ဘဏ္ဍာနှစ် ကုန်ခါနီးသော်လည်း ကုမ္ပဏီ ၁၀၀ ကျော်က နိုင်ငံတော်သို့ ပေးသွင်းရန် ရွှေပိဿာချိန် ၁၁၀ ကျော် ကျန်ရှိ

ဘဏ္ဍာနှစ် ကုန်ခါနီးသော်လည်း ကုမ္ပဏီ ၁၀၀ ကျော်က နိုင်ငံတော်သို့ ပေးသွင်းရန် ရွှေပိဿာချိန် ၁၁၀ ကျော် ကျန်ရှိ
Published 10 March 2016
ချမ်းမြေ့သူ

ဘဏ္ဍာနှစ် ကုန်ခါနီးသော်လည်း ကုမ္ပဏီ ၁၀၀ ကျော်က နိုင်ငံတော်သို့ ပေးသွင်းရန် ရွှေပိဿာချိန် ၁၁၀ ကျော် ကျန်ရှိနေသေးကြောင်း အမှတ်(၂) သတ္တုတွင်း လုပ်ငန်းမှ သိရသည်။
အဆိုပါ ရွှေပိဿာချိန်မှာ သတ္တုတွင်း ဝန်ကြီးဌာန၊ အမှတ် (၂) သတ္တုတွင်းလုပ်ငန်းနှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စနစ်ဖြင့် ရွှေသတ္တုအသေးစား ထုတ်လုပ်မှုလုပ်ငန်းအား စာချုပ်ချုပ်ဆို လုပ်ကိုင်ကြသည့် ကုမ္ပဏီများက လုပ်ငန်းသဘောတူ စာချုပ်အရ နိုင်ငံတော်သို့ ပေးသွင်းရန် ကျန်ရှိနေသည့် ရွှေစင်များဖြစ်ကြောင်း သိရသည်။
အမှတ် (၂) သတ္တုတွင်း လုပ်ငန်းအနေဖြင့် ရွှေသတ္တုအသေးစား ထုတ်လုပ်သည့် လုပ်ငန်းအား စာချုပ်ချုပ်ဆို လုပ်ကိုင်ကြသည့် ကုမ္ပဏီများကို ရွှေပေးသွင်းရန် ကျန်ရှိပါက နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် ကြေညာခြင်း ပြုလုပ်လျက်ရှိကာ လာရောက်ဆက်သွယ်သည့် ကုမ္ပဏီများ၏ ပေးသွင်းရန်ကျန်ရှိသည့် ရွှေအလေးချိန် ပမာဏကို သတ်မှတ်ကာလအလိုက် ပေးသွင်းနိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။
"ရွှေပေးသွင်းဖို့ ကျန်ရှိတဲ့ကုမ္ပဏီတွေကို လာရောက်ဆက်သွယ်နိုင်ဖို့ အကြောင်းကြားတယ်။ အဲဒီထဲကမှ လာရောက်ဆက်သွယ်တဲ့ ကုမ္ပဏီတွေကို ပေးသွင်းရမယ့်စာရင်းတွေ တွက်ချက်ပြီး သူတို့ဘက်က ပေးသွင်းနိုင်မယ့် အနေအထားမျိုးဖြစ်အောင် ညှိနှိုင်းပေးပါတယ်။ တချို့ကလည်း အရစ်ကျပုံစံမျိုး ပေးသွင်းကြတယ်။ အရင်က ကျန်ရှိနေတဲ့ ပိဿာ ၂၀၀ ဝန်းကျင်ကနေ အခုအချိန်အထိကို တချို့ကလည်း ပြတ်ပြီ၊ တချို့ကလည်း ပေးသွင်းနေတာတွေ၊ အချို့ကလည်း စာရင်းပယ်ဖျက်ရမှာတွေ ရှိနေတော့ အားလုံးပြန်ကြည့် လိုက်တဲ့အခါ ကျန်တာက ပိဿာ ၁၂၀ ဝန်းကျင်လောက် ကျန်သေးတာပေါ့။ အဲဒါက လက်ရှိအခြေအနေမှာ ရှင်းဖို့ကျန်တာပေါ့။ အကယ်၍များ လက်ရှိဘဏ္ဍာနှစ်ကုန်တဲ့ အချိန်မှာ လာပြီးမသွင်းဘူးဆိုရင် အားလုံးကို တရားရင်ဆိုင်ဖို့ပဲ ရှိတော့တယ်။ ကုမ္ပဏီက ၁၀၀ ကျော်လောက် ကျန်နေတာ" ဟု အမှတ် (၂) သတ္တုတွင်းလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး ဖြစ်သည့် ဦးဘုန်းမြင့်က ပြောကြားသည်။
၂၀၁၆ နှစ်ကုန်ပိုင်းအထိ နိုင်ငံတော်သို့ ရွှေအသေးစား ထုတ်လုပ်သည့် ကုမ္ပဏီများက ပေးသွင်းရန် ရွှေပိဿာချိန် ၂၀၀ ခန့် ကျန်ရှိနေခြင်းဖြစ်ကာ အမှတ် (၂) သတ္တုတွင်းလုပ်ငန်းက ပေးသွင်းရန်ရှိသည့် ကုမ္ပဏီများကို အကြောင်းကြားမှုများ ပြုလုပ်ခဲ့သည့် အတွက် အချို့ကုမ္ပဏီများက အပြီးသတ်ပေးသွင်းမှုများ ပြုလုပ်ကာ အချို့မှာ အရစ်ကျပြန်လည် ပေးသွင်းမှုများ ပြုလုပ်ခဲ့သည်။
အမှတ် (၂) သတ္တုတွင်း လုပ်ငန်းက ရွှေပေးသွင်းရန် အကြောင်းကြားခဲ့သည့် ကုမ္ပဏီများအနက် ကုမ္ပဏီသုံးခုမှာ ပေးသွင်းမှု မရှိသဖြင့် တရားစွဲဆိုအရေးယူမှု ပြုလုပ်ထားကြောင်း သိရသည်။ ဆက်လက်၍ ပေးသွင်းခြင်း မရှိသည့် ကုမ္ပဏီများကိုလည်း စစ်ဆေးလျက်ရှိပြီး အရေးယူရန် ဆောင်ရွက်မှုများရှိကြောင်း သိရသည်။
နိုင်ငံတော်သို့ ရွှေပေးသွင်းရန် ကျန်ရှိသည့် ကုမ္ပဏီများသည် ယခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အပြီးသတ် ပေးသွင်းရမည်ဖြစ်ကာ လုံးဝပေးသွင်းခြင်း မရှိသည့် ကုမ္ပဏီများကို ဘဏ္ဍာနှစ် ကုန်ဆုံးချိန်တွင် အရေးယူမှု ပြုလုပ်မည်ဟု သိရသည်။        
 

Most Read

Most Recent