ်သဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာနိုင်ပြီး စီးပွားရေးလုပ်ငန်းများတွင်လည်း အခြေအနေကောင်းများ ရှိလာမည်ဟုဆို

လာမည့်အစိုးရသစ်သည် နိုင်ငံရေးအရ အားကောင်းသည့် အစိုးရဖြစ်သဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာနိုင်ပြီး စီးပွားရေးလုပ်ငန်းများတွင်လည်း အခြေအနေကောင်းများ ရှိလာမည်ဟုဆို
Published 11 March 2016
နီလာ

လာမည့်အစိုးရသစ်သည် နိုင်ငံရေးအရ အားကောင်းသည့် အစိုးရဖြစ်သဖြင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာနိုင်ကြောင်း၊ ထို့ပြင် စီးပွားရေးလုပ်ငန်းများတွင်လည်း အခြေအနေကောင်းများ ရှိလာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။“လာမယ့်အစိုးရသည် ပြည်သူ့ဆန္ဒနဲ့အညီ နိုင်ငံသားတွေက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရဖြစ်တဲ့အတွက် နိုင်ငံရေးအရ အားကောင်းတဲ့ အစိုးရဖြစ်ပါတယ်။ အဲဒီအတွက် နိုင်ငံတကာရော ပြည်တွင်းကရော စီးပွားရေးလုပ်ငန်းတွေ အခြေအနေကောင်းတွေ ရှိလာမယ်လို့ သုံးသပ်နိုင်ပါတယ်”ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံကော်မရှင်မှ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက သုံးသပ်ပြောကြားခဲ့သည်။မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏကို ရာခိုင်နှုန်းဖြင့် လေ့လာကြည့်ပါက ယခုနှစ်အတွင်း ဝင်ရောက်လာသည့် လုပ်ငန်းများ၏ ၃၉ ရာခိုင်နှုန်းမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှဖြစ်ပြီး ဆက်သွယ်ရေးကဏ္ဍမှ ရာခိုင်နှုန်း ၃၀ အထိရှိခဲ့ကာ စက်မှုလုပ်ငန်းများမှ ဝင်ရောက်မှုမှာ ၁၆ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းကဏ္ဍတွင် သမ္မတဦးသိန်းစိန် အစိုးရသစ်လက်ထက် ငါးနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၅၈၀၀ ကျော်ဖြင့် အများဆုံး ဝင်ရောက်ခဲ့ကြောင်း၊ ဒုတိယအများဆုံးအနေဖြင့် စက်မှုလုပ်ငန်း ကဏ္ဍဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၄၇၀၀ ကျော်အထိ ဝင်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရသည်။ထို့ပြင် ဆက်သွယ်ရေးကဏ္ဍတွင်မူ  အမေရိကန် ဒေါ်လာ သန်း ၃၇၀၀ ကျော်အထိ ဝင်ရောက်ခဲ့ကြောင်းလည်း သိရသည်။    မြန်မာနိုင်ငံသို့ ဝင်ရောက်လာမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် နှစ် ၂၀ စာ Foreign Direct Investment Promotion Master Plan ရေးဆွဲထားပြီးဖြစ်ကြောင်း သိရသည်။ အဆိုပါ Master Plan အရ နှစ်အလိုက် လျာထားသည့် ရင်းနှီးမြှုပ်နှံမှုပမာဏများ သတ်မှတ်ထားပြီးဖြစ်ကြောင်း ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်အတွက် ဒေါ်လာခြောက်ဘီလျံ သတ်မှတ်ထားပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက်ကိုလည်း ဒေါ်လာခြောက်ဘီလျံ ရရှိရန် လျာထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။“လာမယ့်အရပ်သားအစိုးရလက်ထက်မှာ ပိုပြီးပွင့်လင်းလာမယ်လို့ အားလုံးကလည်း မျှော်လင့်နေကြပါတယ်။ အားလုံးကလည်း ဒီအပြောင်းအလဲကို ကြိုဆိုကြတယ်ဗျာ။ အဲဒီတော့ ကျွန်တော်တို့ဆီမှာ လာပြီးပိုပြီး အလုပ်လုပ်ချင်ကြမှာပေါ့။  ပြည်တွင်းလုပ်ငန်းရှင်တွေရော နိုင်ငံခြားလုပ်ငန်းရှင်တွေရော အားလုံးကပိုပြီး လုပ်သာကိုင်သာရှိတဲ့ အနေအထားတစ်ရပ်ဖြစ်လာမယ်ဆိုရင် လူတိုင်းကပိုပြီးတော့ ကြိုးစားလာကြမှာပေါ့”ဟု သီလဝါ အထူးစီးပွားရေးဇုန်တွင် ဝင်ရောက်လုပ်ကိုင်နေသည့် အမေရိကန်ကုမ္ပဏီ Ball ၏ Country Manager ဦးမင်းတလဉာဏ်က ပြောကြားခဲ့သည်။“၂၀၁၄၊ ၂၀၁၅ လောက်စပြီး ပြည်တွင်းမှာ ကုန်ထုတ်လုပ်ငန်းတွေလုပ်ဖို့ ဥပမာ-သီလဝါ အထူးစီးပွားရေးဇုန်လိုမျိုးမှာ ကုန်ထုတ်လုပ်ငန်းတွေလုပ်ဖို့ ပြည်တွင်းကရော ပြည်ပကပါ ရင်းနှီးမြှုပ်နှံမှုတွေဝင်လာတယ်။ သီလဝါက လုပ်ငန်းတွေဆိုရင် ဒီ ၂၀၁၆ မှာ စပြီး ထုတ်လုပ်ကြတော့မယ်။ လုပ်သာကိုင်သာ ရှိတဲ့အခြေအနေတွေဖန်တီးပေးမယ်ဆိုရင် ပြည်တွင်းထုတ်လုပ်မှုက အများကြီးတက် လာမှာပါ။  ဒီလိုအခြေအနေကောင်းတွေကို လာမယ့် အစိုးရလက်ထက်မှာ ပိုပြီးရှိလာမယ်လို့ မျှော်လင့်ပါတယ်"ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

Most Read

Most Recent